ပန်းပွင့်ပြီး အသီးတင်အားကောင်းစေတဲ့ ဘိုရွန်ဓာတ်

14/12/2023 16:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဘိုရွန် (လက်ချား) ဓာတ်ဟာ အပင်အတွက်လိုအပ်တဲ့ အနည်းလို အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အနည်းပဲလိုတယ်ဆိုပေမယ့် သီးနှံပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကျန်းမာသန်စွမ်းဖို့အတွက် အရေးပါလှတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဘိုရွန် (လက်ချား) ဓာတ်ဟာ မြေဆီလွှာအတွင်းမှာ ရွေ့လျားနိုင်တဲ့ အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဘိုရွန် ဓာတ်ဟာ အပင်ရဲ့ ဆဲလ်နံရံတွေဖြစ်ပေါ်ဖို့နဲ့ မျိုးပွားအစိတ်အပိုင်းတွေ ဖွဲ့စည်းတည်ဆောက်မှုမှာ ထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ထို့အပြင် ဘိုရွန်ဓာတ်ဟာ ပန်းပွင့်စေခြင်း၊ ဝတ်မှုန်ကူးကောင်းစေခြင်းနဲ့ အသီးတင်စေခြင်းစတဲ့ အကျိုးအာနိသင်တွေလည်း ရှိနေတာဖြစ်ပါတယ်။ 

ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင်သူတွေဆိုရင် ယူရီးယား (ပုလဲ) နဲ့ ဘိုရွန် (လက်ချား) ကို တွဲပြီး အသုံးပြုကြလေ့ရှိပါတယ်။ ၎င်းအာဟာရဓာတ် ၂ မျိုးကို တွဲဖက်အသုံးပြုခြင်းဖြင့် ပဲမျိုးစုံစိုက်ပျိုးရာမှာ အမှန်တကယ် အကျိုးရှိတယ်ဆိုတာ အသုံးပြုဖူးတဲ့ တောင်သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ တောင်သူအများစုကတော့ ယူရီးယား၊ ဖော့စဖောရပ်စ် နဲ့ ပိုတက်ရှ် စတဲ့ NPK အာဟာရဓာတ် ၃ မျိုးကိုသာ အဓိကအသုံးပြုကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာ စတဲ့အာဟာရဓာတ်တွေကိုလည်း တွဲဖက် အသုံးပြုလာကြပြီဖြစ်ပါတယ်။ ယနေ့ခေတ် သီးနှံစိုက်ပျိုးမြေတွေမှာ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ ဇင့် (သွပ်) ဓာတ်နဲ့ ဘိုရွန် (လက်ချား) ဓာတ်ဟာ ချို့တဲ့မှု အများဆုံးဖြစ်နေပါတယ်။ 

 

သီးနှံပင်တွေမှာ ဘိုရွန်ဓာတ်ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ 

  • အပင်ရဲ့ ဆဲလ်နံရံများဖြစ်ပေါ်စေခြင်း 
  • ဇီဝအမြှေးပါးများ၏ တည်ဆောက်မှုနဲ့ ဆောင်ရွက်ချက်များကို ထိန်းသိမ်းပေးခြင်း 
  • အာဟာရဓာတ်နဲ့ စွမ်းအင်တို့ကို အပင်ရဲ့ အစိတ်အပိုင်းများဆီသို့ ပို့ဆောင်ပေးခြင်း 
  • ဝတ်မှုန်ကူးကောင်းစေခြင်းနှင့် ပန်းပွင့်စေခြင်း
  • အစေ့အဆန်ဖြစ်ထွန်းမှုနှင့် အသီးတင်စေခြင်းပါ။

ထို့ကြောင့် ပဲမျိုးစုံ စိုက်ပျိုးကြတဲ့ တောင်သူတွေဆိုရင် ဘိုရွန်ဓာတ်ကို အပင်အားလုံလုံလောက်လောက် ပေးနိုင်ဖို့အရေးကြီးလှပါတယ်။ ပဲပင်တွေမှာ ဘိုရွန်ဓာတ် ရရှိမယ်ဆိုရင် နိုက်ထရိုဂျင် ဖမ်းယူပေးမှုနဲ့ ပဲအမြစ်ဖု ဖြစ်ပေါ်မှုတွေမှာ များစွာအထောက်အကူပြုနိုင်မှာပဲ ဖြစ်ပါတယ်။ 

ချို့တဲ့ရင် ပေါ်လာမဲ့လက္ခဏာ 

အပင်တွေမှာ ဘိုရွန်ဓာတ်ချို့တဲ့မယ်ဆိုရင်တော့ ဝတ်မှုန်ကူးခြင်း ထိခိုက်နိုင်သလို ဝတ်မှုန်တွေရဲ့ ရှင်သန်မှုလည်း အားနည်းနိုင်ပါတယ်။ ဒါ့အပြင် သီးနှံပင်တွေမှာ ပန်းပွင့်နိုင်စွမ်းလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။ အပင်ဟာ ဘိုရွန်ဓာတ်ရရှိမှု မလုံလောက်ခဲ့ဖူးဆိုရင်တော့ အမြစ်ရဲ့ ကြီးထွားရှင်သန်နိုင်မှုကိုလည်း ထိခိုက်ပြီး အပင်ကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။ နောက်ထပ်မြင်တွေ့နိုင်တဲ့ ချို့တဲ့မှု လက္ခဏာအနေနဲ့ကတော့ အရွက်နုတွေမှာ တွေ့ရနိုင်ပါတယ်။ ထင်ရှားတဲ့ လက္ခဏာပုံစံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • Chlorosis (ရောင်မညီကွက်ကြား)  လို့ခေါ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ၎င်းလက္ခဏာပုံစံကတော့ အရွက်ပေါ်မှာ အဝါရောင် အစက်အပြောက်တွေ တွေ့ရမှာဖြစ်ပြီး အရွက်ရဲ့ မျက်နှာပြင်ဟာလည်း တွန့်လိမ်ခြင်းမရှိသလို အဝါရောင် အစက်အပြောက်တွေရဲ့ ဘေးအနားသတ်မှာလည်း အညိုရောင်ကွင်းတွေ၊ ရေစိုနာကွက်လို ပုံစံမျိုးတွေ တွေ့ရမှာ မဟုတ်ပါဘူး။ 
  • Necrosis (တစ်ရှူးများသေခြင်း) လို့ခေါ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ၎င်းလက္ခဏာပုံစံကတော့ အဝါရောင် အစက်အပြောက်တွေကနေတစ်ဆင့် အရွက်မှာ ရှိတဲ့ တစ်ရှူးတွေသေပြီးတဲ့နောက် အညိုရောင်ပြောင်းလဲသွားတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ 
  • Deformation (ပုံမှန်မဟုတ်ခြင်း) လို့ခေါ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ၎င်းလက္ခဏာပုံစံကတော့ ဘိုရွန်ဓာတ် ချို့တဲ့နေတဲ့အပင်တွေဟာ အပင်ပုံစံရော အသီး အပွင့် အမြစ် တွေပါ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲမှုဖြစ်သွားပြီး  အပင်ရဲ့ ရှင်သန်ကြီးထွား ဖွံ့ဖြိုးမှုတွေကိုပါ ထိခိုက်သွားတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ 

ဘိုရွန်ဓာတ် ချို့တဲ့မှုကို အက်စစ်ဓာတ် (မြေချဉ်) ရှိပြီး သဲဆန်တဲ့မြေအမျိုးအစားတွေမှာဆိုရင် တွေ့ရတာ များပါတယ်။ ဘိုရွန်ချို့တဲ့မှုကြောင့် ရေစုပ်ယူမှုနဲ့ ရေထိန်းစွမ်းအားကောင်းတဲ့ မြေဆီလွှာတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဘိုရွန် (လက်ချား) ဓာတ်ဟာဆိုရင် အနည်းလိုအာဟာရဓာတ် ဆိုသော်လည်း သီးနှံပင်တွေအတွက် အရေးကြီးတဲ့ အနည်းလို အာဟာရဓာတ် တစ်မျိုး ဖြစ်နေပါတယ်။ 

**ယူရီးယား လက်ချား ပြုလုပ်အသုံးပြုနည်း

ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ အထွက်တိုးအောင် ယူရီးယား လက်ချား အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။ 

ယူရီးယားကတော့ တောင်သူတွေသုံးနေတဲ့ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာဖြစ်ပါတယ်။ 

ဘိုရွန် (လက်ချား) ကိုတော့ ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝယ်လာတဲ့ လက်ချားအခဲကို မီးဖုတ် (သို့မဟုတ်) အပူပေးကာ ကြိတ်ချေပြီး အမှုန့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အမှုန့်ဝယ်လို့ အဆင်ပြေမယ်ဆိုရင်လည်း အသင့်ဝယ်ယူနိုင်ပါတယ်။ 

လိုအပ်တဲ့အရာတွေ

  • ရေတစ်ဂါလံ
  • ယူရီးယား ၄ ဇွန်း (ထမင်စားဇွန်း) 
  • လက်ချား ၁ ဇွန်း 

အထက်ဖော်ပြပါ ၃ မျိုးအား ရောစပ်ပြီး ဖျော်ရပါမယ်။ တစ်ဧကလျှင် ဖျော်စပ်ပြီးသား အာဟာရအရည် ဂါလံ ၂၀ လိုအပ်ပါတယ်။ ပဲမျိုးစုံတွင်အသုံးပြုမည်ဆိုပါက ပန်းစတင်ပွင့်သော အချိန်နှင့် ပန်းပြိုင်ပြိုင်ပွင့်သော ကာလများမှာ မနက်စောစောနဲ့ ညနေပိုင်း အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ၎င်းဖျော်ရည်ကို အသုံးပြုခြင်းဖြင့် ဝတ်မှုန်ကူးကောင်းစေခြင်း၊ အသီးအပွင့်အားကောင်းစေခြင်း၊ အစေ့အဆန်ပြည့်ဝစေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်