စိုက်ပျိုးရေးလောကမှ ဝယ်စရာမလိုသောအရာများကို နည်းလမ်းမှန်စွာ အသုံးချခြင်း

16/09/2023 11:00 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

သဘာဝကြီးထဲမှာ ပိုက်ဆံပေးစရာမလို အလကားရနေတဲ့ အဖိုးတန်အရာတွေဆိုတာရှိပါတယ်။

ဒါတွေကို ပညာရပ်ဆိုင်ရာမှာတော့  (Natural Resource) သဘာဝအရင်းအမြစ် လို့ခေါ်ကြတယ်ပေါ့ ။

ပြောဖူးကြတယ်မလား..

အရင်ခေတ်ကဆို ရွာထိပ်ကချောင်းထဲ ငါးပေါတယ်၊ ပုစွန်ဆိတ်တွေပေါတယ်။ ခုမရှိတော့ဘူး..စသည်ဖြင့်ပေါ့။

မပြောဖူးရင်တောင် ကြားဖူးကြမယ်လို့ ထင်ပါတယ်။

ခုဆို ချောင်းတွေ၊ အိုင်တွေမှာ ငါးမပေါတော့ပါဘူး ။ ရွာတွေမှာ ငါးသည်တွေမရှိကြတော့ဘူး။

ဘာလို့ အရင်လို မဟုတ်တော့တာလဲ?

ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာမဟုတ်လို့ အများစုက သတိမထားမိကြပါဘူး။

သတိထားမိအောင် ဥပမာတစ်ခုပြောပြရရင်

ခုလို မိုးဦးကျစ အရင်ကဆို ငါးသေးသေးလေးတွေရောင်းတဲ့ ဈေးသည်မှ အများကြီး။ ငါးသေးသေးလေးချက်ရင် ညှီစော်လည်းမနံ၊ အရသာကလည်း ချိုလို့ပေါ့ ။

ခုတော့ ဒါတွေမရှိတော့ပါဘူး။

ကန်တွေ ချောင်းတွေမှာလည်း ရေသိပ်မရှိတာ၊ ရေရှိရင်လည်း လိုတာထက်ပိုပြီး ရေကြီးတော့တာမျိုးတွေပေါ့။

ဘေးနားမှာ ချောင်းကန်တွေရှိပါလျက်နဲ့ ငါးစားဖို့ဆို ဈေးထဲကိုပဲသွားနေရတော့တာမျိုးပေါ့။

ငါးတွေကရေခဲရိုက်ထားပြီး မလတ်တော့တဲ့အပြင် ဈေးကလည်းကြီးသေးဆိုတာမျိုးကြုံဖူးမှာပါ။ 

ဒီလိုအကြောင်းအရာကို  သဘာဝအရင်းအမြစ်တွေ ပျက်စီးသွားခြင်း၊ ဂေဟစနစ် ပျက်စီးခြင်းလို့ ခေါ်ကြပါတယ်။ 

ငါးဆို နံလို့မစားကြတဲ့ ခေတ်လူငယ်တွေထဲမှာ စာရေးသူလည်းပါပါတယ်။ 

အကြောင်းကတော့ ကျွန်မတို့ခေတ်မှာ လတ်လတ်ဆတ်ဆတ်ငါးဆိုတာ သိပ်မစားဖူးကြတာမို့ပါ။

ငါးဆို ညှီလို့မစားဘူးဆိုပြီး ခရီးထွက်ရင်း လျပ်စစ်မီးမရ လမ်းကောင်းကောင်းမပေါက်တဲ့ ရွာတစ်ရွာမှာ စားဖူးတဲ့ငါးကိုတော့  “ဟင်၊ ဒီငါးက မညှီဘူးနော်” လို့ပြောခဲ့ဖူးတာကို အမှတ်ရနေဆဲပါပဲ။

လတ်လတ်ဆတ်ဆတ်ငါး၊ ချောင်းထဲကရေမှော်ပဲစားပြီး ရေသန့်သန့်မှာကြီးတဲ့ငါးဆို ညှီနံ့မရှိမှန်း ဒီခေတ်လူငယ်တွေ မသိကြတော့ပါဘူး။ ဒါဟာ သဘာဝအရင်းအမြစ်တွေက ကိုယ်သတိမထားလိုက်မိဘဲ ပျောက်ကွယ် ဆုံးရှုံးသွားတဲ့အကြောင်းသိသာစေတဲ့အချက်တွေထဲက တစ်ခုပေါ့  ။ ဒါတွေက စာရေးသူရဲ့ ကိုယ်တွေ့အကြောင်းအရာဆိုလည်း ဟုတ်ပါတယ်။

အရင်ကရွာမှာ ငါးဖမ်းတဲ့သူဆီက ဝယ်စားရင် ဈေးသက်သာတယ်။

ရွာက ငါးရှာတဲ့သူလည်း အပိုဝင်ငွေရတယ်။

 ဒီလို ပုံမှန်လေးလည်ပတ်နေရာကနေ ဘာလို့ပျက်စီးခဲ့ကြသလဲ စဉ်းစားကြည့်မိသူက ခပ်နည်းနည်းပဲဖြစ်ပါလိမ့်မယ်။

အခြားတစ်ဖက်မှာလည်း ဒီလို ဆုံးရှုံးမှုတွေ မကြုံရအောင် ဘယ်လိုပုံစံနဲ့ ထုတ်ယူသုံးစွဲကြမလဲဆိုတာကိုတော့ (Natural Resource Management) သဘာဝအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း လို့ခေါ်တာပေါ့ ။ 

သဘာဝအရင်းအမြစ်ကို စီမံခန့်ခွဲမှုညံ့တော့ ဒေသမှာ ပေါပေါရနေတဲ့အရာတွေဟာ နှစ်တိုတိုအတွင်းမှာ  ပျက်စီးသွားရပါတယ်။ 

အကျိုးဆက်အနေနဲ့ 

  • မြို့ရော တောပါမကျန် မူမမှန်တဲ့ ရာသီဥတုတွေကြုံလာရတာ
  • မြို့ပြတွေမှာဆို တိုက်ခန်းထဲမှာတင် အပူလွန်ကဲပြီး တစ်မိသားစုလုံး အသက်ဆုံးရှုံးရတာ
  • ကြားတောင်မကြားဖူးတဲ့ရောဂါတွေဖြစ်လာရတာ။

ဒါတွေက သဘာဝရင်းမြစ်တွေ ပျက်စီးခြင်းကြောင့်ဖြစ်လာရတဲ့  အမြင်သာဆုံး သဘာဝဘေးအန္တရယ် ဥပမာတွေပါ။

မန်ကျည်းပင်တွေကတော့ ခုထိ အထက်အညာဒေသရဲ့ ပြယုဒ်တစ်ခုအနေနဲ့ ကောင်‌ကောင်းရှိနေသေးတဲ့ သဘာဝအရင်းအမြစ်တွေဖြစ်ပါတယ်။ 

မန်ကျည်းမှည့် ရောင်းကြတဲ့ရွာတွေရှိတယ်။ အရမ်းလှတဲ့ မန်ကျည်းတန်းတွေနဲ့ ရွာတွေ မြို့တွေရှိတယ်။

မန်ကျည်းအညွန့်ကို အဓိကပါဝင်ပစ္စည်းအနေနဲ့ သုံးပြီး ထုတ်လုပ်နေကြတဲ့ မြန်မာ့ထုတ်ကုန်တွေရှိတယ်။

ဒီလို ဒေသတွင်း အသုံးချနေကြမှုတွေကြောင့်နဲ့တော့ အထက်အညာရဲ့ ပြယုဒ်ဖြစ်တဲ့ မန်ကျည်းတွေဟာ ပျောက်ကွယ် ဆိတ်သုဉ်းမသွားပါဘူး။

ဒါပေမယ့် ခေတ်မီတိုးတက်လာမှုရဲ့ ဆိုးကျိုးတွေအဖြစ် ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်တွေဟာ အလောဘ ရှိသူတွေလက်ထဲရောက်သွားတဲ့အခါ  မလိုလားအပ်တဲ့ ပျက်စီးမှုတွေကို ဦးတည်စေပါတယ်။ 

ဒီလိုပရောဂတွေကြောင့် ကြပ်တည်းတဲ့ကာလတွေမှာ ငွေမျက်နှာတစ်ခုတည်းရဲ့နောက်ကိုလိုက်မိရင်တော့ နှစ်တိုတိုနဲ့ မန်ကျည်းပင်တွေ မျိုးပြုတ်ကုန်ပြီ ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။

ရွာဘေးက မပျက်စီးဘဲရှိနေတဲ့ချောင်းတွေ၊ အဲ့သည့်ချောင်းထဲက ငါးသေးသေးလေးတွေ၊ ပုစွန်ဆိတ်သေးသေးလေးတွေ၊ ချောင်းဘေးက သဘာဝပေါက်ပင်တွေကလည်း ဟိုးအရင်တစ်ချိန်က မန်ကျည်းပင်တွေလိုပဲ ပေါပေါများများရခဲ့တဲ့ သဘာဝအရင်းအမြစ်တွေပေါ့။

ခုတော့ ဒီအရာတွေက နေရာတိုင်းလိုလိုမှာ မရှိကြတော့ဘူးလေနော် ။ တဖြည်းဖြည်းနဲ့  တိမ်ကော ပျောက်ကွယ်လာနေကြပြီ။မန်ကျည်းပင်တစ်ပင်ဖြစ်ဖို့ ၄-၅ နှစ်နဲ့ မရတာ အားလုံးအသိပါ။

အရိပ်အာဝါသ အသင့်တင့်ရဖို့ဆို မန်ကျည်းတစ်ပင်ဟာ အနည်းဆုံး အနှစ် ၂၀-၃၀ အချိန်ယူမှာပါ။

အပူခံသွပ် တစ်ပေကို (၃၀၀၀) ကျော် အစစအရာရာဈေးတက်နေတဲ့အချိန်မှာ

  • “ဈေးကောင်းရတယ်ဟေ့”ဆိုတိုင်း ပေါပေါပဲပဲထုတ်ရောင်းရ‌အောင် တန်ရဲ့လားဆိုတာမျိုး စဉ်းစားကြည့်ကြဖို့လိုပါပြီ။ 
  • “ ဈေးကောင်းရတယ်ဟေ့” ဆိုတာရဲ့ နောက်ကွယ်မှာ ဘယ်သူတွေက ငါတို့ထက်ပိုပြီး အမြတ်ရနေလဲ?
  • “ ဈေးကောင်းရတယ်ဟေ့” ဆိုတာရဲ့ နောက်ကွယ်မှာ ဘယ်သူတွေက ဘာအကြံတွေရှိနေနိုင်လဲ?
  • “ ဈေးကောင်းရတယ်ဟေ့” ဆိုတာရဲ့ နောက်ကွယ်မှာ ဒီအရာတွေက ငါတို့ကို ဘယ်လိုပြန်ဒုက္ခပေးနိုင်မလဲ? စသည်ဖြင့်

တွေးကြည့်ဖို့လိုအပ်ပါကြောင်းနဲ့ မန်ကျည်းပင်ပိုင်တဲ့ သူတိုင်းပြုလုပ်နိုင်တဲ့ ရိုးရှင်းတဲ့  Natural Resource Management သဘာဝအရင်းအမြစ်စီမံခန့်ခွဲခြင်းဆိုင်ရာ အတွေးစာစုများကို မျှဝေလိုက်ရပါတယ်။ ဒီလိုတွေးခေါ် တတ်တဲ့အလေ့အကျင့်မရှိခဲ့လို့၊ ပညာရပ်တွေ လက်လှမ်းမမီခဲ့လို့ ကျွန်မတို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သဘာဝအရင်းအမြစ်တွေလည်း များပါပြီ။

ကုန်ကြမ်းတွေကို စျေးပေါပေါနဲ့ရောင်းပြီး ကုန်ချောတွေကို ဈေးကြီးပေးဝယ်စားနေကြရတဲ့ခေတ်မှာ မန်ကျည်းတွေမျိုးတုန်းလို့ မန်ကျည်းမှည့်တောင် နိုင်ငံခြားက ပြန်မှာစားနေရတော့မယ်ဆိုရင်ဖြင့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါကြောင်း အမျိုးတို့ကို အသိပေးလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်