မိုးသည်းထန်စွာရွာပြီးချိန် စိုက်ခင်းထဲလုပ်ဆောင်ရမယ့် အချက် ၄ ချက်

29/11/2022 18:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ဆောင်းဝင်ချိန်ဖြစ်ပေမဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်၊ လေပွေလှိုင်းအရှိန်တွေကြောင့် မိုးရွာသွန်းမှု တွေကတော့ ဆက်ဖြစ်နေပါတယ်။ ဒီဇင်ဘာလဆန်းမှာဆိုရင်လည်း ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ချေ ရှိနေလို့ တချို့ဒေသတွေမှာ မိုးကြီးနိုင်မယ့်အခြေအနေလည်း ရှိနေတယ်လို့ မိုးလေဝသခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

 ဒီအချိန်ဟာ အချို့ဒေသတွေမှာ ဆောင်းသီးနှံစိုက် ကာလဖြစ်တာကြောင့် မိုးရွာခြင်းတွေက ဖျက်မိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အပျက်အစီးတွေ အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့အတွက် မိုးသည်းထန်စွာရွာပြီးချိန် စိုက်ခင်းထဲလုပ်ဆောင်ရမယ့် အချက် ၄ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

သီးနှံတွေစိုက်ပျိုးနေချိန်မှာ မိုးရွာတာဟာ တောင်သူတိုင်းမျှော်လင့်ကြတဲ့အရာပါ။ ဒါပေမဲ့ အများကြီး ရွာချတာ မျိုးတော့ မျှော်လင့်လို့ မကောင်းပါဘူး။ မိုးများလို့ အခင်းထဲ ဗွက်ထသွားပြီဆိုရင် အပင်တွေငယ်ရင် မျိုးစေ့တွေ နေရာရွေ့သွားနိုင်တယ်။ ပေါင်းပင်တွေပိုပွားလာနိုင်တယ်။ အပင်တွေကို ပုညှက်သွားစေပြီး သီးနှံအထွက်နှုန်းကို ထိခိုက်နိုင်ပါတယ်။ ရေဝပ်ချိန်ကြာပြီးများမယ်ဆိုရင်လည်း အမြစ်တွေကို ပုပ်စေနိုင်ပြီး ကြီးထွားမှုကို ထိခိုက်နိုင် ပါတယ်။ ရေဝပ်နေတဲ့မြေက အောက်စီဂျင်ကို အဝေးကို တွန်းထုတ်ပစ်နိုင်ပါတယ်။

အပင်တွေဆက်လက်ရှင်သန်ကြီးထွားဖို့ဆိုရင်လည်း အောက်စီဂျင်က လိုအပ်ပါတယ်။ အောက်စီဂျင် မရှိတော့ ဘူးဆိုရင် အပင်တွေက ရှင်သန်ဖို့ မလွယ်တော့ပါဘူး။ နက်နက်ဆင်းထားတဲ့ အမြစ်တွေက ပထမဦးဆုံး ဒုက္ခရောက်မှာဖြစ်ပြီးတော့ တိမ်တဲ့အမြစ်တွေက အစိုဓာတ် ဆက်လက်ရရှိနေမယ်ဆိုရင် ထိခိုက်တော့မှာပါ။

ရှေ့ရက်တွေကဆို တချို့ဒေသတွေ မိုးများသွားလို့ စိုက်ခင်းတချို့ ရေဖုံးသွားတာမျိုးဖြစ်ကုန်လို့ တော်တော် များများ ဒုက္ခရောက်ကြပါတယ်။ အရွက်တွေဝါတဲ့ အပင်ကဝါလို့ လဲတဲ့အပင်ကလဲလို့ပေါ့။

ဒီတော့ စိုက်ခင်းထဲကအပင်တွေမိုးမိများတဲ့အခါ ဘယ်လိုပြန်ပြီးဂရုစိုက်ရမလဲဆိုတဲ့အချက်လေးတွေကို သတိထားစေချင်လို့ ဖော်ပြပေးလိုက်တာပါ။

(၁) ရေသွင်းရေထုတ်မြောင်းကိုပိတ်ထားပါ

မိုးရွာနေချိန်မှာ ရေသွင်းတာတွေ ရှိနေတယ်ဆို ရပ်ထားရပါမယ်။ အစိုဓာတ်မြင့်မားနေမယ်ဆိုရင် အပေါ်မှာ ပြောခဲ့သလို မြေကြီးအောက်စီဂျင်ကိုဖယ်ထုတ်လိုက်နိုင်ပြီး အမြစ်တွေသေစေနိုင်ပါတယ်။ ရာသီဥတုပူနေချိန် မိုးရွာချလိုက်တဲ့အခါမျိုးမှာဆိုရင်လည်း အပင်တွေညှိုးခြောက်သွားတာ အရွက်တွေ အရောင်ပျက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၂) ရွှံ့တွေထဲလမ်းမလျှောက်ပါနဲ့

စိုက်ခင်းထဲ ရွှံ့နွံတွေဖြစ်နေမယ်ဆိုရင် ဒီအတိုင်းကြီးလမ်းဝင်မလျှောက်ပါနဲ့။ ဘောင်တွေကြားမှာ တစ်ခုခု ချပြီးတော့မှ လျှောက်တာမျိုးတွေ ပြုလုပ်ပေးရပါမယ်။ စိုနေတဲ့ မြေကိုတူးတာမျိုးတွေ လုပ်ခြင်းကနေလည်း ရှောင်ကြဉ်ရပါမယ်။ ခြောက်သွားအောင်စောင့်ပြီးမှသာ နောက်ပိုင်းအလုပ်တွေကို ဆက်လုပ်သင့်ပါတယ်။

(၃) မြေကျပ်ခြင်းမရှိအောင်လုပ်ဆောင်ပါ

မြေဖုံးပေးခြင်း (သို့) မြေဖုံးပင်တွေစိုက်ပျိုးထားတာကလည်း မြေကျပ်ခြင်းကို မဖြစ်အောင် လျှော့ချပေးပါတယ်။ မိုးရွာပြီးနောက်ပိုင်းမှာ မြေကျပ်တာတွေဖြစ်နိုင်တဲ့အတွက် ဖွဲပြာနဲ့ နွားချေးကိုရောပြီး စတီးထမင်းစားဇွန်း ၃ ဇွန်းလောက် အပင်ဘေးပတ်ချာလည်ပုံကာ ခါးဆွတဲ့ ကိရိယာလေးနဲ့ ဆွပေးနိုင်ပါတယ်။

(၄) အပင်လေးတွေကို ဂရုစိုက်ပေးခြင်း

စိုစွတ်တဲ့ ရာသီဥတုက အပင်တွေမှာနေထိုင်ပြီး ဆွေးမြည့်နေတဲ့အပင်တွေကို စားသုံးတဲ့ ခရုတွေကို အများကြီး ကျရောက်စေပါတယ်။ အဲ့ဒီခရုတွေကို လက်နဲ့ကောက်ဖယ်တာမျိုးတွေ ထောင်ချောက် ဆင်တာမျိုးတွေ လုပ်နိုင်ပါတယ်။ မင်နီစိုတားတက္ကသိုလ်ကတော့ ခရုတွေကို ဆပ်ပြာရည်နဲ့ စိမ်ပြီး နှစ်သတ်ခြင်း၊ ထုချေသတ်ခြင်း၊ ၅ - ၁၀ ရာခိုင်နှုန်းပျော်ဝင်နေတဲ့ အမိုနီးယားပျော်ရည် ဖျန်းသတ်ခြင်း၊ ခရုတွေကို ခွက်တစ်ခုထဲကိုထည့်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာတွေနဲ့ မျှားကာ သတ်ခြင်းတွေ လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။

သတိထားရမှာကတော့ ရောဂါတွေက ရေကနေပြီးလည်း ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေဆီ ကူးစက်နိုင်တာပါပဲ။ ကန်ဆတ်ပြည်နယ်က တက္ကသိုလ်ကတော့ ဝါနေတဲ့အသီးနဲ့ အရွက်တွေကိုမစားရပါဘူးတဲ့။ မိလ္လာတွင်း၊ တိရစ္ဆာန်အညစ်အကြေးတွေပါဝင်နေတဲ့”ရေ” ထိတွေ့ခဲ့ဖူးတဲ့ အသီးတွေဆိုလည်း မစားပါနဲ့လို့ ဆိုထားပါတယ်။

ref: https://www.farmanddairy.com/top-stories/how-to-manage-your-garden-after-too-much-rain/267001.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်