အင်းလေးဒေသတွင် ဝက်များသေ၍ ဝက်သားစားခြင်းကို ရှောင်ကြဉ်နေကြ

23/06/2026 14:32 PM တွင် AMIA AMIA မှ ရေးသား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသတွင် ဝက်များ ရောဂါကူးစက်ဖြစ်ပွားပြီး သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံ မွေးမြူရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

ရောဂါကူးစက်ခံရသည့် ဝက်များမှာ ခန္ဓာကိုယ်တွင် အပူရှိန်မြင့်တက်ပြီး ပါးစပ်အပါအဝင် ခန္ဓာကိုယ်ရှိ အပေါက်များမှ သွေးခဲများ ကျဆင်းခြင်း၊ အာခံတွင်း၌ ကိုယ်အပူရှိန်ကြောင့် အရည်ကြည်ဖုများ တွေ့ရှိရခြင်းတို့ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ဒါ့ကြောင့် လတ်တလောတွင် အင်းလေးကန်ဒေသအတွင်း၌ အလှူအတန်းအပါအဝင် အခမ်းအနားများတွင် ဝက်သားကျွေးမွေးခြင်းကို ရှောင်ကြဉ်ထားကြကြောင်း သိရသည်။

"တစ်နိုင်တစ်ပိုင် မွေးမြူတဲ့ ဝက်တွေ သေတာမှာ အဲဒီလိုလက္ခဏာတွေ တွေ့ရတော့ ဝက်သား မစားရဲကြတော့ဘူး။ သေတဲ့ဝက်တွေကို ရင်ခွဲကြည့်တော့လည်း အူနဲ့ ကလီစာတွေမှာ အစက်အပြောက်ပုံစံတွေ တွေ့ရတယ်။ ဒါကြောင့် အချို့က ဝက်သေတွေကို မစားကြတော့ဘူး" ဟု ညောင်ရွှေမြို့နယ်မှ ဝက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဝက်များ ခန္ဓာကိုယ်အပူချိန် မြင့်တက်ပြီး သေဆုံးမှုသည် ပြီးခဲ့သည့် မေလလောက်ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခု ဇွန်လအထိလည်း ဝက်သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

အင်းလေးကန်ဒေသတွင် ဝက်များ သေဆုံးသည့် ရောဂါလက္ခဏာမှာ အာဖရိကန်ဝက်ဖျားရောဂါ (African Swine Fever – ASF) နှင့် ဆင်တူမှုရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများဘက်က အတည်ပြုသတင်း ထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။

"သွေးထွက်တာ၊ အစာမစားတာ၊ အပူချိန်မြင့်တာတွေက တူနေတယ် ပြောရမှာပေါ့။ သေတာကလည်း မြန်နေတယ်ဆိုတော့လေ ခန့်မှန်းကြတာပါ။ သက်ဆိုင်ရာက လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပေးရင် သံသယတွေ ရှင်းသွားတာပေါ့" ဟု အင်းလေးကန်ဒေသမှ ဝက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

အာဖရိကန်ဝက်ဖျားရောဂါ (ASF) လက္ခဏာများမှာ ဝက်များ အဖျားကြီးခြင်း၊ အစာမစားခြင်း၊ အားနည်းခြင်း၊ အရေပြားအရောင် ပြောင်းလဲခြင်း၊ အသက်ရှုခက်ခဲခြင်းနှင့် သွေးထွက်ခြင်းစသည့် ရောဂါလက္ခဏာများ တွေ့ရနိုင်ကြောင်း တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။

အဆိုပါရောဂါသည် ဝက်များနှင့် တောဝက်များတွင် ဖြစ်ပွားလေ့ရှိသည့် ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး ဝက်အချင်းချင်း ကူးစက်နှုန်းမြင့်မားကာ သေဆုံးမှုနှုန်းလည်း မြင့်မားသော်လည်း လူကိုမူ ရောဂါကူးစက်နိုင်ခြင်း မရှိကြောင်း သိရသည်။

လက်ရှိတွင် ဝက်အရှင်ဖမ်းဈေးနှုန်း ကျဆင်းနေခြင်းကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အရှုံးနှင့် ကြုံတွေ့နေရချိန်တွင် ဝက်သေဆုံးမှုများပါ ထပ်မံရင်ဆိုင်နေရသည့်အတွက် ဆုံးရှုံးမှု ပိုမိုများပြားနေကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်