အလှလည်းစိုက် ဆေးဖက်လည်းဝင် ရေဝါးပင်

20/02/2022 15:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Inchplant, Wandering Jew, Spiderwort 

ရုက္ခဗေဒအမည် - Tradescantia zebrina 

ရေဝါးပင်ဆိုလို့ ဝါးမျိုးရင်းဝင်အပင်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ ဝါးမျိုးရင်းဝင်အပင် မဟုတ်ပါဘူး။ ရေဝါးပင်ဟာ မီးကွင်းဂမုန်းပင်နဲ့ မျိုးရင်းတူတဲ့ အပင်ဖြစ်ပါတယ်။

ရေဝါးပင်ဟာ ကျောက်ကပ်အတွက်ကောင်းစေတယ်၊ ဆေးဖက်ဝင်တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အပင်လည်းဖြစ်ပါတယ်။

 အပင်စိုက်ပျိုးသူတွေကြားမှာတော့ မြက်ကြွပ်ပြာပင် ဆိုပြီးတော့လည်း ခေါ်ဆိုကြပါသေးတယ်။

 သူ့ရဲ့မျိုးကွဲတွေက ၁၂ မျိုးလောက်ထိရှိပေမယ့် အပင်စိုက်ပျိုးသူတွေကြားမှာတော့ အဓိကအားဖြင့် မျိုးကွဲ ၃ - ၄ မျိုးလောက်ကိုပဲ စိုက်ပျိုးတာတွေ့ရပါတယ်။

 ရေဝါးပင်ဟာ အကြမ်းခံသလို စိုက်ပျိုးပြုစုရတာလည်း လွယ်ကူပါတယ်။ ဒါ့အပြင် အသင့်စိုက်ပျိုးပြီးသား ဝယ်ယူမယ်ဆိုရင်လည်း ဈေးနှုန်းအားဖြင့်သက်သာသလို ၎င်းရဲ့လှပတဲ့ အရွက်တွေကြောင့် အပင်စိုက်ပျိုးသူတွေကြားမှာ လူကြိုက်များတဲ့ အပင်လည်းဖြစ်ပါတယ်။

 ဒီအပင်ဟာ မြေပေါ်မှာကပ်ပြီးပေါက်ရောက်နိုင်သလို၊ ပန်းအိုးတွေ၊ ချိတ်ဆွဲအလှအိုးတွေနဲ့လည်း အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ 

၎င်းရဲ့ မူရင်းဒေသကတော့ မက္ကစီကို၊ အမေရိကအလယ်ပိုင်းနဲ့ ကိုလံဘီယာ နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အပူပိုင်းရာသီဥတု ရှိတဲ့ဒေသတွေမှာ ရှင်သန်ပေါက်ရောက်နိုင်ပါတယ်။

 အပင်အမြင့်က ၆ လက်မကနေ ၉ လက်မလောက်အထိရှိနိုင်ပါတယ်။ ဘေးဘက်ကိုတော့ ၁ ပေကနေ ၂ ပေလောက်ထိ ဖြန့်ကျက်သွားနိုင်ပါတယ်။

ရေဝါးပင်ရဲ့ အရွက်တွေဟာ ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုရှိပြီး ခရမ်း၊ အစိမ်း၊ မီးခိုး၊ ငွေရောင်နဲ့ ကြေးရောင်ဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ 

သဘာဝအတိုင်းဆိုရင်တော့ ရေဝါးပင်ဟာ ပွင့်ဖတ် ၃ ခုပါတဲ့ အပွင့် ပွင့်လေ့ရှိပေမယ့် အိမ်တွင်း အလှစိုက် ပျိုးတဲ့အခါမှာတော့ ပန်းပွင့်တာကို ကြုံရခဲပါတယ်..။ ပွင့်မယ်ဆိုရင်တော့ ပန်းပွင့်တွေက မျိုးအပေါ်မူတည်ပြီး ခရမ်း၊ ပန်းရောင်နဲ့ အဖြူရောင်ဆိုပြီး တွေ့ရတတ်ပါတယ်။ 

အလင်းရောင် 

ရေဝါးပင်ကို အိမ်အတွင်းမှာစိုက်ပျိုးမယ်ဆိုရင် နေရောင်တိုက်ရိုက်မကျဘဲ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမျိုးမှာစိုက်ပျိုးသင့်ပါတယ်။ ပြူတင်းပေါက်လိုနေရာမျိုးမှာ ထားရင်တော့ အကောင်းဆုံးပါပဲ။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာကြာမယ်ဆိုရင်တော့ အရွက်တွေလောင်နိုင်ပါတယ်။ အရွက်ပေါ်မှာရှိနေတဲ့ အရောင်နဲ့ ပုံစံတွေ ဖျော့လာတယ်၊ အရောင်မှိန်လာတယ်ဆိုရင်တော့ အလင်းရောင်လုံလောက်စွာ မရကြောင်းဖော်ပြနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ 

မြေ 

ရေဝါးပင်ဟာ အက်စစ်ဓာတ်အနည်းငယ်ဆန်တဲ့ မြေမျိုးကို ကြိုက်နှစ်သက်ပါတယ်။ ရေစိမ့်ဝင်မှုကောင်းစေဖို့ အတွက် သဘာဝအော်ဂဲနစ်ပစ္စည်းတွေ ထည့်ပေးလို့ရပါတယ်။ ဒါမှမဟုတ်ရင် အလှစိုက်အပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အသင့်သုံးစပ်မြေတွေနဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။

ရေ 

ရေဝါးပင်ဟာ ရေဝပ်နေတာမျိုးမဟုတ်ဘဲ မြေအစိုဓာတ်ပုံမှန်ရှိနေတာမျိုးကို ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပါတယ်။ အပင်စိုက်ထားတဲ့ အိုးထဲမှာရှိတဲ့ အပေါ်ယံမြေသားရဲ့ ၁ - ၂ လက်မခန့်ဟာ ကောင်းစွာ ခြောက်သွေ့နေတယ် ဆိုရင်တော့ ရေလောင်းပေးသင့်ပါတယ်။ ဒါ့ကြောင့် မြေသားအခြေအနေကိုကြည့်ပြီး ရေကို ၃ ရက်တစ်ကြိမ် (သို့မဟုတ်) တစ်ပတ်လျှင် တစ်ကြိမ် လောင်းနိုင်ပါတယ်။ 

အပူချိန်နဲ့ စိုထိုင်းဆ

အပူချိန်ကတော့ ၁၈ ဒီဂရီစင်တီဂရိတ်ကနေ ၂၃ ဒီဂရီစင်တီဂရိတ်အတွင်းကို အကြိုက်နှစ်သက်ဆုံးဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပူနွေးတဲ့ရာသီဥတုရှိတဲ့ ဒေသတွေမှာလည်း ကောင်းစွာရှင်သန်နိုင်ပါတယ်။ ၁၀ ဒီဂရီစင်တီဂရိတ် အောက်မှာရှိတဲ့ နေရာတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ အရွက်တွေမှာအရောင်ပျက်ပြယ်သွားနိုင်ပြီး ထိခိုက်ပျက်စီးတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ ရေဝါးပင်ဟာ ပုံမှန်ထက်ကို အစိုဓာတ်ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေလောင်းတဲ့အပြင် ၁ ရက်ခြားလောက်ကို ရေဖျန်းတဲ့ဗူးနဲ့ အပင်ပေါ်ကို ဖျန်းပေးသင့်ပါတယ်။ အကယ်လို့ အရွက်တွေညိုလာတာမျိုးတွေ့ရမယ်ဆိုရင်တော့ အပင်စိုက်ပျိုးထားတဲ့ ပတ်ဝန်းကျင်ဟာ စိုထိုင်းဆနည်းနေပြီဆိုတာကို သတိပြုသင့်ပါတယ်။ 

မြေဩဇာ 

ရေဝါးပင်ရဲ့ အားသာချက်တစ်ခုကတော့ မြေဩဇာ အထူးတလည်ကျွေးစရာမလိုတာပဲ ဖြစ်ပါတယ်။ အပင်တွက် ပိုကောင်းအောင် ကျွေးချင်တယ်ဆိုရင်တော့ ဆန်ဆေးရည်လောင်းတာမျိုး၊ အီးအမ်ဖျော်ရည်လောင်းတာမျိုး၊ ကော်ဖီသောက်ပြီးကျန်ရှိတဲ့ ကော်ဖီအမှုန့်ထည့်ပေးတာမျိုး စသည်ဖြင့် သဘာဝပစ္စည်းလေးတွေ သုံးရင်ပဲ အဆင်ပြေနိုင်ပါတယ်။ 

အပင်ပွားခြင်း 

ရေဝါးပင်ဟာ အပင်ပွားရတာလည်း လွယ်ကူတဲ့အပင်ဖြစ်ပါတယ်။ အပင်ပွားမယ်ဆိုရင် အနည်းဆုံး အရွက် ၁ ရွက်ပါပြီး ၄ လက်မခန့်ရှိတဲ့ ပင်စည်ကိုဖြတ်ယူကာ  စပ်မြေအသင့်ရှိတဲ့ အိုးထဲမှာထိုးစိုက်ထားရမှာပါ။ အဲ့ဒီဖြတ်ထားတဲ့ အပိုင်းလေးကို ရေပုံမှန်လောင်းပေးဖို့တော့လိုအပ်ပါတယ်။ ဒါမှမဟုတ်  ဖြတ်ထားတဲ့ပင်စည် အပိုင်းလေးကို ရေထဲမှာစိမ်ထားမယ်ဆိုလည်း ရပါတယ်။ ရေစိမ်မယ်ဆိုရင်တော့ ၁ ပတ် ၁ ကြိမ်ခန့် ရေလဲပေး သင့်ပါတယ်။  ရက်သတ္တပတ်အနည်းငယ်အကြာမှာ အမြစ်ထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အမြစ်ထွက် လာပြီဆိုရင်တော့ မိမိစိုက်ပျိုးချင်တဲ့ ပုံစံနဲ့ နေရာအသစ်မှာ စိုက်ပျိုးနိုင်ပါတယ်။ ရေဝါးပင်ကို မြေပေါ်မှာ ချစိုက်မယ်ဆိုရင် ကြာလာတာနဲ့အမျှ အပင်အုံထူလာပြီး ချုံပုတ်ပုံစံဖြစ်လာနိုင်တာကြောင့် ပုံမှန်ညှပ်ပေးနိုင်မယ် ဆိုရင်တော့ အဆင်ပြေပါတယ်။ မြေမှာချစိုက်တဲ့အခါ သတိပြုသင့်တာက ဒီအပင်ဟာ ပွားတာမြန်တဲ့အတွက် အလှစိုက်ပင်ကနေ ပေါင်းပင်ကဲ့သို့ ဖြစ်လာနိုင်တာကြောင့် ပန်းအိုးနဲ့ထည့်စိုက်တာမျိုး၊ ချိတ်ဆွဲပြီး အလှစိုက် တာမျိုးတွေက ပိုသင့်တော်ကြောင်း အကြံပြုလိုပါတယ်။  

ရေဝါးပင်က တကယ်ပဲဆေးဖက်ဝင်သလား? 

ရေဝါးပင်ဟာ ကျောက်ကပ်အတွက်ကောင်းစေတယ်ဆိုပြီး အွန်လိုင်းမှာနာမည်ကြီးတဲ့ အလှစိုက်အပင် ဖြစ်ပါတယ်။ တချို့သောသူတွေလည်း စမ်းသပ်သုံးစွဲရင်းနဲ့ ဝေဒနာပျောက်ကင်းကြောင်း ပြန်လည်မျှဝေတာမျိုး တွေလည်း ရှိကြပါတယ်။ သိပ္ပံနည်းကျစမ်းသပ်ထားတာမျိုး ဟုတ် မဟုတ်မသိရတဲ့အတွက် စာရေးသူအနေနဲ့ ကတော့ အသုံးပြုနည်းကို မျှဝေသွားမှာ မဟုတ်ပါဘူး။ လေ့လာတွေ့ရှိမိသလောက် ကောင်းကျိုးလေးတွေကိုပဲ ဖော်ပြပေးသွားပါမယ်။ 

ရေဝါးပင်မှာဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် ရောင်ရမ်းမှုအချို့ကို တိုက်ဖျက်ပေးနိုင်တယ် လို့ သိရပါတယ်။ ဒါ့အပြင်ရေဝါးပင်ကို ဂျမေကာ၊ မလေးရှား၊ တရုတ်နဲ့ မက္ကစီကို နိုင်ငံတွေရဲ့ ရိုးရာဆေး တွေဖော်စပ်ရာမှာ အသုံးပြုကြတယ်လို့လည်း တွေ့ရှိပါတယ်။ လက်ဖက်ရည်ကြမ်းနဲ့ တွဲစပ်ပြီး အအေးမိတာ မျိုးတွေ၊ တီဘီရောဂါနဲ့ သွေးဖိအား ပြဿနာတွေ ကုသရာမှာလည်း အသုံးပြုကြတယ်လို့တွေ့ရှိရပါတယ်။ 

**စာဖတ်သူအနေနဲ့ ကျန်းမာရေးအတွက် အသုံးပြုမယ်ဆိုရင်တော့ သေချာတတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့မှ အသုံးပြုဖို့ အကြံပြုလိုက်ရပါတယ်။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

https://www.thespruce.com/ , https://www.progardentips.com/ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်