ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?

04/08/2026 15:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပိုးသတ်ဆေးတွေဟာဆိုရင် ဥယျာဉ်စိုက်ခင်းများနဲ့ သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ အပင်တွေကို ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းရာမှာ အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေဟာ အပင်များကို ထိခိုက်ပျက်စီးစေပြီး အထွက်နှုန်းကို လျော့ကျစေနိုင်သော အင်းဆက်ပိုးမွှားများ၊ ပေါင်းပင်များနဲ့ မှိုရောဂါများကို ထိန်းချုပ်ရာမှာ ထိထိရောက်ရောက် ကူညီပေးနိုင်ကြပါတယ်။ သို့ပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ အချို့သော အဖျက်ပိုးမွှားတွေဟာဆိုရင် ပိုးသတ်ဆေးများကို အထပ်ထပ်အခါခါ ဖျန်းနေသည့်တိုင်အောင် သေဆုံးပျောက်ကွယ်သွားခြင်း မရှိဘဲ ပြန်လည်ကျရောက်လာတတ်တာကို သတိပြုမိကြမှာပါ။ အဆိုပါအခြေအနေတွေကြောင့် "အဖျက်ပိုးမွှားတွေဟာ ပိုးသတ်ဆေးတွေကို အမှန်တကယ်ပဲ ဆေးယဉ်ပါးလာနိုင်သလား" ဆိုတဲ့ အရေးကြီးသော မေးခွန်းတစ်ခုကို ပေါ်ထွက်လာစေပါတယ်။

ပိုးသတ်ဆေးယဉ်ပါးလာမှု ဆိုတာ ဘယ်လိုမျိုးလဲ? 

ပိုးသတ်ဆေးယဉ်ပါးလာမှု (Pesticide resistance)  ဆိုတာဟာ အင်းဆက်အဖျက်ပိုးတွေ၊ ပေါင်းပင်တွေနဲ့  မှိုရောဂါတွေဟာ ယခင်က သူတို့ကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ ဓာတုဆေးဝါးများနဲ့ ထိတွေ့မှုကို လွန်မြောက်ရှင်သန်နိုင်ဖို့ရာ ဆင့်ကဲပြောင်းလဲလာတဲ့ အခါမျိုးမှာ  ဖြစ်ပေါ်လာတတ်တဲ့ ဖြစ်စဥ်တစ်ခုပါ။ အဆိုပါဖြစ်စဥ်ဟာ သဘာဝအလျောက် ရွေးချယ်မှု (Natural Selection) မှတစ်ဆင့် ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။ ပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိစေတဲ့ မျိုးဗီဇလက္ခဏာပါသော အဖျက်ပိုးမွှားတွေဟာ ရှင်သန်ကျန်ရစ်ပြီးနောက် ဆက်လက်မျိုးပွားကာ ၎င်းတို့ရဲ့ ဆေးယဉ်ပါးသော မျိုးဗီဇလက္ခဏာများကို နောက်လာမည့် မျိုးဆက်သစ် အဖျက်ပိုးမွှားများထံကို လက်ဆင့်ကမ်းပေးလိုက်ကြခြင်းပဲ ဖြစ်ပါတယ်။

ပိုးသတ်ဆေးယဉ်ပါးမှု ဘယ်လိုဖြစ်ပေါ်လာသလဲ? 

၁။ ပိုးသတ်ဆေးတစ်မျိုးတည်းကို အလွန်အကျွံ သုံးစွဲခြင်း - ဓာတုဆေးတစ်မျိုးတည်းကို မကြာခဏ ထပ်ခါတလဲလဲ သုံးစွဲခြင်းဟာ သဘာဝအလျောက် ရွေးချယ်မှုဆိုင်ရာ ဖိအား (Selection pressure) ကို မြင့်တက်စေပြီး ဆေးယဉ်ပါးသော အဖျက်ပိုးမွှားများကို ပိုမိုထွက်ပေါ်လာစေနိုင်ပါတယ်။ 

၂။ မျိုးပွားနှုန်း မြင့်မားခြင်း - အဖျက်ပိုးမွှားအများစုဟာ လျှင်မြန်စွာ မျိုးပွားနိုင်ကြတာကြောင့် ဆေးယဉ်ပါးမှု အခြေအနေကို ပိုမိုမြန်ဆန်စေနိုင်တာ ဖြစ်ပါတယ်။

၃။ မျိုးဗီဇ ပြောင်းလဲသွားခြင်း - အဖျက်ပိုးမွှားများရဲ့ မျိုးဗီဇအတွင်းမှာ အလိုအလျောက် ပြောင်းလဲမှုများ ဖြစ်ပြီးတဲ့နောက် ဆေးယဉ်ပါးမှု ဖြစ်ပေါ်စေနိုင်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ အဖျက်ပိုးမွှားအုပ်စု တစ်ခုစလုံးမှာ ၎င်းလက္ခဏာများ ပိုမိုများပြားသွားစေနိုင်တာ ဖြစ်ပါတယ်။ အဖျက်ပိုးအားလုံးနီးပါး ဆေးယဉ်ပါးမှု စတင်ဖြစ်ပေါ်သွားပြီဆိုပါက ဆေးပမာဏ (Dose) ပိုမိုတိုးမြှင့်အသုံးပြုရန် (သို့မဟုတ်) အခြားဓာတုဆေးများကို ပြောင်းလဲသုံးစွဲရန် လိုအပ်လာမှာဖြစ်ပြီး ကုန်ကျစရိတ် ပိုမိုများပြားလာစေတဲ့အပြင် သဘာဝပတ် ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဆေးယဉ်ပါးမှု ဖြစ်ပေါ်လေ့ရှိသော အဖျက်ပိုးမွှားများ

အဖျက်ပိုးမွှားအားလုံးဟာ ဆေးယဉ်ပါးမှုကို နှုန်းထားတူညီစွာနဲ့ ဖြစ်ပေါ်စေတတ်တာမျိုး မဟုတ်ကြပါဘူး။ အချို့သော ပိုးမွှားတွေကတော့ ၎င်းတို့ရဲ့ ဇီဝဗေဒဆိုင်ရာသဘာဝနဲ့ မျိုးပွားမှုစက်ဝန်းတို့ကြောင့် ဆေးယဉ်ပါးမှု ဖြစ်ပေါ်နိုင်ခြေ ပိုမိုများပါတယ်။ 

၁။ အင်းဆက်ပိုးမွှားများ ပိုးသတ်ဆေးယဉ်ပါးမှု

အောက်ပါ အင်းဆက်ပိုးမွှားများဖြစ်ကြတဲ့ 

  • ယင်ဖြူ / Whiteflies (Neonicotinoid အုပ်စုဝင် ပိုးသတ်ဆေးများကို ဆေးယဉ်ပါး)
  • ပျပိုး / Aphids (Pyrethroid အုပ်စုဝင် ပိုးသတ်ဆေးများကို ဆေးယဉ်ပါး)
  • အာလူးကျိုင်း / Colorado potato beetles (ပိုးသတ်ဆေး အမျိုးအစား အများအပြားကို ဆေးယဉ်ပါး)

စတဲ့ အဖျက်ပိုးတွေဟာဆိုရင် ဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေနိုင်တဲ့ အလားအလာ အတော်လေးကောင်းကြပါတယ်။ ဥပမာအားဖြင့် ထပ်ပြောရရင် ဂေါ်ဖီထုပ်နဲ့ ပန်းမုံလာတွေမှာ ကျရောက်လေ့ရှိတဲ့ စိန်ကွက်ဖလံ (Diamondback moth) ဟာဆိုရင် ၎င်းကိုနှိမ်နင်းဖို့ရာ အသုံးပြုတဲ့ ပိုးသတ်ဆေး အုပ်စုတိုင်းနီးပါးကို ခံနိုင်ရည် ရှိသွားခဲ့ပြီး ဖြစ်ပါတယ်။

၂။ ပေါင်းပင်များ ပေါင်းသတ်ဆေးယဉ်ပါးမှု

အောက်ပါ ပေါင်းပင်များဖြစ်ကြတဲ့ 

  • ရိုင်းမြက် / Ryegrass (Glyphosate ပေါင်းသတ်ဆေးကို ဆေးယဉ်ပါး)
  • ဟင်းနုနွယ်အရိုင်း / Palmer amaranth (စိုက်ပျိုးရေးတွင် အဓိက စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသော ပေါင်းပင်)

အဆိုပါ ပေါင်းပင်တွေဟာ ယခင်က အလွယ်တကူ သေစေနိုင်ခဲ့တဲ့ ဆေးတွေကို လွန်မြောက် ရှင်သန်လာနိုင်ခဲ့ကြပြီး သီးနှံများကို လွှမ်းမိုးဖိစီးနိုင်သော "အားကောင်းသောပေါင်းပင်များ" (Superweeds) ဖြစ်လာကြပါတယ်။

၃။ မှိုရောဂါများ မှိုသတ်ဆေးယဉ်ပါးမှု

အောက်ပါ မှိုရောဂါများဖြစ်ကြတဲ့ 

  • ဖားဥမှိုရောဂါ / Powdery mildew (အချို့သော မှိုသတ်ဆေးများကို ဆေးယဉ်ပါး)
  • မီးခိုးမှို / Botrytis 

အစရှိတဲ့ ရောဂါတွေဟာ ၎င်းတို့အပေါ် မှိုသတ်ဆေးများကို မှားယွင်းစွာ သုံးစွဲခြင်း သို့မဟုတ် အလွန်အကျွံ အသုံးပြုခြင်းတို့ ပြုလုပ်တဲ့အခါ ပတ်ဝန်းကျင်နဲ့ လျှင်မြန်စွာ သဟဇာတဖြစ်အောင် ပြုလုပ်နိုင်ပြီး  ဆေးယဉ်ပါးအောင် ပြောင်းလဲနိုင်ကြတာ ဖြစ်ပါတယ် 

အဖျက်ပိုးမွှားအုပ်စုများအတွင်း ဆေးယဉ်ပါးမှု ဘယ်လို ပျံ့နှံ့သွားသလဲ 

ဆေးယဉ်ပါးမှုဆိုတာဟာ နေ့ချင်းညချင်း ဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ အကြောင်းအရင်း အများအပြားရဲ့ လွှမ်းမိုးမှုကြောင့် တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။ 

၁။ ကြံ့ခိုင်သန်စွမ်းသူသာ ရှင်သန်ကျန်ရစ်ခြင်း (Survival of the Fittest)

စိုက်ခင်းအတွင်းမှာ ပိုးသတ်ဆေးကို ဖျန်းလိုက်တဲ့အခါ ဆေးဒဏ်မခံနိုင်တဲ့ အဖျက်ပိုးမွှားတွေက သေဆုံးသွားမှာဖြစ်ပေမဲ့ ဆေးယဉ်ပါးတဲ့ အဖျက်ပိုးမွှားအနည်းငယ်ကတော့ ရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ အဆိုပါ ရှင်သန်ကျန်ရစ်ခဲ့တဲ့ ပိုးမွှားတွေဟာ ဆက်လက်မျိုးပွားပြီး ၎င်းတို့ရဲ့ ဆေးယဉ်ပါးနိုင်သော မျိုးဗီဇများကို နောက်မျိုးဆက်တွေမှာ လက်ဆင့်ကမ်းပေးလိုက်ကြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အချိန်ကြာလာတာနဲ့အမျှ ပိုးမွှားကောင်ရေ အုပ်စုတစ်ခုစလုံးဟာ ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိသွားကြမှာ ဖြစ်ပါတယ်။ 

၂။ ဆေးအုပ်စုတူ အချင်းချင်း ယဉ်ပါးမှု (Cross-Resistance)

ပိုးသတ်ဆေးအုပ်စု (same class) တူညီနေတယ်ဆိုပါက ဘယ်လောက်ပဲ အမျိုးအစားကွဲပြားတဲ့ ဓာတုဆေးဝါး အများအပြားကို အသုံးပြုစေကာမူ အချို့သော အဖျက်ပိုးမွှားတွေဟာ ဆေးယဉ်ပါးမှု ဖြစ်ပေါ်လာတတ်ကြပါတယ်။ ဥပမာအားဖြင့် ပေါင်းသတ်ဆေး တစ်မျိုးကို ယဉ်ပါးသွားတဲ့ ပေါင်းပင်ဟာဆိုရင် အမျိုးအစားကွဲပြီး အာနိသင်သက်ရောက်မှုပုံစံတူညီ (Mode of action) တဲ့ အခြားသော ပေါင်းသတ်ဆေးများကိုပါ ဆေးယဉ်ပါးသွားနိုင်တာမျိုး ဖြစ်ပါတယ်။ 

၃။ ဆေးအုပ်စုမျိုးစုံ ယဉ်ပါးမှု (Multiple Resistance)

အချို့သော ဆိုးရွားတဲ့အခြေအနေတွေမှာတော့ အဖျက်ပိုးမွှားတွေဟာ ပိုးသတ်ဆေး အုပ်စုအမျိုးအစား အများအပြားကို ဆေးယဉ်ပါးအောင် ပြောင်းလဲသွားတတ်တာကြောင့် ၎င်းတို့ကို နှိမ်နင်းဖို့ရာအတွက် အတော်လေး ခက်ခဲသွားစေတတ်ပါတယ်။ 

ဆေးယဉ်ပါးမှုကို ဘယ်လိုကာကွယ်ပြီး စီမံခန့်ခွဲမလဲ? 

အဖျက်ပိုးများ ဆေးယဉ်ပါးမှုကို စနစ်ကျသော ပိုးမွှားနှိမ်နင်းရေး နည်းဗျူဟာများနဲ့ စီမံခန့်ခွဲနိုင်ပါတယ်။ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 

၁။ ပိုးသတ်ဆေးများကို အာနိသင်သက်ရောက်နိုင်မှုအလိုက် အလှည့်ကျ ပြောင်းလဲသုံးစွဲပါ

ဓာတုဆေးတစ်မျိုးတည်းကို ထပ်ခါတလဲလဲ သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်

မတူညီသောကို ပိုးသတ်ဆေး အုပ်စုအမျိုးအစားများကို အလှည့်ကျ ပြောင်းလဲသုံးစွဲသင့်ပါတယ် (ဥပမာ ပထမရာသီမှာ Neonicotinoids အုပ်စုအသုံးပြုပြီး နောက်စိုက်ပျိုးရာသီမှာ Pyrethroids အုပ်စုသို့ ပြောင်းလဲသုံးစွဲခြင်း)

၂။ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းစနစ် (IPM) ကို အသုံးပြုပါ

IPM ဆိုတာဟာ ပိုးမွှားနှိမ်နင်းရေး နည်းလမ်းမျိုးစုံကို ပေါင်းစပ်အသုံးပြုခြင်း ဖြစ်ပါတယ်

ဇီဝဗေဒနည်းဖြင့်ထိန်းချုပ်ခြင်း (ဥပမာ - ပျပိုးများကို နှိမ်နင်းရန်အတွက် အကျိုးပြုအင်းဆက်များ ဖြစ်သော လိပ်ခုံးကျိုင်းများကို အသုံးပြုခြင်း)

စိုက်ပျိုးနည်းစနစ်များဖြင့် ထိန်းချုပ်ခြင်း (ဥပမာ - သီးလှည့်စိုက်ပျိုးခြင်း၊ ပင်ကြားတန်းကြား သင့်တော်စွာ ခြားစိုက်ပေးခြင်း)

ကိရိယာများဖြင့် ထိန်းချုပ်ခြင်း (ဥပမာ - ထောင်ချောက်များ၊ အကာအကွယ်အတားအဆီးများ အသုံးပြုခြင်း)

ဓာတုနည်းဖြင့် ထိန်းချုပ်ခြင်း (နောက်ဆုံးမဖြစ်မနေ နည်းလမ်းအဖြစ်မှသာ အသုံးပြုခြင်း)

၃။ ဆေးအညွှန်းပါ လမ်းညွှန်ချက်များကို လိုက်နာပါ

ပိုးသတ်ဆေးများကို မှန်ကန်သော ဆေးပမာဏ (Dose) အတိုင်း ဖျန်းပေးဖို့လိုအပ်ပါတယ်။ ဆေးလိုအပ်တာထက် လျှော့ဖျန်းလိုက်ပါက ဆေးဒဏ်ခံနိုင်ရည်ရှိသော ပိုးမွှားများကို ရှင်သန်ကျန်ရစ်ပြီး ဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မလိုအပ်ဘဲနဲ့ ဆေးဖျန်းတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

၄။ ဆေးများကို ရောစပ်ပါ သို့မဟုတ် အလှည့်ကျ သုံးစွဲပါ

သက်ရောက်မှုပုံစံ (Modes of Action) မတူညီတဲ့ ပိုးသတ်ဆေးများကို တစ်ကြိမ်တည်းတွင် ရောစပ်အသုံးပြုခြင်း သို့မဟုတ် အလှည့်ကျ သုံးစွဲခြင်းပေးဟာ ဆေးယဉ်ပါးမှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၅။ ပိုးမွှားကောင်ရေကို စောင့်ကြည့်စစ်ဆေးပါ

  • ဆေးယဉ်ပါးမှု လက္ခဏာများ ရှိမရှိကို ပုံမှန် စစ်ဆေးပေးပါ။
  • ပိုးသတ်ဆေး၏ ထိရောက်မှု ကျဆင်းလာခြင်း ရှိ/ မရှိ။
  • ဆေးဖျန်းပြီးနောက် ပိုးမွှားကောင်ရေများ လျှင်မြန်စွာ ပြန်လည်ကျရောက်လာခြင်း ရှိ/ မရှိ။

အနာဂတ် ပိုးမွှားနှိမ်နင်းရေး၏ ရေရှည်တည်တံ့သော နည်းလမ်းများ

အဖျက်ပိုးမွှားများ ဆေးယဉ်ပါးမှု ပိုမိုမြင့်တက်လာတာနဲ့အမျှ သုတေသီများနဲ့ စိုက်ပျိုးသူများဟာ အစားထိုး နည်းလမ်းများကို လေ့လာရှာဖွေ လျက်ရှိကြပါတယ်။ 

၁။ ဇီဝပိုးသတ်ဆေးများ (Biopesticides)

သဘာဝ ပစ္စည်းများ (ဥပမာ - ဗက်တီးရီးယား၊ မှို၊ အပင်ထွက် အဆီအနှစ်များ) မှ ထုတ်လုပ်ထားသော ပစ္စည်းများကို အသုံးပြုခြင်းဖြင့် ဆေးယဉ်ပါးမှု ဖြစ်ပေါ်နိုင်ခြေ ပိုမိုနည်းပါးစေနိုင်ပါတယ်။ ဥပမာအားဖြင့် 

အပင်များကို စားသောက်ဖျက်ဆီးသော ပိုးလောင်းများကို အစာအဆိပ်သင့်စေသော အကျိုးပြုဘက်တီးရီးယား Bacillus thuringiensis (Bt) ကို အသုံးပြုခြင်း 

အမျိုးမျိုးသော အဖျက်ပိုးများအတွက် သဘာဝ တမာဆီ (Neem oil) အသုံးပြုခြင်း 

၂။ အပင်များရဲ့ မျိုးဗီဇဆိုင်ရာ ဆေးယဉ်ပါးနိုင်စွမ်း

အချို့သော သီးနှံပင်များမှာဆိုရင် အဖျက်ပိုးမွှားများကို သဘာဝအတိုင်း ခံနိုင်ရည်ရှိစေဖို့ရာအတွက် မျိုးစပ်ခြင်း သို့မဟုတ် မျိုးဗီဇ ပြုပြင်ဖန်တီးခြင်းတို့ကို ပြုလုပ်ပေးထားတာကြောင့် ဓာတုဆေးဝါးများ အသုံးပြုရခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၃။ တိကျမှန်ကန်သောစိုက်ပျိုးရေး စနစ် (Precision Agriculture)

ယနေ့ခေတ် အသုံးပြုလာကြသော ဒရုန်းများဖြင့် စိုက်ခင်းများအား စောင့်ကြည့်စစ်ဆေးခြင်းနဲ့ လိုအပ်သော နေရာကိုသာ သီးသန့်ဦးတည်ကာ ဆေးဖျန်းပေးခြင်း အစရှိသော နည်းပညာသစ်များဟာ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲရမှုကို အနည်းဆုံးဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ပိုးသတ်ဆေးယဉ်ပါးမှုဟာ လက်တွေ့မှာအမှန်တကယ် ဖြစ်ပေါ်နေသော ကိစ္စရပ်တစ်ခုဖြစ်ပြီး ပိုမိုကြီးထွားလာနေတဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ၎င်းတို့ကို စနစ်ကျသော နည်းဗျူဟာများနဲ့ ထိရောက်စွာ စီမံခန့်ခွဲနိုင်ပါတယ်။ ဓာတုဆေးများကို အလှည့်ကျ သုံးစွဲခြင်း၊ IPM စနစ်ကို ကျင့်သုံးခြင်းနဲ့ အချက်အလက်သစ်များကို စဉ်ဆက်မပြတ် လေ့လာသိရှိနေခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအနေနဲ့ ဆေးယဉ်ပါးနေသော အဖျက်ပိုးမွှားများထက် ခြေတစ်လှမ်း သာနေနိုင်အုံးမှာ  ဖြစ်ပါတယ်။ 

ကိုးကားလင့်ခ်>>>  https://gardennurseryproducts.com.au/blog/can-pests-really-develop-resistance-to-pesticide/?srsltid=AfmBOorq9PLuAhgNfXRYMBxuk-mDYbQP4GEXOYDRTESVTQZRbvXVsTHz 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်