ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ပတဲကောရဲ့ ကျန်းမာရေးကောင်းကျိုးများ

23/09/2022 09:40 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Galangal 

သိပ္ပံအမည် - Alpinia officinarum

ပတဲကောဟာ ဆေးဖက်ဝင်တဲ့ နှစ်ရှည်ပင်တစ်မျိုး ဖြစ်ပါတယ်။ အနံ့အရသာအားဖြင့် အတော်အသင့် ပြင်းပြီး ပူ၊ စပ်၊ ခါး အရသာရှိတာကြောင့် ဟင်းခတ်အမွှေးအကြိုင် အနေနဲ့လည်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ပတဲကော အမြစ်ဟာ ဥပုံသဏ္ဍာန်ရှိပြီး ဂျင်းတက်၊ နနွင်းတက် စတာတွေနဲ့ ဆင်တူပါတယ်။ ဥရဲ့ အပေါ်ယံမျက်နှာပြင်ကိုတော့ အမြှေးဖတ်တွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ ပတဲကောမှာ ပတဲကောကြီးနဲ့ ပတဲကောလေးဆိုပြီး နှစ်မျိုးရှိပါတယ်။ 

သူ့ရဲ့ မူရင်းဒေသကတော့ အာရှတောင်ဘက်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာတော့ ပတဲကောကို ရိုးရာသဘာဝဆေးအနေနဲ့ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုနဲ့ အသက်ရှုလမ်းကြောင်းရောဂါတွေ ကုသရာမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။ ပတဲကောရဲ့ အာနိသင်တွေဟာ နာကျဥ်ကိုက်ခဲမှုတွေကို ပျောက်စေနိုင်ပြီး အအေးမိခြင်းကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။  

ပတဲကောဥ အတက်အနုကလေးတွေကို ဓားနဲ့ပါးပါးစဉ်းပြီး အခြားသောဟင်းခတ် အမွှေးကြိုင်များနဲ့ အတူ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ပါက စပ်ပြင်းတဲ့ ဟင်းအရသာကို ရရှိမှာ ဖြစ်ပါတယ်။ ပတဲကောကို ဆိတ်ဖူး၊ စပါးလင်၊ ရှောက်ရွက်၊ ငါး၊ ကြက်သား စတာတွေနဲ့ ရောစပ်ပြီး မုန့်တီဟင်းရည် ပြုလုပ်ရာမှာလည်း ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။ ဒါ့အပြင် ထိုင်းဟင်းလျာ အုန်းနို့ကြက်သားဟင်းရည်၊ ပုဇွန် ချဉ်စပ်ဟင်းရည် စတဲ့ ဟင်းလျာတွေထဲမှာလည်း ပတဲကောကို ထည့်သွင်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ပတဲကောကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ ဟင်းလျာတွေ ချက်ပြုတ်ရာမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ယခုဆောင်းပါးမှာတော့ ပတဲကောရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ခြင်း 

ပတဲကောမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရောဂါဘယတွေကို တိုက်ထုတ်ပေးနိုင်ပြီး ခန္ဓာကိုယ်တွင်း ဆဲလ်တွေမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပတဲကော ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၇၁၊ ပရိုတင်း ၆ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၈၅ ရာခိုင်နှုန်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် အေ၊ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ အိုင်းယွန်းနဲ့ မဂ္ဂနီစီယမ်ဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပိုလီဖီနော (polyphenols) လို့ခေါ်တဲ့ ဓာတ်တွေပါဝင်နေတာကြောင့် မှတ်ဥာဏ်ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်တွေ လျော့နည်းအောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုလီဖီနောဓာတ်တွေဟာ စိတ်ကျရောဂါ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ပတဲကော ကဲ့သို့ ဂျင်းနဲ့ နနွင်းမှာလည်း ပိုလီဖီနောဓာတ်တွေ ပါဝင်နေတာကြောင့် ၎င်းတို့ကိုအသုံးပြုခြင်းဖြင့်လည်း ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း 

ပတဲကောဟာ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုလာကြပါတယ်။ လေ့လာမှုတွေအရ ပတဲကောအမြစ်မှာ ဂယ်လန်ဂျင် (Galangin) လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး ၎င်းတို့ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ပြန့်ပွားမှုတွေကိုလည်း လျော့နည်းစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အူမကြီး ကင်ဆာဖစ်စေတဲ့ ဆဲလ်တွေကို ထိရောက်စွာကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော လေ့လာမှုတွေမှာတော့ ရင်သားကင်ဆာ၊ အရေပြားကင်ဆာနဲ့ အသည်းကင်ဆာတွေကိုပါ ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် ပတဲကောနဲ့ ကင်ဆာရောဂါ ဆက်စပ်မှုတွေကို ပိုပြီးတိတိကျကျ သိရှိနိုင်ဖို့အတွက် သုတေသနတွေကို ထပ်လုပ်ဖို့ လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။ 

ကိုယ်ခံအား ကောင်းစေခြင်း

ပတဲကောကို ဟင်းလျာတွေထဲမှာ မကြာခဏထည့်သွင်း စားသုံးခြင်းဖြင့် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် စီ ဓာတ်ကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။  ဗီတာမင်စီဟာ သံဓာတ်စုပ်ယူမှုကို အားကောင်းစေရုံသာမက သွေးလည်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီဟာ ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေအားလုံး ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက်လည်း အဓိကကျတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ 

နှလုံးကျန်းမာရေး ကောင်းစေခြင်း

ပတဲကောမှာ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်နေခြင်းဟာ သွေးဖိအားကို ပုံမှန်အတိုင်းရှိနေစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဓာတ်တွေဟာ နှလုံးကြွက်သားတွေရဲ့ လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်သလို မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပတဲကောကို ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ကြွက်သားများ ကြွက်တက်ခြင်းကို ပြေလျော့စေခြင်း

ပတဲကောမှာ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်နေခြင်းဟာ ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျန်းမာမှုကို အထောက်အပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ မဂ္ဂနီစီယမ်ဓာတ်တွေဟာ ကြွက်သား ကြွက်တက်တာကို ကာကွယ်ပေးနိုင်တဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးတဲ့နောက် လက်မောင်းနဲ့ ခြေထောက်မှာရှိတဲ့ ကြွက်သားတွေ တင်းမာတာမျိုးဖြစ်တဲ့အခါ ပတဲကောအမှုန့်ကို ရေနွေးအနည်းငယ်ရောပြီး လိမ်းပေးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုတွေ ကြွက်သားတင်းတာမျိုးတွေကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ 

အရေပြားရောင်ရမ်းမှုများကို လျော့ချပေးနိုင်ခြင်း 

ပတဲကောမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရေပြားဆဲလ်တွေ တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ဓာတ်တွေ ပါဝင်နေတာကြောင့် ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်တတ်တဲ့ အရေပြား နီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖလေဗိုနွိုက် (flavonoid) မြင့်မားစွာ ပါဝင်နေခြင်းဟာ အရေပြားပေါ်မှာ ဝက်ခြံ၊ အမာရွတ်များနဲ့ အမည်းစက်များကို လျော့ပါးစေပြီး အရေပြားယားယံမှုများကိုလည်း မဖြစ်ပွားစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: 

https://www.healthline.com/  

https://www.netmeds.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်