ဒုတိယ ဂျင်ဆင်း (သို့မဟုတ်) ကျောက်ကူလန်ရဲ့ အကျိုးကျေးဇူးများ

19/10/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Jiaogulan 

ရုက္ခဗေဒအမည် - Gynostemma pentaphyllum

ကျောက်ကူလန်ဟာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ များစွာရှိနေတာကြောင့် ဒုတိယဂျင်ဆင်း၊ အသက်ရှည်ဆေးစသည်ဖြင့် တင်စားခေါ်ဝေါ်ကြတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကူလန်ကို လက်ဖက်နွယ်ပင်၊ နတ်သမီးဆေးပင်၊ တောင်ပိုင်းဂျင်ဆင်းပင်၊ တရုတ်လက်ဖက်ခြောက် ဆိုပြီးတော့လည်း လူသိများတာ ဖြစ်ပါတယ်။

သူ့ရဲ့ မူရင်းဒေသကတော့ တောင်ထူထပ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်း ဒေသနဲ့ အာရှတိုက်ဒေသအချို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးအနေနဲ့ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီး ဘူး၊ ဖရုံ၊ သခွား၊ ဖရဲ စတဲ့ အပင်များကဲ့သို့ Cucurbitaceae မျိုးရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး တွေရှိနေတာကြောင့် ဆေးဖက်ဝင် လက်ဖက်ခြောက်အနေနဲ့ရော ဆေးအမှုန့်အနေနဲ့ရော ဆေးတောင့်အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ကျောက်ကူလန်ကို အသုံးပြုထားတဲ့ သဘာဝဆေးဝါးတွေကို မြန်မာနိုင်ငံမှာလည်း အလွယ်တကူ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ 

တရုတ်လူမျိုးတွေကတော့ ကျောက်ကူလန်ကို “အသက်ရှည်စေတဲ့အပင်” လို့ ခေါ်ကြပြီး နုပျိုစေတဲ့ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဖိစီးမှုတွေကို တွန်းလှန်နိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့လည်း ဆိုကြတာဖြစ်ပါတယ်။ ဆေးဖက်ဝင်အပင်ပညာရှင်တွေကတော့ ကျောက်ကူလန်ဟာ ခန္ဓာကိုယ်ကိုထိခိုက်တာမျိုး (သို့မဟုတ်) မညီမျှတာမျိုး မဖြစ်စေဘဲ ကျန်းမာရေးအတွက် ပံ့ပိုးပေးနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ၎င်းကို adaptogen အဖြစ်နဲ့ အမျိုးအစားခွဲခြားထားတာလည်း ဖြစ်ပါတယ်။

၎င်းရဲ့ အရွက်တွေမှာ polysaccharides၊ plant sterols၊ flavonoids၊ ginsenosides နဲ့ saponins စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများအပြား ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဇိုင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဂျင်ဆင်းမှာပါဝင်နေတဲ့ အာဟာရဓာတ်တွေအတိုင်း ကျောက်ကူလန်မှာ အပြည့်အဝမပါဝင်ပေမယ့်လည်း  ကျန်းမာရေးကောင်းကျိုးတွေ များစွာရှိနေတာကြောင့် ဂျင်ဆင်းအစားထိုးအနေနဲ့လည်း အသုံးပြုနိုင်တယ်လို့ ဆိုကြပါတယ်။ ယခုဆောင်းပါးမှာတော့ ကျောက်ကူလန်ကို အသုံးပြုခြင်းဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

စွမ်းအင်မြှင့်တင်ရန် ကူညီပေးနိုင်ခြင်း 

ကျောက်ကူလန်ဟာ ပင်ပန်းနွမ်းနယ်မှုတိုက်ဖျက်ဖို့၊ အာရုံစူးစိုက်မှုနဲ့ သက်လုံကောင်းစေဖို့အတွက် အထောက်အကူ ပြုနိုင်တာ ဖြစ်ပါတယ်။ ၎င်းဟာကဖိန်းဓာတ်ကင်းစင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ကျန်းမာရေးကို အထောက် အကူပြုစေနိုင်တဲ့ အခြားဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် စွမ်းအင်တိုးစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဟာ အဆီလောင်ကျွမ်းမှုနဲ့ စွမ်းအင်ထုတ်လွှတ်တဲ့ ဇီဝဖြစ်စဉ်တွေကိုလည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။  

စိတ်ဖိစီးမှုများ လျော့နည်းသက်သာစေခြင်း

ကျောက်ကူလန်ဟာ adaptogen အဖြစ် လုပ်ဆောင်နိုင်ပြီး သဘာဝအတိုင်း ပြန်လည်နုပျိုစေတဲ့ အာနိသင်တွေပါရှိတဲ့အပင် ဖြစ်တယ်လို့ ရှေးယခင်ကတည်းက ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းဟာ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိစေပြီး ဟန်ချက်ညီမှုကို ထိန်းရာမှာလည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ Adaptogen ဟင်းသီးဟင်းရွက်တွေဟာ သခန္ဓာကိုယ်ရဲ့ အဓိကဖိစီးမှုဟော်မုန်းဖြစ်တဲ့ cortisol အပါအဝင် အခြားစိတ်ဖိစီးမှ ုဟော်မုန်းတွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တာကြောင့် နာတာရှည် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်စိတ် ဖြစ်ပေါ်ခြင်းတွေကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုဟော်မုန်းတွေ ပမာဏ အမြောက်အများ ထုတ်လွှတ်တဲ့အခါ အိပ်ရေးမဝခြင်း၊ အစာမကြေခြင်းနဲ့ ဇီဝဖြစ်စဉ်ကျန်းမာရေးကဲ့သို့ လက္ခဏာ များစွာကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ 

နှလုံးသွေးကြောကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ခြင်း 

ကျောက်ကူလန်ဟာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့အပြင် သွေးပေါင်ချိန်ပြောင်းလဲခြင်း ကဲ့သို့သော စိတ်ဖိစီးမှုရဲ့ ဆိုးကျိုးများကို လျှော့ချပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အကျိုးပြုနိုင်တာလည်း ဖြစ်ပါတယ်။ ကျောက်ကူလန်မှာ saponins လို့ ခေါ်တဲ့ ဒြပ်ပေါင်းပါဝင်နေခြင်းဟာ သွေးလည်ပတ်မှုကိုတိုးစေပြီး ကျန်းမာကောင်းမွန်စေတဲ့ ကိုလက်စထရောပမာဏကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို လျှော့ချပေးနိုင်ခြင်း 

ဆေးဖက်ဝင် ကျောက်ကူလန်ကို လက်ဖက်ခြောက်ရေနွေးကြမ်းအနေနဲ့ သောက်သုံးခြင်းဖြင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ ပန်းနာရင်ကျပ်ရောဂါနဲ့ နာတာရှည်လည်ချောင်းနာပြီး ရောဂါပိုးဝင်ခြင်းကဲ့သို့သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျော့နည်းသွားစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ အချို့သော သုတေသန ပြုချက်တွေအရ ၎င်းဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပြီး ဓါတ်မတည့်မှုတွေကိုလည်း လျော့ကျစေခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုများအရ ကျောက်ကူလန်ဟာ တီ (T) နဲ့ ဘီ (B) ဆဲလ်များကို လှုံ့ဆော်ပေးခြင်းဖြင့် အပြုသဘောဆောင်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုတွေကို မြှင့်တင်နိုင်ကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ 

*တီ (T) ဆဲလ် ဆိုတာဟာ ရောဂါပိုး သို့မဟုတ် ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးနိုင်တာဖြစ်ပြီး ဘီ (B) ဆဲလ် ဆိုတာကတော့ ရောဂါကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ 

အသည်းရဲ့ လုပ်ဆောင်ချက်များကို အထောက်အကူပြုခြင်း 

အချို့သောလေ့လာမှုတွေအရ ကျောက်ကူလန်ဟာ အဆိပ်အတောက်ဖြစ်စေမှုတွေကို လျှော့ချပေးနိုင်ပြီး  ကျန်းမာတဲ့ အသည်းရဲ့လုပ်ဆောင်မှုကို ပံ့ပိုးပေးနိုင်သလို အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးတဲ့ ရောဂါတွေ ကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ နောက်ထပ် သေးငယ်တဲ့ ကျပန်းလက်တွေ့စမ်းသပ်မှု တစ်ခုမှာတော့ ကျောက်ကူလန်ကနေ ထုတ်ယူရရှိတဲ့ သဘာဝပစ္စည်း ၈၀ မီလီလီတာ ကို လေးလကြာတဲ့အထိ သတ်မှတ်ထားတဲ့ အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးပြီးတဲ့နောက် ခန္ဓာကိုယ်ထုထည်အညွှန်းကိန်းနဲ့ အသည်းအဆီဖုံးတာတွေ လျော့ကျသွားစေပြီး အင်ဆူလင်ခံနိုင်ရည်ရှိမှုဆိုင်ရာ သတ်မှတ်ချက်တွေလည်း လျော့နည်းသွားကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ 

ကင်ဆာကို တိုက်ဖျက်ရာတွင် အကျိုးသက်ရောက်မှုများ ရှိနေခြင်း 

ကျောက်ကူလန်မှာ polysaccharides အပါအဝင် အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေခြင်းဟာ ကင်ဆာဆဲလ်တွေ ရွှေ့ပြောင်းခြင်းနဲ့ ကျူးကျော်ဝင်ရောက်ခြင်းတွေကို ဟန့်တားပေးနိုင်ကြောင်း အထောက်အထားအချို့ တွေ့ရှိရတာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကျောက်ကူလန်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းခြင်းတွေကို ဆန့်ကျင်နိုင်တဲ့ အာနိသင်တွေရှိပြီး မလိုလားအပ်တဲ့ ဆဲလ်တွေ သေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး DNA ကိုပြန်လည်ပြုပြင်နိုင်ဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။  ဒါ့အပြင် ၎င်းဟာ အူမကြီးကင်ဆာအပါအဝင် ကင်ဆာအမျိုးအစားအချို့ကိုပါ ကာကွယ်ပေးနိုင်ကြောင်း ဆက်စပ်မှုတွေ  ရှိနေတာ လည်း ဖြစ်ပါတယ်။

ဆီးချိုရောဂါကို ဆန့်ကျင်သော အာနိသင်ရှိခြင်း 

အချို့သော သုတေသနတွေမှာတော့ ကျောက်ကူလန်မှာ တွေ့ရှိရတဲ့ gypenosides ဟုခေါ်သော ဒြပ်ပေါင်းတွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ခုခံမှုကို တွန်းလှန်နိုင်တဲ့အတွက် ဆီးချိုရောဂါကို ဆန့်ကျင်တဲ့ အာနိသင်တွေရှိနေကြောင်း သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့ လုပ်ဆောင်ပုံတွေကို ဆက်လက်လေ့လာဖို့ ကျန်ရှိနေသေးပြီး လက်ရှိအချိန်မှာတော့ ၎င်းအား ဆီးချိုရောဂါကုထုံးတွေနဲ့ ကုသရာမှာ တွဲဖက်အသုံးပြုဖို့ အကြံပြုထားတာလည်း ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref:

https://draxe.com/nutrition/gynostemma-jiaogulan/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်