သူကြွယ်ဂမုန်းပင်များ အိပ်စက်ခြင်းပေါ် မြန်မာတို့၏ ယုံကြည်ယူဆချက်များအား စိုက်ပျိုးရေးသိပ္ပံရှုထောင့်မှ သုံးသပ်ကြည့်ခြင်း

15/01/2018 17:06 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

သူကြွယ်ဂမုန်းလို့ ကျနော်တို့မြန်မာအများစုခေါ်ကြတဲ့ အိမ်အလှဆင်အပင်လေးတွေကို တချို့ မြင်ဖူးကြမယ်လို့ ထင်ပါတယ်။ တချို့လည်း အပင်ကို နာမည်နဲ့ တွဲပြီး မသိသော်လည်း ဖြတ်သွားဖြတ်လာမြင်ဖူးကြပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့ Prayer Plant လို့ခေါ်ပါတယ်။ သူ့ရဲ့ ရုက္ခဗေဒအမည်ကတော့ Maranta leuconeura ပါ။ မျိုးစိတ် (species) နဲ့ မျိုး (variety) ပေါ်မူတည်ပြီး အပင်ရဲ့အရောင်အသွေးပုံသဏ္ဏန်တော့ ကွာခြားတာတွေရှိပါတယ်။

ဒီသူကြွယ်ဂမုန်းပင်လေးတွေမှာ ထူးခြားတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။ နေ့အခါမှာ သူကြွယ်ဂမုန်းအပင်လေးတွေက အခြားအပင်များလိုပဲ အရွက်လေးတွေ ပြန့်ကားပြီး လှလှပပတွေ့ရပေမယ့် နေဝင်မှောင်လာတာနဲ့အမျှ အရွက်ကလေးတွေဟာ မျက်နှာခြင်းဆိုင် စုပြီး ထောင်လာပါတယ်။ အဲသလို အရွက်ကလေးတွေ စုပြီးထောင်လာတဲ့ ပုံသဏ္ဏန်ဟာ လူတွေ အရိုအသေပေး/ကန့်တော့တဲ့အခါမှာ လက်အုပ်ချီထားတဲ့ ဟန်ပန်နဲ့ တူလို့ သူရဲ့အမည်ကို Prayer Plant လို့ သုံးစွဲခဲ့ဟန်တူပါတယ်။ ကျနော်တို့ အပင်မြတ်နိုးသူ မြန်မာများကတော့ ညအခါမှာ သူကြွယ်ဂမုန်းအပင်လေးတွေရဲ့ အရွက်လေးတွေ မျက်နှာချင်းဆိုင်စုပြီး ထောင်သွားတာကို “အပင်လေးတွေ အိပ်ကြပြီ” လို့ သတ်မှတ်ကြပါတယ်။

သူကြွယ်ဂမုန်းအပင်လေးတွေဟာ နေ့စဉ်နဲ့အမျှ နံနက်နေရောင်ခြည်လာရင် အရွက်တွေပြန့်ကားပြီး အိပ်ယာက ထလာကြ၊ ညနေစောင်းလို့ နေဝင်သွားရင် အရွက်လေးတွေ စုကပ် ထောင်သွားပြီး အိပ်ယာဝင်ကြနဲ့ ပုံမှန်ဖြစ်စဉ်ပါပဲ။ ဒါပေမယ့်လို့ တခါတရံမှာ သူကြွယ်ဂမုန်းအပင်လေးတွေဟာ ညအခါမှာ မအိပ်စက်ဘဲ အရွက်ကလေးတွေ ပြန့်ကားနေတတ်ကြပါတယ်။ တချို့က ဒီအပင်လေးတွေကို အယူသီးစွာနဲ့ နေ့စဉ်စောင့်ကြည့်တတ်ပါတယ်။ အပင်လေးတွေ ညအခါမှာ မအိပ်တော့ဘူးဆိုရင်တော့ “သေချာပြီ၊ ဒီည အိမ်မှာ တစ်ခုတစ်ခု ဖြစ်တော့မှာမို့ အပင်လေးတွေက မအိပ်ဘဲ စောင့်နေကြပြီ၊ အပင်လေးတွေက ဒို့ကို သတိပေးနေကြပြီ” ဆိုပြီး အယူအဆယုံကြည်ချက်တွေရှိပါတယ်။ တချို့ကလည်း သူတို့ရဲ့ အတွေ့အကြုံအရ သူကြွယ်ဂမုန်းပင်လေးတွေ မအိပ်တဲ့ ညမှာ အိမ်ကို သူခိုးကပ်ခြင်း၊ ဓားပြဝင်တိုက်တာခံရခြင်းစတဲ့ အတွေ့အကြုံတွေကို ရေးသားဖော်ပြကြ ပြောဆိုဆွေးနွေးကြတာတွေကို မှတ်သားခဲ့ရဖူးပါတယ်။

သူကြွယ်ဂမုန်းပင်လေးတွေရဲ့ ပုံမှန်အိပ်စက်ခြင်းနဲ့ တခါတရံ မအိပ်စက်ခြင်းတို့ကို စိုက်ပျိုးရေးသိပ္ပံရှုထောင့်ကနေ ချဉ်းကပ် သုံးသပ်ကြည့်ပါ့မယ်။

သူကြွယ်ဂမုန်းပင်လေးတွေ နေ့အခါမှာ အရွက်တွေပြန့်ကားလာပြီး ညအခါမှာ အရွက်တွေစုထောင်သွားတဲ့ ပုံမှန်ဖြစ်စဉ်ဟာ ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းနဲ့ ပြောရရင် Circadian Rhythmic Movement ပါ။ အပင်ကိုလိုက်ပြီး ဒီ Cicadian Rhythmic Movement က မတူကြပါဘူး။ တချို့အပင်တွေမှာ ဒီဖြစ်စဉ်က သိသိသာသာမထင်ရှားပါဘူး။ တချို့အပင်တွေကျတော့ အရွက်တွေမှာ ဖြစ်ပျက်တာကို တွေ့ရပါတယ်။ သူကြွယ်ဂမုန်းဆိုရင် သူ့ရဲ့  Cicadian Rhythmic Movement ဟာ အရွက်မှာ ဖြစ်တာတွေ့ရပါတယ်။ ဒါကြောင့် Cicadian Rhythmic Movement of the leaves လို့ ပြောကြပါတယ်။ တချို့အပင်တွေမှာတော့ ပန်းပွင့်တွေမှာ တွေ့ရတတ်ပါတယ်။ Morning glories (Ipomea leptophylla) ဆိုတဲ့ အပင်မှာဆို အပွင့်ဟာ နံနက်ပိုင်းမှာ ပွင့်ပြီး ညအခါမှာ ပိတ်သွားတတ်ပါတယ်။ အဲဒီလို အပွင့်မှာ ဖြစ်တယ်ဆိုရင်တော့ Cicadian Rhythmic Movement of the flower လို့ သုံးစွဲပါတယ်။ ဒီ Cicadian Rhythms ဟာ အပင်အပါအဝင် သက်ရှိတွေရဲ့ ဇီဝကမ္မဗေဒအပြုအမူပေါ် မူတည်ပြီး နေ့ညအလိုက် ပြောင်းလဲမှု ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ တချို့သက်ရှိက နေ့အခါမှာ ပိုပြီး အသက်ဝင် (active) လေ့ရှိပြီး တချို့က ညအခါမှာ ပိုပြီး အသက်ဝင်လေ့ရှိတတ်ပါတယ်။

သူကြွယ်ဂမုန်းပင်တွေမှာ အရွက်ကလေးတွေဟာ နေ့အခါမှာ ပြန့်ကားပြီး ညအခါမှာ စုထောင်သွားတာကိုကြည့်ရင် နေ့အခါမှာ ပိုပြီးအသက်ဝင်သော Diurnality သဘာဝရှိတဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ ဘာသာရပ်ဆိုင်ရာစကားနဲ့ပြောရရင် Nyctinastic Behavior လို့ သုံးပါတယ်။ တနည်းပြောရရင် သူကြွယ်ဂမုန်းပင်ရဲ့ အသက်ဝင်မှု Diurnal pattern ဟာ အလင်းရောင်ပြင်းအား (Light intensity) နဲ့ အပူချိန် (temperature) တို့အပေါ်မူတည်ပြီး တုန့်ပြန်တာဖြစ်ပါတယ်။ သူကြွယ်ဂမုန်းပင်လေးတွေဟာ သူ့ရဲ့သဘာဝအရကိုက အလင်းရောင်ကို သိပ်မကြိုက်နှစ်သက်ကြပါဘူး။ သို့သော်လည်း အပင်မှာ အစိုဓာတ်အမြဲမပြတ်ရှိနေတာကိုတော့ ကြိုက်နှစ်သက်တဲ့ အပင်ကလေးတွေပါ။

သူကြွယ်ဂမုန်းပင်လေးတွေ ပုံမှန်မဟုတ်ဘဲ ညအခါမှာလည်း အရွက်ကလေးတွေဟာ ပြန့်ကားနေတယ်ဆိုတာဟာ သူလိုအပ်တဲ့ အလင်းရောင်ထက် ပိုပြီးရတဲ့အခါ ဖြစ်တတ်ပါတယ်။ ဥပမာ- အပင်လေးတွေစိုက်ထားတဲ့နေရာ အနီးတဝိုက်မှာ ညနေစောင်းတဲ့အခါ အလင်းရောင်ရစေတဲ့ မီးသီးမီးချောင်းတွေရှိနေရင် သူ့အတွက် လိုအပ်တာထက်ပိုပြီး အလင်းရောင်ရတာဖြစ်တဲ့အတွက် အပင်လေးတွေ ပုံမှန်အတိုင်းအရွက်လေးတွေစုထောင်ပြီး အိပ်မသွားဘဲ ရှိနေတတ်ပါတယ်။ တခါတရံအပင်လေးတွေကို နေရာအပြောင်းအရွေ့လုပ်ရင်လည်း ညအခါမှာ အပင်လေးတွေ မအိပ်ဘဲ ဖြစ်တတ်ပါတယ်။ နေ့တာရှည်တဲ့ နွေရာသီလိုကာလမျိုးဆို ပိုဖြစ်နိုင်ဖွယ်ရှိပါတယ်။

နောက်ထပ်ဖြစ်တတ်တာတစ်ခုက အပင်မှာ အစိုဓာတ်လုံလောက်စွာ ရမနေခြင်းပါ။ သူကြွယ်ဂမုန်းအပင်လေးတွေဟာ အစိုဓာတ်လုံလောက်စွာရမှသာလျှင် အရွက်အောက်ခြေရှိ ရိုးတံရဲ့အဖောင်းလေး (pulvinus) အတွင်းမှာရှိတဲ့ ဆဲလ်အရည်တွေတင်း (turgor pressure) လာပြီး ညအခါမှာ အရွက်တွေဟာ စုပြီးထောင်လာတတ်တာပါ။ ဒါကြောင့် အပင်အတွက် လိုအပ်တဲ့ လိုအပ်တဲ့ အစိုဓာတ်မရတဲ့အခါမျိုးမှာလည်း သူကြွယ်ဂမုန်းပင်လေးတွေ ညအခါမှာ အရွက်တွေဟာ ပြန့်ကားနေပြီး မအိပ်ဘဲဖြစ်နေတာကို တွေ့ရတတ်ခြင်းဖြစ်ပါတယ်။

 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

၂၅-၄-၂၀၁၄

 

ကျမ်းကိုး

၁။ Plant Circadina Rhythms (The Plant Cell, 2006)

၂။ The Complete Gardener (John Brookes, 1994)

၃။ Mader Biology (Chapter 26)

၄။ Plants that don’t sleep will take the dirt nap (Biology Concepts, 2011)

၅။ Webster’s Third New International Dictionary


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်