ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်း ကောင်းမွန်ရုံတင်မကဘဲ ဈေးကွက်အတွင်း အဖိုးတန်ပြီး အရည်အသွေးမြင့်မားသော ခရမ်းချဉ်သီးများ ရရှိရန်မှာ အဓိကပန်းတိုင် ဖြစ်ပါသည်။
ခရမ်းချဉ်သီး၏ အရောင်၊ အနံ့၊ အရသာ နှင့် အသားအိမှုကဲ့သို့သော အရည်အသွေး စံနှုန်းများသည် အပင်ကြီးထွားမှု နောက်ပိုင်း အဆင့် (Later stages of growth) နှင့် အသီးကြီးထွားလာချိန် (Fruit fill) တို့တွင် စတင်အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် ပတ်ဝန်းကျင်နှင့် စိုက်ပျိုးမှုဆိုင်ရာ အကန့်အသတ်များကြောင့် သီးနှံအရည်အသွေး မထိခိုက်စေရန် အထူးဂရုစိုက် စီမံခန့်ခွဲရမည် ဖြစ်သည်။
၁။ အသီးမှည့်နှုန်းနှင့် သီးနှံတစ်ညီတည်း ဖြစ်စေရန် ထိန်းချုပ်ခြင်း
ခရမ်းချဉ်သီးကို အချိန်ပြည့် တည်ငြိမ်စွာ ကြီးထွားစေခြင်းက အရည်အသွေး ကောင်းမွန်ဖို့အတွက် အခြေခံကျသည်။ တောင်သူများအနေဖြင့် အသီးမှည့်ခြင်း လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း စီမံနိုင်သည်။
မှန်လုံအိမ် (ဂရင်းဟောက်စ်) အပူချိန် လျှော့ချခြင်း
မှန်လုံအိမ်အတွင်း အပူချိန်ကို လျှော့ချပေးခြင်းဖြင့် အသီးမှည့်နှုန်းကို လိုအပ်သလို နှေးကွေးအောင် ထိန်းညှိနိုင်သည်။
အသီးမှည့်ဆေး (Fruit Ripening Agent) အသုံးပြုခြင်း
ခရမ်းချဉ်သီးများ စိုက်ပျိုးရာတွင် သီးနှံများ တစ်ပြိုင်နက်တည်း တစ်ညီတည်း မှည့်စေရန်အတွက် မရိတ်သိမ်းမီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် အသီးမှည့်ဆေးကို အသုံးပြုနိုင်သည်။
ခူးဆွတ်ပြီးနောက် အမြန်မှည့်စေခြင်း
ခူးဆွတ်ထားသော ခရမ်းချဉ်သီး အစိမ်းများကို အီသိုင်လင်း (Ethylene) သို့မဟုတ် အီသီဖွန် (Ethephon) ဆေးများဖြင့် ပက်ဖျန်းပေးခြင်းဖြင့် အသီးမှည့်ခြင်းကို ပိုမိုမြန်ဆန် စံချိန်ကိုက် ဖြစ်စေနိုင်သည်။
၂။ အဖြစ်များသော ခရမ်းချဉ်သီး ချို့ယွင်းချက် (ရောဂါများ) နှင့် ကာကွယ်နည်းများ
ခရမ်းချဉ်သီးတွင် ဖြစ်တတ်သော အနာအဆာများနှင့် ချို့ယွင်းချက်များကို လျှော့ချနိုင်မှသာ ဈေးကွက်ဝင် သီးနှံကောင်းများ ရရှိမည် ဖြစ်သည်။ ၎င်းပြဿနာများကို အောက်ပါအတိုင်း ကာကွယ်နိုင်သည် -
က။ အသီးပုပ်ရောဂါ / ဖင်ပုပ်ရောဂါ (Blossom End Rot - BER)
ခရမ်းချဉ်သီး ဖင်ပိုင်း မည်းပြီး ပုပ်သွားသော ပြဿနာသည် ရေ လိုအပ်ချက် အတက်အကျ အပြောင်းအလဲ အလွန်အမင်း ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ရသည်။မြေဆီလွှာ အစိုဓာတ်ကို အမြဲတည်ငြိမ်နေစေရန် မြေဖုံးခြင်း (Mulching) ကို ကောက်ရိုး သို့မဟုတ် ပလတ်စတစ်ဖြင့် စနစ်တကျ ပြုလုပ်ပေးရမည်။မှန်လုံအိမ်အတွင်းနေ့နှင့်ည စိုထိုင်းဆကို သေချာထိန်းချုပ်ပြီး အပင်၏ ရေငွေ့ပျံနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းပေးခြင်းဖြင့် BER ဖြစ်ပွားမှုကို လျှော့ချနိုင်သည်။
ခ။ အကွက်လိုက်မှည့်ခြင်း (Blotchy ripening)
ခရမ်းချဉ်သီး တစ်လုံးတည်းတွင် တစ်ခြမ်းနီ၊ တစ်ခြမ်းဝါ သို့မဟုတ် အကွက်များ ဖြစ်နေခြင်းသည် အပူချိန်နိမ့်ခြင်း၊ ရေလွန်ကဲခြင်း၊ မြေဆီလွှာ အငန်ဓာတ်နည်းခြင်းနှင့် အလင်းရောင် အားနည်းခြင်းတို့ကြောင့် ဖြစ်တတ်သည်။ရေသွင်းစနစ် (ရေပမာဏနှင့် လျှပ်ကူးနိုင်စွမ်း - EC) ကို စနစ်တကျ ပြောင်းလဲပေးရမည်။ ထို့အပြင် နေရောင်ခြည်နှင့် လေဝင်လေထွက် ကောင်းစေရန် အရွက်အို/ဟောင်းခြွေပေးခြင်း ကို လုပ်ဆောင်ပေးရမည်။
ဂ။ နေလောင်ခြင်း (Sunscald)
နေရောင်ခြည် တိုက်ရိုက် ပြင်းထန်စွာ ကျရောက်ပါက အသီးများ ကွက်ပြီး ပျက်စီးတတ်သည်။စနစ်တကျရှိသော ရေသွင်းမှုနှင့် သီးနှံကာကွယ်ရေး စီမံခန့်ခွဲမှုများ လုပ်ဆောင်ပြီး၊ ခရမ်းချဉ်သီးအပေါ် အရွက်များ၏ အရိပ်မိုးမှုကို တိုးမြှင့်ပေးရမည်။ စိုက်ပျိုးမှု သိပ်သည်းဆ တိုးမြှင့်ခြင်းနှင့် အပူဒဏ်ခံနိုင်သော မျိုးစေ့ကို မှန်ကန်စွာ ရွေးချယ်ခြင်းတို့ဖြင့်လည်း ဆောင်ရွက်နိုင်သည်။
ဃ။ အသီး အက်ကွဲခြင်း (Cracking )
ဤပြဿနာသည် အပင်ကို ရေပေးဝေမှု အတက်အကျ မမှန်ခြင်း (ဥပမာ - မြေကြီး အလွန်ခြောက်သွေ့သွားပြီးမှ ရေအလွန်အကျွံ သွင်းခြင်း) ကြောင့် ပိုမိုဆိုးရွားစေသည်။ ထို့ကြောင့် ရေကို ပုံမှန်နှင့် နည်းစနစ်တကျ သွင်းပေးရမည်။
င။ အသီးပွခြင်း (Puffiness)
အသီးကို ကိုင်ကြည့်ပါက အတွင်းတွင် အခေါင်းပွကြီး ဖြစ်နေခြင်းသည် အလင်းရောင်နည်းခြင်းနှင့် အပူချိန်နိမ့်သော အခြေအနေများနှင့် ဆက်စပ်နေသည်။အသီးအလွန်အကျွံ တင်နေပါက အသီးခြွေပေးခြင်း (Thinning) ပြုလုပ်ပါ။ အပင် အလွန်အမင်း ဝေဆာမှုကို ကာကွယ်ရန်နှင့် အရိပ်မိုးနေသော သစ်ကိုင်း သစ်ရွက်များကို ဖယ်ရှားပေးရမည်။

၃။ အာဟာရဓာတ် (မြေသြဇာ) စီမံခန့်ခွဲမှုနှင့် အကျိုးသက်ရောက်မှု
ခရမ်းချဉ်သီး အရည်အသွေးကို မြှင့်တင်ရန်အတွက် အပင်စတင်စိုက်ပျိုးချိန်နှင့် အပင်ကြီးထွားမှု အစောပိုင်းအဆင့် များကတည်းက မြေသြဇာကို မျှတစွာ ကျွေးရမည်။
ပိုတက်စီယမ် (Potassium - K): ခရမ်းချဉ်သီးအတွက် အရေးကြီးဆုံး အာဟာရဓာတ် ဖြစ်သည်။ အသီးမှည့်မှု ညီညာခြင်း၊ အသီးပုံသဏ္ဌာန် လှပခြင်း၊ အချဉ်ဓာတ်နှင့် အရသာကို ကောင်းမွန်စေသည်။ ပိုတက်စီယမ် မြင့်မားစွာ ကျွေးခြင်းက အသီးပွခြင်းကို လျော့နည်းစေသည်။
နိုက်ထရိုဂျင် (Nitrogen - N): နိုက်ထရိုဂျင်သည် အပင်ကြီးထွားရန် လိုအပ်သော်လည်း များလွန်းပါက အသီးပွခြင်းကို ပိုမိုဆိုးရွားစေပြီး အသီးမှည့်ခြင်းကို နှေးကွေးစေနိုင်သည်။ အသီးတွင် ပိုတက်စီယမ်နှင့် နိုက်ထရိုဂျင် ပမာဏ မျှတစွာ မြင့်မားနေခြင်းက အသီးအကွက်လိုက်မှည့်ခြင်းနှင့် အသီးအစိမ်းကွက်ဖြစ်ခြင်း (Greenback) အနာအပများကို လျော့နည်းစေသည်။ အမ်မိုနီယမ် ပုံစံဖြင့် နိုက်ထရိုဂျင် များလွန်းပါက ခရမ်းချဉ်သီး၏ အရသာကို ဆိုးရွားစွာ ထိခိုက်စေသည့်အပြင် ကယ်လ်စီယမ် စုပ်ယူမှုကို ဟန့်တားသဖြင့် အသီးပုပ်ရောဂါ (BER) ကို ပိုမိုဖြစ်ပွားစေသည်။
ကယ်လ်စီယမ် (Calcium - Ca): ကယ်လ်စီယမ်သည် အသီးမာကျောမှုကို ထိန်းသိမ်းရန်နှင့် သယ်ယူပို့ဆောင်စဉ် ပျက်စီးမှုများကို ကာကွယ်ရန် အလွန်အရေးကြီးသည်။ အမြစ်ဇုန်တွင် ကယ်လ်စီယမ် ပမာဏ မြင့်မားစွာ ရှိနေစေရန် ထိန်းသိမ်းပေးခြင်းဖြင့် ဖင်ပုပ်ရောဂါ (BER) ကို ထိရောက်စွာ ကာကွယ်နိုင်သည်။
ဘိုရွန် (Boron - B): ဘိုရွန်ဓာတ် နည်းပါးပါက အသီးတွင် အရောင်ဖျော့တော့ခြင်းကို ဖြစ်ပေါ်စေပြီး ဈေးကွက်ဝင် အရည်အသွေးကို ကျဆင်းစေနိုင်သည်။
ဇင့်ဓာတ် (Zinc - Zn): ဇင့်ဓာတ်သည်လည်း ခရမ်းချဉ်သီး၏ အတွင်းပိုင်း အရည်အသွေးနှင့် အပင်ကျန်းမာရေးကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
ခရမ်းချဉ်သီး စိုက်ပျိုးရာတွင် အရည်အသွေး ရရှိရန်အတွက် "ရေသွင်းစနစ် မှန်ကန်ခြင်း၊ အာဟာရဓာတ် မျှတခြင်းနှင့် ပတ်ဝန်းကျင် အပူချိန်/အလင်းရောင်ကို စီမံနိုင်ခြင်း" တို့သည် အဓိက သော့ချက်များ ဖြစ်သည်။ အထူးသဖြင့် အသီးတင်ချိန်နှင့် ရင့်မှည့်ချိန်များတွင် အပင်ကို ဖိစီးမှု (Stress) မဖြစ်အောင် ဂရုစိုက်ခြင်းဖြင့် တောင်သူဦးကြီးများအနေဖြင့် ဈေးကောင်းရ အရည်အသွေးမြင့် ခရမ်းချဉ်သီးများကို ဆွတ်ခူးရရှိနိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။