သရက်ထည်ပန်း စိုက်ပျိုးနည်း

18/08/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား
  • အင်္ဂလိပ်အမည် - Phlox, Annual Phlox  
  • သိပ္ပံအမည် - Phlox drummondii

သရက်ထည်ပန်းဟာ အလှဆင်စိုက်ပျိုးရာမှာ သင့်တော်တဲ့ ပန်းပင်တစ်မျိုးဖြစ်ပြီး အဖြူရောင်၊ ပန်းရောင်၊ အနီရောင်၊ ခရမ်းရောင်၊ နီညိုရောင် စသည်ဖြင့် အရောင်အသွေး စုံလင်စွာရှိတာ ဖြစ်ပါတယ်။ သရက်ထည်ပန်းဟာ မြန်မာနိုင်ငံရဲ့ အလှစိုက် ပန်းဈေးကွက်ထဲမှာလည်း အထိုက်အလျောက် နာမည်ရှိပြီး လူကြိုက်များတဲ့ ပန်းပင်တစ်မျိုး ဖြစ်ပါတယ်။ 

မျိုးစိတ်ပေါင်း ၆၀ ကျော်ရှိပြီး တစ်မျိုးချင်းဆီမှာ ထူးခြားတဲ့ လက္ခဏာတွေနဲ့ ကောင်းကျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ သရက်ထည်ပန်းရဲ့ မူရင်းဒေသက မြောက်အမေရိက ဒေသဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အပင်ဟာ အမြင့် ၁ ပေကနေ ၁ ပေခွဲခန့် အထိသာ ကြီးထွား‌လေ့ရှိတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိတဲ့ အပင်တွေဖြစ်ပြီး မြေဆီလွှာ အများစုမှာလည်း ရှင်သန်ပေါက်ရောက်နိုင်တာ ဖြစ်ပါတယ်။ နေရောင်ခြည် အလုံအလောက်ရရှိတဲ့ နေရာမှာ စိုက်ပျိုးနိုင်ပြီး မြေဩဇာ ပုံမှန်ကျွေးပေးခြင်းဖြင့် လှပတဲ့ ပန်းပွင့်တွေ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ 

ပျိုးထောင်ခြင်း

သရက်ထည်ပန်း စိုက်ပျိုးရန်အတွက် အလျား ပေ ၂၀၊ အနံ ၃ ပေ ရှိတဲ့ ပျိုးဘောင်များ ပြုလုပ်ပြီး တစ်တန်းနဲ့ တစ်တန်းကို ၂ - ၃ လက်မခွာပြီး ပျိုးထောင်နိုင်ပါတယ်။ မျိုးစေ့ချပြီးတဲ့နောက်မှာ အပေါ်ယံကို မြေသားနည်းနည်းပြန်ဖုံးပေးပြီး ရေလောင်းရမှာ ဖြစ်ပါတယ်။ အပင်ငယ်များမှ အရွက် ၄ ကနေ ၆ ရွက်အထိ ထွက်လာချိန်မှာ စိုက်ခင်းထဲကို ရွှေ့ပြောင်း စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းစိုက်ပျိုးရာမှာ နုတ်ယူရ လွယ်ကူစေရန် ရေလောင်းပြီး ခဏကြာမှ နုတ်ယူသင့်ပါတယ်။ 

စိုက်ပျိုးခြင်း

စိုက်ပျိုးတဲ့အခါ မျိုးစေ့ကနေ စိုက်ပျိုးတာထက် ကိုင်းဖြတ်မျိုးပွားခြင်း (cutting) နဲ့ ပျိုးပင်ကနေ စိုက်ပျိုးခြင်းတို့ ပြုလုပ်ကြတာ များပါတယ်။ စိုက်ခင်းထဲမှာ စိုက်မယ်ဆိုရင် စိုက်ဘောင်များ ဖော်ပြီးတော့ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ဘောင်ကို အလျား ပေ ၃၀ အနံ ၅ ပေ ထားရှိပြီး ပင်ကြား ၆ လက်မနဲ့ တန်းကြား ၉ လက်မ ခြားပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးရာမှာ ကျင်းငယ်လေးတွေတူးထားပြီး ပျိုးပင်တွေရဲ့ အမြစ်များမနာအောင် ဂရုတစိုက်ကိုင်တွယ်စိုက်ပျိုးကာ ရေလောင်းပေးရမှာ ဖြစ်ပါတယ်။  

အလင်းရောင် 

အထက်မှာဖော်ပြခဲ့သလိုပဲ လှပတဲ့ပန်းပွင့်တွေ ရရှိစေဖို့အတွက် သင့်တော်တဲ့ နေရောင်ခြည် ကောင်းကောင်းရရှိတဲ့ နေရာမှာစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တစ်နေ့ကို အနည်းဆုံး ၆ - ၈ နာရီ နေရောင်ခြည် ကောင်းကောင်းရတဲ့ နေရာမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပိုပြီး သင့်တော်ပါတယ်။ တကယ်လို့ မိမိစိုက်ပျိုးမယ့် နေရာဟာ ရာသီဥတုအရမ်းပူပြင်းတယ်ဆိုရင်တော့ အရိပ်အနည်းငယ်ရတဲ့ နေရာမှာလည်း စိုက်ပျိုးနိုင်ပါတယ်။ 

မြေဆီလွှာ

သရက်ထည်ပန်းဟာ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်တယ်ဆိုပေမယ့် မြေဆီဩဇာထက်သန်တဲ့ မြေမှာ ပိုပြီးရှင်သန် ဖြစ်ထွန်းနိုင်ပါတယ်။ မြေသားအနည်းငယ်ပွယောင်းပြီး ရေစိမ့်ဝင်နိုင်မှု ကောင်းတဲ့ မြေကို ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ မြေဆီလွှာ သမမျှတတဲ့ အခြေအနေကနေ အက်စစ်ဓာတ် အနည်းငယ်ဆန်တဲ့ မြေမှာလည်း စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ 

ရေ 

သရက်ထည်ပန်းပင်ဟာ ရေဝပ်တာမျိုး မဟုတ်ဘဲ အစိုဓာတ်အမြဲရှိနေတာကို ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေပုံမှန်လောင်းပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိုးရွာသွန်းမှုနည်းပြီး ပူပြင်းတဲ့ နေရာတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ရေကို မကြာခဏ လောင်းပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နွေရာသီလို အချိန်မျိုးမှာဆိုရင် အပင်ခြေမှာ မြေဆွေးခပ်ပါးပါးနဲ့ ကောက်ရိုး (သို့မဟုတ်) သစ်ရွက်ခြောက် ၂ လက်မခန့် ဖုံးအုပ်ပေးထားခြင်းဖြင့် အာဟာရဓာတ်နဲ့ အစိုဓာတ် ရရှိစေမှာ ဖြစ်သလို ပေါင်းနှိမ်နင်းဖို့အတွက်လည်း ကူညီနိုင်မှာ ဖြစ်ပါတယ်။ 

အပူချိန်နဲ့ စိုထိုင်းဆ

သရက်ထည်ပန်းတွေဟာ ပူပြင်းခြောက်သွေ့တဲ့ နေရာဒေသကနေလာတဲ့ အပင်တွေဖြစ်တာကြောင့် ပူနွေးတဲ့ ရာသီဥတုနဲ့ နေရောင်ခြည်ကို ကောင်းကောင်း ခံနိုင်ရည်ရှိကြပါတယ်။ အသင့်တော်ဆုံး အပူချိန်က ၂၀ - ၂၃  ဒီဂရီစင်တီဂရိတ် အတွင်း ဖြစ်ပါတယ်။ သရက်ထည်ပန်းပင်ဟာ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် အထိ ခံနိုင်ရည်ရှိပေမယ့် ၎င်းအပူချိန်ရောက်တဲ့အခါမှာတော့ အပင်ရဲ့ ပန်းပွင့်မှုကို ထိခိုက်နိုင်ပါတယ်။ မြေဆီလွှာမှာ အစိုဓာတ်ရှိနေတာကို ကြိုက်နှစ်သက်ပေမယ့် ပတ်ဝန်းကျင်မှာ စိုထိုင်းဆများနေတာကို‌တော့ ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။ စိုထိုင်းဆအရမ်းများတဲ့ နေရာတွေမှာ စိုက်ပျိုးတဲ့အခါ ဖားဥမှိုရောဂါ ကျရောက်တတ်တာကြောင့် သတိပြုသင့်ပါတယ်။ 

မြေဩဇာ

အပင်စိမ်းလန်းစိုပြေပြီး လှပတဲ့ပန်းပွင့်တွေ ရရှိစေဖို့အတွက် မြေဩဇာကျွေးဖို့ လိုအပ်ပါတယ်။ အပင်ပိုင်းကြီးထွားမှုအတွက် ကောင်းစေတဲ့ နိုက်ထရိုဂျင် မြေဩဇာ အလွန်အကျွံကျွေးတာမျိုးကို ရှောင်ရှားသင့်ပါတယ်။ နိုက်ထရိုဂျင် အများအပြားကျွေးတဲ့အခါ ပန်းပွင့်နိုင်မှု စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်တာကြောင့်  ဖြစ်ပါတယ်။ မြေဩဇာတွေ လိုတာထက် ပိုကျွေးတဲ့အခါ အပင်ရဲ့အမြစ်တွေကို လောင်စေနိုင်ပြီး နောက်ဆုံးမှာ အပင်ကိုပါ သေစေနိုင်ပါတယ်။ 

အပွင့်ရရှိဖို့ကို အဓိကထားပြီး စိုက်ပျိုးတာ ဖြစ်တဲ့အတွက် တီစူပါ မြေဩဇာကို မျှတအောင် ကျွေးနိုင်ပါတယ်။ အာဟာရအားလုံး အညီအမျှရရှိအောင် ကွန်ပေါင်း မြေဩဇာကျွေးနိုင်ရင်တော့ အသင့်တော်ဆုံးပါပဲ။ အပင်မှာ အဖူးတွေ စတွေ့ရတဲ့အခါ သဘာဝမြေဆွေး ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ သရက်ထည်ပန်းတွေကို မြေဩဇာကျွေးတဲ့အခါ သတိပြုရမယ့် အချက်တစ်ချက်က ရွက်ဖျန်း မြေဩဇာအသုံးမပြုသင့်တာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သရက်ထည်ပန်းရဲ့ အရွက်တွေဟာ စေးကပ်ပြီး အမွေးအမျှင်တွေပါရှိနေတဲ့အတွက် အာဟာရစုပ်ယူနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ 

ရိတ်သိမ်းခြင်း 

သရက်ထည်ပန်းဟာ ရက်သတ္တပတ်အနည်းငယ်ကြာအောင် တစ်ပြိုင်တည်းအများကြီး ပန်းပွင့်ပြီးတဲ့နောက် တဖြည်းဖြည်းနဲ့ နှေးကွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလှထိုးဖို့ ခူးဆွတ်ချင်တယ်ဆိုရင်တော့ အပင်မှာ ၅၀ ရာခိုင်နှုန်းခန့် ပန်းပွင့်နေပြီဆိုရင် ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။ အပင်ရှည်တဲ့မျိုးတွေဆိုရင်တော့ ပန်းအလှထိုးဖို့အဆင်ပြေပေမဲ့ အပင်ပုမျိုးဆိုရင်တော့ မြေဖုံးအလှစိုက်ပင်အနေနဲ့က ပိုသင့်တော်ပါတယ်။  

ဇင်ထူးနိုင်

Ref: 

- https://www.thespruce.com/ 

- ခေတ်မီဘက်စုံ စိုက်ပျိုးနည်းပညာ - မျိုးသန့် (B.Ag) ရေဆင်းတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်