အလှစိုက်အပင်တွေမှာ ကြုံတွေရတတ်တဲ့ ပြဿနာများ

19/12/2023 16:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အိမ်တွင်းအလှစိုက်ပန်းပင်တွေ စိုက်ပျိုးတဲ့အခါ စိတ်အနှောက်အယှက် ဖြစ်ရဆုံးအရာကတော့ ပုံမှန်ရေလောင်း အစာကျွေးနေရင်းနဲ့ကို ကျန်းမာနေတယ်လို့ ထင်ရတဲ့ အပင်ဟာ တဖြည်းဖြည်းနဲ့ အရွက်တွေ ကြွေကျလာတာ၊ အပင်ညှိုးနွမ်းလာတာ၊ ကြီးထွားမှုရပ်တန့်သွားတာ၊  အရွက်တွေဝါလာတာနဲ့ အပင်သေဆုံးသွားတာမျိုးတွေ တွေ့ရတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီပြဿနာတွေအတွက် အရမ်းကြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ အပင်တွေမှာ ဖြစ်ပေါ်တတ်တဲ့ပြဿနာကို ရှာဖွေပြီး ပြုစုစောင့်ရှောက်မှု အနည်းငယ် ပြုလုပ်ပေးရုံနဲ့ ပြန်လည်ဖြေရှင်း ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင် ဆက်ပြီး လေ့လာကြည့်ရအောင်…

၁။ အပင်များ ရှည်ထွက်လာခြင်း

ဒီလက္ခဏာကိုတော့ များသောအားဖြင့် အလှဆင်စိုက်ပျိုးကြလေ့ရှိတဲ့ ကန္တာရဆူးပင် (ယောက္ခမခေါင်းအုံး၊ ကက်တက်စ်) (cactus) နဲ့ ဆာကူးလက်စ် (succulents) အပင်တွေမှာ သိသိသာသာ တွေ့ရလေ့ရှိပါတယ်။ အပင်တွေမှာ အခြားထိခိုက်ပျက်စီးတဲ့ လက္ခဏာတွေ မတွေ့ရပေမယ့် ပုံမှန်အရွယ်အစားကနေ သိသိသာသာ ရှည်ထွက်လာတာမျိုး၊ မူရင်းပုံစံ ပျက်သွားတာမျိုး၊ ပင်စည်ဟာ အလင်းရောင်များများ ရရှိရာဘက်ကို လှည့်သွားတာမျိုး တွေ့ရမယ်ဆိုရင်တော့ အပင်တွေဟာ လက်ရှိအနေအထားထက်ကို အလင်းရောင်ပိုလိုအပ်နေကြောင်း ပြောပြနေတာလည်း ဖြစ်ပါတယ်။ အချို့သော အပင်တွေမှာတော့ အလင်းရောင် ရရှိမှုနည်းတဲ့အခါမျိုးတွေမှာ အရွက်တွေ ကြွေကျတာမျိုး ဖြစ်ပေါ်နိုင်တာပါတယ်။ ဖော်ပြပါ အခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ ပန်းပင်တွေကို ပြတင်းပေါက်အနားမှာ ရွှေ့ပြောင်းပေးတာမျိုး၊ အလင်းရောင် ကောင်းကောင်းရရှိပြီး နေရောင်တိုက်ရိုက် မကျရောက်တဲ့ နေရာကို ရွှေ့ပြောင်းပေးတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ အပင်တွေကို အလင်းရောင်ရတဲ့နေရာမှာ ထားမယ်ဆိုရင်လည်း အပင်ရဲ့ တစ်ဖက်တည်းကိုပဲ နေရောင်ကျရောက်တာမျိုး မဖြစ်စေဖို့အတွက် အပင် (ပန်းအိုး) ကိုလှည့်ပေးနိုင်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ တကယ်လို့ မိမိရဲ့ နေအိမ် (သို့မဟုတ်) အခန်းဟာ အပင်တွက် အလင်းရောင် အလုံအလောက် မရနိုင်ဘူးဆိုရင်တော့ အပင်ကြီးထွားမှုကို အထောက်အကူဖြစ်စေနိုင်တဲ့ Grow Light တွေကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ 

၂။ အရွက်များ တွန့်လိပ်လာခြင်း

အပင်မှာ ပုံမှန်မဟုတ်တဲ့ ကြီးထွားမှု ပုံစံတွေကို တွေ့ရတာဟာ များသောအားဖြင့် ရောဂါနဲ့ ပိုးမွှားတွေ ကျရောက်နေခြင်းရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အကယ်လို့ အပင်တွေမှာ အရွက်တွေ  တွန့်လိပ်လာတာ ဒါမှမဟုတ် ပုံပျက်နေတာကို တွေ့ရလို့ သေချာစစ်ဆေးကြည့်မယ်ဆိုရင် ပိုးမွှားကျရောက်ထားတဲ့ လက္ခဏာတွေနဲ့ တခါတရံမှာ အဖျက်ပိုးမွှားတွေကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အကယ်လို့ အရွက်တွေပေါ်မှာ အမည်းရောင် အစက်အပြောက်တွေနဲ့ အဖြူရောင် အစက်အပြောက်တွေကို တွေ့ရမယ်ဆိုရင်တော့ ရောဂါကျရောက်နေတာ ဖြစ်နိုင်ပါတယ်။ ရောဂါကျရောက်တဲ့အခါမှာတော့ အမျိုးအစားပေါ်မူတည်ပြီးတော့ သင့်တော်ရာ မှိုသတ်ဆေး၊ ဘက်တီးရီးယား သတ်ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ အိမ်အတွင်းမှာ အသုံးပြုရမှာ ဖြစ်တာကြောင့် ဓာတုဆေးဝါးတွေ အသုံးမပြုချင်ဘူးဆိုရင်တော့ သဘာဝဆေးတွေ နည်းလမ်းတွေကို ပြုလုပ်အသုံးပြုနိုင်ပါတယ်။ 

၃။ အရွက်ထိပ်ဖျား အညိုရောင်ပြောင်းလာခြင်း 

အိမ်တွင်း အလှစိုက်အပင်တွေရဲ့ အရွက်ထိပ်ဖျားမှာ အညိုရောင်ပြောင်းလာခြင်းဟာ မကြာခဏတွေ့ရတတ်တဲ့ လက္ခဏာဖြစ်ပြီး အောက်ပါ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ 

(က) ရေလောင်း မမှန်ကန်ခြင်း 

အိမ်တွင်းအလှစိုက်အပင်တွေ စိုက်ပျိုးတဲ့အခါ မနက်တိုင်း (သို့မဟုတ်) ညနေတိုင်း ရေလောင်းရမှာမဟုတ်ဘဲ အပင်တွေ အမှန်တကယ်လိုအပ်မှသာ ရေလောင်းပေးသင့်ပါတယ်။ ရေလောင်း များလွန်း/ နည်းလွန်းပြီး စနစ်တကျ မရှိတဲ့အခါ အရွက်ထိပ်ဖျားတွေ အညိုရောင်ပြောင်းပြီး တဖြည်းဖြည်းနဲ့ ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အပင်ကိုပါ ထိခိုက်သေဆုံးစေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ပန်းအိုးထဲက အပေါ်ယံမြေသား ၂ လက်မခန့် ကောင်းစွာ ခြောက်သွေ့နေပြီဆိုမှ ရေလောင်းပေးသင့်ပါတယ်။ များသောအားဖြင့်တော့ အိမ်တွင်းအလှစိုက်ပင် အများစုဟာ အစိုဓာတ် အနည်းငယ်ရှိနေရုံနဲ့ ကောင်းစွာရှင်သန်နိုင်ကြပြီး ရေငတ်ဒဏ်ကိုလည်း အသင့်တင့် ခံနိုင်ရည်ရှိကြပါတယ်။ 

(ခ) စိုထိုင်းဆနည်းခြင်း 

အိမ်တွင်းအလှစိုက်ပင် အများစုဟာ အပူပိုင်းဒေသရဲ့ မူလမျိုးရင်းဝင် အပင်တွေ ဖြစ်ကြပါတယ်။ အကယ်လို့ အပင် စိုက်ပျိုးထားရှိတဲ့ အခန်း (သို့မဟုတ်) နေအိမ်ဟာ စိုထိုင်းဆ နည်းနေမယ်ဆိုရင် အရွက်တွေရဲ့ ထိပ်ဖျားမှာ အညိုရောင်တွေ တွေ့ရနိုင်ပါတယ်။ အရွက်ကို အဓိကထားပြီး စိုက်ပျိုးတဲ့ အပင်တွေဆိုရင်ဆိုရင် ရေဖျန်းတဲ့ ဗူးလေးတွေ (လက်ညှစ်ဗူး) နဲ့ ၁ ရက် ၁ ခါ (သို့မဟုတ်) ၂ ရက် ၁ ခါ ဖျန်းပေးသင့်ပါတယ်။ 

(ဂ) ဆားများ စုပုံလာခြင်း 

အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေဆိုရင် ဒီလက္ခဏာကို မလွဲမသွေ တွေ့ရှိရနိုင်ပါတယ်။ အိုးထဲက မြေသားပေါ်နဲ့ အပင်ရဲ့ အရွက်ပေါ်မှာ ဆားပွင့်လေးတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ တခါတရံမှာတော့ ဆားအလွှာက မြေသားအောက်ရောက်နေလို့ မမြင်တွေ့ရဘဲ ရေစိမ့်ဝင်မှုမရှိမှသာ သတိပြုမိကြတာလည်း ရှိပါတယ်။ ဒီအခြေအနေကတော့ မြေဩဇာတွေ အလွန်အကျွံကျွေးခြင်းနဲ့ တွင်းရေကို မကြာခဏလောင်းပေးခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် မြေဩဇာ မကြာခဏကျွေးခြင်းကို ရှောင်ရှားသင့်ပြီး မိုးရေလောင်းပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ 

၄။ အရွက်များ အဝါရောင်ပြောင်းလာခြင်း 

အရွက်တွေ အဝါရောင်ပြောင်းလာခြင်းဟာ ထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်ပြီး များသောအားဖြင့် ရေလောင်းများခြင်းကြောင့် ဖြစ်ပေါ်ရတာပါ။ အိမ်တွင်း အလှစိုက်ပင်တွေ သေဆုံးရတဲ့ အဓိကအကြောင်းအရင်းက ရေလောင်းနည်းတာထက် ရေလောင်းများခြင်းကြောင့် ဖြစ်ကြရတာပါ။ ရေလောင်းများပြီး ပန်းအိုးထဲမှာ  အစိုဓာတ်တွေ များနေတဲ့အခါ အမြစ်ပုပ်တာမျိုး ဖြစ်တတ်ပြီး ရောဂါကျရောက်မှုကိုလည်း ခံနိုင်ရည်မဲ့စေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ရေကို စနစ်တကျ လောင်းပေးသင့်ပါတယ်။ နောက်ထပ် အရွက်တွေကို ဝါစေတဲ့ အကြောင်းအရင်းတစ်ခုကတော့ အလင်းရောင် လိုအပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာတော့ အလင်းရောင် ကောင်းကောင်းရစေနိုင်မယ့် နေရာမျိုးကိုရွှေ့ပြောင်း ပေးသင့်ပါတယ်။ 

၅။ အရွက်များ ညှိုးနွမ်းလာခြင်း 

အရွက်တွေကို ညှိုးနွမ်းလာစေတဲ့ အကြောင်းအရင်းတွေက အမျိုးအမျိုးရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ ရေလောင်းများခြင်း၊ ရေလောင်းနည်းခြင်း၊ မြေဆီလွှာရေစိမ့်ဝင်မှု ညံ့ခြင်း၊ အပူဒဏ်ခံရခြင်း၊ ရောဂါကျရောက်ခြင်း၊ စိုထိုင်းဆ မရှိခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ပန်းအိုးထဲက မြေဆီလွှာရဲ့ အခြေအနေ၊ ရာသီဥတု အနေအထားနဲ့ အစိုဓာတ်တို့ကို မကြာခဏ သေချာစစ်ဆေးပြီး ပြုစုစောင့်ရှောက်မှု ပြုလုပ်ပေးသင့်ပါတယ်။ 

၆။ အရွက်ပေါ်မှာ အစက်အပြောက်များ ပေါ်လာခြင်း 

အရွက်ပေါ်မှာ အစက်အပြောက်တွေ ပေါ်လာခြင်းဟာ မှို၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ အစက်အပြောက်ပေါ်လာတဲ့ အရွက်တွေကို ဖယ်ရှားပစ်ခြင်း၊ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်း၊ ရေကို စနစ်တကျလောင်းပေးခြင်း စသည်တို့ ပြုလုပ်ပေးခြင်းဖြင့် သာမန်ရောဂါကျရောက်နေတဲ့ အပင်တွေကို ပြန်လည်ကုသနိုင်ပါတယ်။ ရောဂါကျရောက်နေတဲ့ အပင်အစိတ်အပိုင်းတွေကို ဖယ်ရှား ဖျက်ဆီးပေးခြင်းဖြင့် ရောဂါတွေထပ်မံမပြန့်ပွားအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် အပင်ရဲ့ သေဆုံးခြောက်သွေ့နေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပေးခြင်းဟာ အပင်ကြီးထွားဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီးတော့ အရွက်မှာ အစက်အပြောက်တွေ ပေါ်နေတဲ့အခါမျိုးဆိုရင် အပင်တစ်ပင်လုံး ရေလောင်းပြီး အပင်ခြေကိုသာ ရေအနည်းငယ် စနစ်တကျ လောင်းပေးသင့်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်