ကမ္ဘာ့မြေဆီလွှာနေ့ အထူးဆောင်းပါး
လွန်ခဲ့တဲ့ ၁၀-၂၀ နှစ်လောက်က အချိန်ကာလတစ်ခုကို မှတ်မိကြသေးလား? အဲဒီတုန်းက ကိုယ့်လယ် တစ်ဧကကို ယူရီးယား တစ်အိတ်လောက် ကျွေးလိုက်ရင် စပါးက ရိပ်မနိုင်အောင် ဖြစ်ထွန်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ တစ်အိတ်နဲ့အားမရလို့ နှစ်အိတ်၊ သုံးအိတ် တိုးကျွေးတာတောင် အရင်လို ရလာဒ်က အားရစရာမဖြစ်တော့ပါဘူး။
ဒီလိုဖြစ်ရတာ "ဓာတ်မြေသြဇာတွေ အစွမ်းမရှိတော့လို့လား? ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မြေကြီးကပဲ မြေသြဇာကို လက်မခံတော့တာလား?"
အဖြေမှန်ကတော့ - ကျွန်တော်တို့ရဲ့ မြေကြီးထဲမှာ "ကာဗွန် (Soil Carbon)" ကုန်ခမ်းသွားလို့ပါပဲ။
မြေကြီးထဲက ကာဗွန်ဆိုတာ ဘာလဲ?
ရိုးရိုးရှင်းရှင်း ပြောရရင် မြေကြီးထဲက ကာဗွန်ဆိုတာ သစ်ရွက်ဆွေး၊ တိရစ္ဆာန်ချေး၊ ကောက်ရိုး စတဲ့ သဘာဝပစ္စည်းတွေ ဆွေးမြည့်ပြီး ကျန်ခဲ့တဲ့ အရာ (Organic Matter) ပါပဲ။
ဒါကို မြင်သာအောင် ပြောရရင် မြေကြီးထဲက ကာဗွန်ဆိုတာ "သံလိုက်တုံး" လေးတွေနဲ့ တူပါတယ်။ ကျွန်တော်တို့ ထည့်လိုက်တဲ့ ဓာတ်မြေသြဇာ (N, P, K) တွေက အပေါင်းဓာတ်ဆောင်ပါတယ်။ ကာဗွန်က အနှုတ်ဓာတ်ဆောင်ပါတယ်။ ဒါကြောင့် ကာဗွန်ရှိတဲ့ မြေကြီးဟာ ဓာတ်မြေသြဇာတွေကို သံလိုက်လို ဖမ်းဆွဲထားနိုင်ပါတယ်။
- ကာဗွန်ရှိရင် - မိုးရွာလည်း မြေသြဇာ ပါမသွားဘူး။ နေပူလည်း အငွေ့ပျံတာ သက်သာတယ်။ အပင်က လိုအပ်တဲ့အချိန်မှ အဲဒီမြေသြဇာကို ယူစားလိုက်ရုံပါပဲ။
- ကာဗွန်မရှိရင် - သံလိုက်မရှိတဲ့ သစ်သားတုံးလိုပါပဲ။ မြေသြဇာထည့်လိုက်ပေမဲ့ ဆွဲထားမယ့်သူ မရှိတော့ ရေလာရင် ပါသွားရော။ ဒါကြောင့် နှစ်တိုင်း မြေသြဇာဖိုးတွေ ပိုကုန်ပြီး အရာမထင် ဖြစ်နေရတာပါ။
ကာဗွန် ဘာကြောင့် ကုန်သွားတာလဲ? (တရားခံ ၃ ဦး)
အရင်ခေတ်က မြေကောင်းခဲ့ပေမဲ့၊ အခု ဘာလို့ ကာဗွန်တွေ ကုန်သွားတာလဲ? အဓိက အကြောင်းရင်း (၃) ချက် ရှိပါတယ်။
- မီးရှို့ခြင်း: ကောက်ရိုးတွေ၊ ရိုးပြတ်တွေကို မီးရှို့လိုက်တာဟာ မြေကြီးထဲ ထည့်ရမယ့် ရွှေ (ကာဗွန်) တွေကို မီးရှို့လိုက်တာနဲ့ အတူတူပါပဲ။
- ထယ်ထိုးလွန်းခြင်း: မြေကြီးကို ခဏခဏ ထယ်ထိုးလေ၊ မြေအောက်က ကာဗွန်တွေ လေနဲ့ထိ နေနဲ့ထိပြီး အငွေ့ပျံလေ လွတ်ထွက်သွားဖို့ လွယ်ကူလေပါပဲ။
- ဓာတုဆေး လွန်ကဲခြင်း: ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံသုံးတော့ မြေကြီးထဲက ကာဗွန်ကို ဖန်တီးပေးမယ့် အကျိုးပြု ပိုးမွှားလေးတွေ သေဆုံးကုန်ပါတယ်။
မြေကြီးကို ဘယ်လို ပြန်ကုစားမလဲ?
အကြောင်းရင်းသိပြီဆိုတော့ ပြန်ပြုပြင်ဖို့မခက်ပါဘူး။ ကာဗွန်ပြန်ရဖို့၊ ရာသီဥတုဒဏ်ခံနိုင်ဖို့၊ ရေငတ်ဒဏ်ခံနိုင်ဖို့၊ မြေသြဇာဖိုး သက်သာဖို့ ဒီနည်းလမ်းတွေကို သုံးစွဲနိုင်ပါတယ်။
- မြေမလှပ်ပါနဲ့: ရိုးပြတ်တွေကို မီးမရှို့ဘဲ မြေဖုံး (Mulching) လုပ်ပါ။ သီးနှံရိတ်သိမ်းပြီးပြီးချင်း ရိုးပြတ်တွေကို ထယ်ထိုးမြေမြုပ်ပါ။ အီးအမ်လိုမျိုး မြန်မြန်ဆွေးမြေ့စေတာတွေကို ထည့်သွင်းအသုံးပြနိုင်ပါတယ်။
- သစ်စိမ်းမြေသြဇာ ထည့်ပါ : သီးနှံမစိုက်တဲ့အချိန် ပိုက်ဆံလျှော်လို သစ်စိမ်းမြေသြဇာပင် စိုက်ပြီး ထယ်ထိုးမြှုပ်နှံပါ။ ပဲမျိုးရင်းဝင်သီးနှံဖြစ်လို့ ကာဗွန်အပြင် နိုက်ထရိုဂျင်လိုအဟာရဓာတ်များစွာပါ ထပ်ဆောင်းရမှာဖြစ်ပါတယ်။
- ဇီဝမီးသွေး (Biochar) သုံးပါ: ဒါကတော့ အထိရောက်ဆုံး လက်နက်ပါပဲ။ စပါးခွံမီးသွေး (သို့) ဇီဝမီးသွေးဟာ မြေကြီးထဲမှာ နှစ်ချီ မပျက်စီးဘဲ နေနိုင်ပါတယ်။ သူက ရေမြှုပ်တစ်ခုလို ရေကို စုပ်ယူထိန်းသိမ်းပေးသလို၊ အကျိုးပြုပိုးမွှားလေးတွေ ခိုအောင်းဖို့ 'ဟိုတယ်' လည်း ဖြစ်စေပါတယ်။ (အကြံပြုချက်: မီးသွေးကို ဒီအတိုင်းမထည့်ဘဲ နွားချေးရည် (သို့) EM နဲ့ စိမ်ပြီးမှ ထည့်ရင် အကောင်းဆုံးပါ)
ကိုယ့်မြေကြီး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ? (လက်တွေ့စမ်းသပ်နည်း)
ဓာတ်ခွဲခန်း ပို့စရာမလိုဘဲ ရေခွက်တစ်ခွက်နဲ့ အခုပဲ စမ်းသပ်ကြည့်လိုက်ပါ။
- ဖန်ခွက်အကြည် တစ်လုံးထဲ ရေထည့်ပါ။
- ကိုယ့်လယ်ထဲက မြေကြီးခဲ အခြောက်တစ်ခဲကို ရေထဲ ထည့်လိုက်ပါ။
- ရလဒ် (၁): ရေထဲရောက်တာနဲ့ မြေခဲက ချက်ချင်း ဖွာခနဲ ပြိုကျသွားပြီး ရေနောက်သွားရင်... ဒါ ကာဗွန်မရှိတဲ့ မြေ ပါ။ (မြေကြီးကို စုစည်းထားပေးမယ့် 'ကော်' မရှိတော့လို့ ရေထိတာနဲ့ ကွဲကုန်တာပါ)
- ရလဒ် (၂): မြေခဲက ရေထဲမှာ မပြိုဘဲ ပုံစံမပျက် တည်ရှိနေရင်၊ ရေပူဖောင်းလေးတွေ စီခနဲ ထွက်နေရင်... ဒါ ကာဗွန်ရှိတဲ့ မြေကောင်း ပါ။
"ဓာတ်မြေသြဇာဆိုတာ အပင်ရဲ့ 'အစားအစာ' ဆိုရင်၊ ကာဗွန်ဆိုတာ အပင်ရဲ့ 'အိမ်' ပါပဲ။" အိမ်မကောင်းရင် အစားကောင်းကောင်း ကျွေးလည်း အပင်က မနေနိုင်ပါဘူး။ ဒါကြောင့် ဓာတ်မြေသြဇာ တစ်မျိုးတည်းကိုပဲ အားမကိုးဘဲ မိမိတို့ရဲ့ မြေကြီးကို ကာဗွန်ပြန်ဖြည့်တင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Greenovator