လက်ရှိအချိန်တွင် ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးမြေအများစုဟာ တစ်နေ့ထက်တစ်နေ့ မြေဆီဩဇာထက်သန်မှုများ လျော့နေလာနေကြတာ လူတိုင်းအသိပဲဖြစ်မှာပါ။ အလားတူဖြစ်ရပ်တွေကို ပြင်ဦးလွင်ဒေသရှိတောင်သူများလည်း ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
လူတွေမှာ အစားအစာအသစ်အဆန်းတွေပေါ်လာပြီး ရောဂါဘယတွေ ထူပြောလာသလိုပဲ အပင်တွေမှာလည်း မျိုးသစ်တွေပေါ်လာတိုင်း အပင်ရောဂါနဲ့ ပိုမွှားများလည်း တစ်နှစ်ထက်တစ်နှစ် ဖျက်စီးမှုများစွာ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
ထိုအပြင် သီးနှံပင်များဟာ သူတို့ကြိုက်နှစ်သက်သော အာဟာရဓာတ်ကိုယ်စီရှိကြပါတယ်။ ဥပမာ - လက်ဖက် ကို acid loving plant လို ယူဆထားကြသလိုပဲဖြစ်ပါတယ်။ သူတို့ကြိုက်နှစ်သက်သော အာဟာရဓာတ်ကို သေချာမသိသောအခြေအနေမှာ တောင်သူတိုင်းကတော့ NPK မြေဩဇာကလွဲရင် မထည့်တဲ့သူတွေက များပြားလာတဲ့အခါ မြေဆီလွှာပျက်စီးမှုများစွာကို ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
လူတွေမှာ မျိုးရိုးကောင်းဖို့လိုအပ်သလို သူ့ကိုပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်ကောင်းရှိဖို့လိုအပ်ပါတယ်။ ထို့အတူ အပင်တွေမှာ မျိုးစေ့ကောင်းဖို့လိုအပ်သလို့ သူ့အတွက် အများဆုံးထောက်ပံ့ပေးမယ့်မြေဆီလွှာက ကောင်းမွန်ဖို့လည်းအရေးကြီးလှပါတယ်။
တောင်သူတွေ အဓိကရင်ဆိုင်နေရတာကတော့ သူတို့မြေက မြေဆီဩဇာထက်သန်မှုနည်းတဲ့အခါ
- သီးနှံများ ကောင်းစွာမဖြစ်ထွန်းခြင်း
- သီးနှံရောင်းရမယ့်အချိန်ထက် နောက်ကျ၍ သီးနှံထွက်ခြင်း
- အပင်ရောဂါနဲ့ ဖျက်ပိုးများ ဆိုးဝါးလာခြင်း
- ပြန်ရချက်ဝင်ငွေနည်းပါးခြင်း စသဖြင့် အခက်အခဲများစွာရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
ထိုအခက်အခဲတွေ ဘာကြောင့်ဖြစ်လာလဲဆိုရင်တော့ -
၁။ တောင်သူအများစုဟာ ဓာတုမြေဩဇာများသာ ထည့်ကြတဲ့အခါမှာ မြေထဲရှိ အဏုဇီဝသက်ရှိလေးတွေအတွက် ကောင်းမွန်တဲ့အခြေအနေကို ဖန်တီးမပေးနိုင်တော့ပဲ အဏုဇီဝလေးတွေ အဓိကအကျိုးပြုမှုဖြစ်တဲ့ အာဟာရဓာတ်စုပ်ယူရန် ပြုလုပ်ပေးနိုင်ဖို့ အားနည်းလာပြီးအမြစ်ကနေ အာဟာရစုပ်ယူနိုင်ဖို့ပဲ ခက်ခဲလာတာပဲဖြစ်ပါတယ်။ အမြစ်က ကောင်းစွာအလုပ်မလုပ်နိုင်ရင် အထွက်ကောင်းတဲ့ သီးနှံပင်လည်း ရလာမှာမဟုတ်ပါဘူး။
၂။ တောင်သူအများစုဟာ သူတို့ရဲ့ သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပစ်ခြင်း။ ဒါဟာ တကယ် ပိုမွှားရောဂါတွေဆိုးရွားနေမှသာ လုပ်သင့်တဲ့နည်းတစ်ခုပါ။ ဒါပေမဲ့လည်း တောင်သူတိုင်းက ၅ ပေပတ်လည်အမှိုက်ပုံလေးအတွက် နေရာမပေးနိုင်တာဟာ တကယ်ကို ရင်နာစရာကောင်းပါတယ်။ ဘာလို့လဲဆိုရင် သီးနှံအကြွင်းအကျန်ထဲက အာဟာရဓာတ်တွေ ပျောက်ဆုံးသွားလို့ပဲဖြစ်ပါတယ်။
၃။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အလွန်အကျွံသုံးစွဲလာတဲ့အခါ အဏုဇီဝသက်ရှိတွေအပြင် ဇီဝမျိုးကွဲတွေဖြစ်တဲ့ ပျား၊ လိပ်ပြာ၊ ငှက်စတဲ့ သားရဲကောင်လေးတွေလျော့နည်းလာပြီး ပိုမွှားရောဂါဖြစ်ပွားမှု၊ သီးနှံဝတ်မှုံကူးနိုင်မှုလျော့နည်းခြင်းတွေ ဖြစ်လာတာပဲဖြစ်ပါတယ်။
၄။ နွားချေး၊ ကြက်ချေး၊ ငုံးချေး၊ ဝက်ချေးတွေ စတဲ့ သဘာဝမြေဩဇာအရင်းအမြစ်တွေကို သေချာဆွေးမြေ့စွာမထားဘဲ ထည့်သွင်းခြင်း။ အဲ့လိုထည့်တာက သီးနှံအတွက် အာဟာရဓာတ်ရယူဖို့ မလွယ်သလို၊ ပျက်ဆီးဆုံးရှုံမှုတွေက များပါတယ်။ တစ်ခါတစ်ရံ heavy metal တွေ ပါလာပါက အပင်ကို ဆိုးဆိုးရွားရွားထိခိုက်နိုင်တဲ့အပြင် အပင်ရောဂါတွေကိုပါ ပိုဆိုးလာတတ်ပါတယ်။
ဒီလိုအချက်တွေကို သင်က ရှောင်းရှားပြီး စိုက်ပျိုးရေးလုပ်မယ်ဆိုရင်တော့ အနေအထားတစ်ခုမှာ အောင်မြင်တဲ့တောင်သူတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။