တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ (အပိုင်း - ၄ ) မြေပဲအဆန်ပြည့်ဖို့..ဘာလိုအပ်မလဲ??

22/06/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မကွေးတိုင်းဒေသကြီးမှာ နှမ်း၊ မြေပဲ၊ နေကြာ၊ ဆီထွက်သီးနှံတွေကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးလျက်ရှိကြပါတယ်။

စာရေးသူ ရောက်ရှိကွင်းဆင်းခဲ့တဲ့နေရာကတော့ မကွေးတိုင်း အနောက်မြောက်ပိုင်း၊ ချောက်၊ ညောင်ဦးနယ်ဖြစ်ပါတယ်။

ဒီဒေသမှာတော့ ဇူလိုင်ပဲလို့ခေါ်တဲ့ ဝါဆိုမြေပဲကို အဓိက အားထားစိုက်ကြပါတယ်။ အောက်ခံ သဲဆန်မြေအမျိုးအစားမို့ မြေပဲသီးနှံနဲ့ ကိုက်ညီပါတယ်။ သို့သော်.. 

- သဘာဝ မြေသြဇာထည့်သွင်းမှုနည်းခြင်း

- ဓာတ်မြေသြဇာကို အဓိကအားပြုခြင်း

- မိုးရွာသွန်းမှုနည်းခြင်း

- အစိုဓာတ်ကြာရှည်မထိန်းနိုင်ခြင်း

ပိုးမွှား၊ ရောဂါ၊ ပေါင်း မနိုင်ခြင်း ..စတဲ့ အားနည်းချက်များက  ရသင့်တဲ့အထွက်နှုန်းထက် လျော့စေပါတယ်။

ဒါကြောင့်လည်း တောင်သူပညာပေး ဆွေးနွေးရာမှာ..

အခြေခံအကျဆုံးအချက်ဖြစ်တဲ့  "မြေပြုပြင်ရေးနည်းလမ်း” ကို ဦးစွာ ရှင်းလင်းဆွေးနွေးရပါတယ်။

ဟောပြောပွဲပြုလုပ်တဲ့နေရာက ရွာလယ်ဓမ္မာရုံထဲမှာဆိုတော့ လောကုတ္တရာ တရားသံလေး တွေ ညှပ်ပြီး ပြောရသေးတယ်။

"ကျနော့ပရိတ်သတ်ကို ..တခုလောက် မေးကြည့်မယ်..ဗုဒ္ဓဘာသာရဲ့ ဦးတည်ချက်ပန်းတိုင်က..ဘာလဲဗျာ” လို့  စာရေးသူမေးတော့..

ရုတ်တရက်ကြီး မေးလို့လား.. ၊ မဖြေရဲလို့လားတော့  မသိ။  ငေးသာကြည့်နေကြတယ်၊  မ ဖြေကြဘူးဗျာ။

ဟုတ်မှာပဲလေ...၊ သားရေး၊ သမီးရေး၊ စားဝတ်နေရေးဆိုတဲ့  အရေးပေါင်းများစွာနဲ့ လုံးပမ်း နေရတာဆိုတော့လည်း...

“နိဗ္ဗာန်မဂ်ဖိုလ်၊ ရက်တိုတိုနဲ့ ရနိုင်ရောက်နိုင်ပါလို၏ “ ဆိုတာ...မေ့နေတာ မဆန်းဘူးပေါ့ နော။

ဆိုလိုချင်တာက..နိဗ္ဗာန်သွားဖို့၊ မဂ္ဂင်လမ်းကို သိလည်းသိ၊ ကျင့်လည်းကျင့်မှ ရသလို...

လောကီမှာလည်း.. တောင်သူတွေမှာ...သီးနှံအထွက်နှုန်းတိုးရေး..ဆိုတဲ့ပန်းတိုင်ကို ရောက်ဖို့ဆိုရင်.. မြေမှန်၊ မျိုးမှန်၊ နည်းလမ်းမှန် ဆိုတဲ့ စိုက်ပျိုးရေးအခြေခံနည်းပညာကို သိလည်းသိ၊ လက်တွေ့လည်း ဆောင်ရွက်ဖို့ မလိုဘူးလားဗျာ..

သဘောပါရဲ့လား..?

ရှင်းကော..ရှင်းရဲ့လား?..(ရှင်းပါတယ်..ဘုရား)

ဪ..တရားပွဲနဲ့လည်း.. ရောနေပြီ ဂေါပကကြီးရဲ့။

မထူးပါဘူးဗျာ  .တရားဆက်ဟောကြတာပေါ့...။

ဗုဒ္ဓ က ဟောခဲ့တယ်၊ လောကမှာ အကြောင်းနဲ့အကျိုး နှစ်မျိုးပဲရှိတယ်..လို့။

အကြောင်းမကောင်းရင်...အကျိုးမကောင်းနိုင်ဘူး။

“အကြောင်းကောင်းမှ၊ အကျိုးကောင်းမယ်" ဆိုခဲ့ရင်..

မြေကြီးဆိုတဲ့ အကြောင်းမကောင်းပဲနဲ့ အထွက်နှုန်းနဲ့ အရည်အသွေးဆိုတဲ့ အကျိုးကောင်းနိုင်ပါ့မလား..။

ဒါကြောင့်.. အပင်ကောင်းချင်ရင်.. မြေကိုပြင်ပါ.. လူကို ကောင်းစေချင်ရင်..စိတ်ကိုပြင်ပါ..လို့ ဆရာဦးသာပိုပြောတာ မှတ်သားဖူးပါတယ်ပေါ့..။

မြေပြင်တယ်ဆိုတာဘယ်လိုလဲ..

"""""""""""""""""""""""""'''''''''''''''''

ထယ်ထိုး၊ ထွန်မွှေတာကို မြေပြင်တယ်လို့ မခေါ်ပါဘူး။

မြေချဥ်၊ မြေငန် ပြုပြင်ပေးတာကိုမှ မြေပြင်တယ်လို့ ခေါ်ပါတယ်။

မြေပြုပြင်ဖို့ဆိုတာ -

- မြေလယ်ဗယ် ညီအောင်ညှိရတယ်..

- မြေချဥ်၊ မြေငန် တိုင်းရတယ်။

ဖြစ်နိုင်ရင် မြေကြီးထဲမှာ အာဟာရနည်းခြင်း၊ များခြင်းကို သိအောင် မြေကြီးကို နမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ရပါတယ်။

ပီအိတ်ချ် ၅ ထက်နည်းနေပါက ထုံး၊ မဂ္ဂနီစီယမ်ဆာလဖိတ် ထည့်ရပါတယ်။

ပီအိတ်ခ်ျ ၈ ထက်များနေရင် ဆာလဖာပါသောဓာတ်မြေသြဇာ၊ သဘာဝမြေဆွေး၊ အီးအမ် ဘိုကာချီများ ထည့်ပေးရပါတယ်။

မကွေးတိုင်းလို မြေနီသဲဝန်းတွေမှာ သဘာဝမြေသြဇာနဲ့ ဂျစ်ဆန်ကျောက်မှုန့်များများ ထည့် ပေးရင် မြေပဲအထွက်နှုန်းကို တိုးစေပါတယ်။

ဘာကြောင့်လဲဆိုရင်.. မြေပဲက ကယ်လစီယံကို ကြိုက်တယ်၊ ဂျစ်ဆန်မှာ ကယ်လစီယံပါတာကိုး။

ဂျစ်ဆန်(Gypsum)ဆိုတာ ဘာတွေပါလဲ..

"""""""""""""""""""""""""""""""'''''''''''''''''''''''''

ဂျစ်ဆန် ဆိုတာ သဘာဝတွင်းထွက်ပစ္စည်းတမျိုးပါပဲ..။

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ရှင်မတောင် တောင်ခြေမှာ မြေကြီးထဲတူးကြည့်ရင် တွေ့နိုင်ပါတယ်။

ဂျစ်ဆန်(Gypsum)ကို ဓာတ်ခွဲကြည့်ရင်..

CaSo4.2H2Oဆိုပြီး ကယ်လစီယံလို့ ခေါ်တဲ့ထုံးရယ်၊ ဆာလဖာလို့ ခေါ်တဲ့ ကန့်ရယ်၊ ပြီး တော့ ရေမော်လီကျူး ၂ လုံးရယ် ပါ ပါတယ်။

ရှေးလူကြီးတွေ ပြောကြတယ်မို့လား..

ချဥ်ရင်ထုံးထည့်..

ငန်ရင် ကန့်ထည့်ဆိုတာ မြေချဥ်ရင်ထုံးထည့်ရတယ်..။

မြေငန်ရင် ကန့်ထည့်ရတယ်ပေါ့..။

ဂျစ်ဆန်မှာကျတော့ ထုံးရော၊ ကန့်ရော နှစ်မျိုးပါလို့..

မြေချဥ်၊ မြေငန် နှစ်မျိုးလုံးနဲ့ အဆင်ပြေအောင် တွဲဖက်နိုင်ပါတယ်..။

ရေ မော်လီကျူး ၂ လုံးပါလို့ အမြစ်ဇုန်မှာ အစိုဓာတ်ထိန်းအား ကောင်းစေပါတယ်။

ဂျစ်ဆန်(GYpsum)က မြေပဲသီးနှံကို ဘယ်လို အကျိုးပြုပါသလဲ..

""""""""""""""""""""""""""

ဂျစ်ဆန်မှာ ကယ်လ်စီယံ၂၄% နဲ့ ဆာလဖာ ၁၇% အကြမ်းဖျဥ်း ပါဝင်ပါတယ်။

မြေပဲစွယ်ချပြီးချိန်မှာ ကယ်လစီယံ အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။ မြေပဲတောင့်ဝန်းကျင်တဝိုက်မှာကယ်လစီယံ ရှိနေခြင်းဖြင့် အတောင့်ဖြစ်ဖို့၊ အစေ့အဆန် အောင်ဖို့ ကယ်လစီယံကို တိုက်ရိုက်စုပ်ယူရရှိစေပါတယ်။

ဒါ့အပြင် ကယ်လစီယံရရှိမှ မြေပဲပင်က ပိုတက်စီယံနဲ့ ဖော့စဖိတ်ကို ပိုမိုစားသုံးနိုင်တယ်လို့ဆိုပါတယ်။

ဆိုတော့ကား..

ဂျစ်ဆန်နဲ့ မြေပဲကတော့ လင်နဲ့မယားလို ခွဲခြားလို့ရမယ်မထင်ဘူးပေါ့ဗျာ။

 

ဂျစ်ဆန်ကို ဘယ်အချိန်ထည့်သင့်သလဲ

"""""""""""""""""""""""""""""""""""""

အိန္ဒိယ၊ ပါကစ္စတန် တောင်သူတွေဟာ ဂျစ်ဆန်ကို တဧက ၅၀၀ ပေါင် - ၁၀၀၀ ပေါင်အထိ အသုံးပြုတာ တွေ့ပါတယ်။

မစိုက်မီ နောက်ဆုံးထွန်ရေးမှာ တကြိမ်ထည့်ပြီး မြေပဲတလသားအရွယ် ဘောင်ကြားထဲထည့်ဖြူးပေးကြပါတယ်။

မြေပဲမှာ ကယ်လစီယံရှိမှ အဆန်ပြည့်ပါတယ်။

မြေပဲသီးတောင့်ထဲက အဆန်ဖြစ်ဖို့ ကယ်လစီယံဓာတ်အရေးကြီးပါတယ်။

ဥပမာ..တခုပေါ့ဗျာ..

သားသည်အမေ တယောက်ဟာ  ကလေး ၆ လ မပြည့်မီအထိ နို့တိုက်ပြီး မွေးရပါတယ်။

အခြားအစာ ကျွေးလို့မရသေးပါဘူး။

အဲသလိုပါပဲ။ မြေပဲတောင့်လေးကလည်း အထဲက အဆန်လေးဖြစ်ဖို့ ကယ်လစီယံ ဖြည့်စွက်စာ ကျွေးရပါတယ်။

ဒီအချိန်မှာ မိခင်က နို့မထွက်ရင်တော့  ဒီကလေး ကြီးထွားနိုင်ပါ့မလား..။

ဟုတ်ပါတယ်..မိခင်ကို နို့ထွက်စာ ကျွေးပေးဖို့ အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။

ဒီနေရာမှာ  နို့တိုက်မိခင်များ ဗဟုသုတရအောင် တခုလောက် ပြောပါရစေ..။

( ဟောပြောပွဲမှာ အမျိုးသမီးတွေများတော့  အတော်ပါပဲ..)

နို့မထွက်တဲ့ သားသည်အမေတွေအတွက်..

စာဆိုရှင် ဦးပုညရဲ့ နို့ထွက်လင်္ကာလေး မှတ်ထားကြပါဦး..ဆိုပြီး..

လင်္ကာလေးက...

“ သားသည်အမေ

နို့ရည်မလိုက်

ရှိသခိုက်လျှင်

နွားမြီးကိုခုတ်

နုပ်နုပ်စင်းလျက်

ကြောင်ပန်းရွက်ကို

သုံးခွက်တခွက်

ကျိုချက်တိုက်သော်....

သားသည်မိခင်

နို့လုံးရွှင်သည်

သူ့လင်စို့တော့

မကုန်တည်း".တဲ့။

မရယ်ကြနဲ့..ဗျ။ ကျနော်ပြောတာမဟုတ်ဘူး၊ စလေဦးပုည ရေးခဲ့တာ..။

ကဲ..ဒီတော့..လူတွေမှာ.မိခင်နို့ထွက်မှ  ကလေးကြီးထွားသလို..

မြေပဲမှာ..ဂျစ်ဆန်ထည့်မှ မြေပဲဆံပြည့်မယ်  ဆိုတာ... ပြောကြားရင်း တောင်သူဦးကြီးများ မြေပဲအထွက်နှုန်းနဲ့ အရည်အသွေးကောင်း၊ စျေးကောင်းရကြပါစေခင်ဗျာ..။

စေတနာများစွာဖြင့်..

ပျံလွှား(ပုလဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်