“ကုသ-ကာကွယ် ရေကြီးအန္တရာယ်”

26/08/2019 20:00 PM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ခေတ်တွေအလီလီပြောင်းခဲ့ပေပြီ။ မကြားဖူးတာတွေကြားရပြီ၊ မမြင်ဖူးတာတွေ မြင်ကြရပြီမို့...ကိုင်း…ဦးကြီး၊ ဒေါ်ကြီးတို့ရေ… “ကုသ-ကာကွယ် ရေကြီးအန္တရာယ်” လုပ်ငန်းများ မည်သို့၊ မည်ပုံလုပ်ဆောင်သင့်ကြောင်း ဘိုးရာဇာ (စိုက်ပျိုးရေး)က အကြံပြု ဆွေးနွေးလိုပါတယ်…။

(၁) “ခေတ်သစ်တိမ်တမန်တွေ”

         ဆယ်စုနှစ်ပေါင်းများစွာကြားသိခဲ့ရသော “တိမ်တမန်” သီချင်းစာသာလေးတွင် အတိအကျဖော်ပြထားသည့် ပုလဲကုန်းရွဲအလှရွာစေချင်တာကို ဤကဲ့သို့ မိုးလုံးမဲအမျှ ရွာသွန်းပေးနေသောကြောင့် တစ်နှစ်ထက်တစ်နှစ် ရေကြီးမှုတွေ၊ ဘေးဒုက္ခအန္တရာယ်တွေ ယှဉ်ပြိုင်နေကြရပေသည်။

         ကြားဖူးသောကောင်းကင်မှရွာသွန်းလိုက်သည့် မိုးရေချိန်လက်မသည် (၁ မိုင်ပတ်လည်)ရှိ မြေဧက ၆၄၀ တွင် တစ်စုတစ်စည်းတည်း စုဆောင်းလိုက်ပါက မိုးရေဂါလန် (၁၉၂) သန်းရရှိစေပါသည်။ (၁ လက်မ-မိုးရေဂါလန် ၁၉၂ သန်း)

         ထို့ကြောင့် ဤကဲ့သို့ မတန်တဆရွာသွန်းမှု အနည်းဆုံး (၂ ) လက်မ မှသည် (၁၀) လက်မကျော်ရွာလိုက်သောကြောင့် မြန်မာနိုင်ငံသားများအားထားရာ မြစ်ကြီးများမှ ရေကြီး၊ ရေလျှံဖြစ်ပေါ်ကာ ယခုနှစ်၊ ယခင်နှစ်များ၌ ရေဘေးဒုက္ခနှင့်အတူ တောင်ပြို၊ မြေဖုံးများဖြစ်ပေါ်စေပါသည်။

          ထို့ကြောင့် သဘာဝဘေးအန္တရာယ်များသည် အစုအဖွဲ့များ၏ဆွေးနွေးချက်များအရ သစ်တော၊ သစ်ပင်များလျော့နည်းမှုနှင့် တိုက်ရိုက်အချိုးကျကြောင်း၊ ယခင်ကလည်း ပြောဟော၊ ယခုလည်းပြောဟောပြီး နောင်လည်းဆက်ပြီးပြောဟောနေရန် မသင့်တော်တော့ပါ။

       ခဲမှန်ဖူးသောစာသူငယ် (သို့မဟုတ်) တစ်ခါသေဖူး ပြင်ဖို့နားလည် (အချို့က) ပျဉ်ဖိုးနားလည်ဟု ဆိုထားမှုအရ ဘယ်သူမပြုမိမိမှုဟူ၍ အစကနဦး မိမိကအရင် ပြင်ဆင်ဖို့လိုပါသည်။ ထိုမှစတင်၍ တစ်ဦးတစ်ယောက်ကောင်း တသောင်းဗိုလ်ခြေ ညက်ညက်နေသည်အထိ “အမျိုးသားရေး တာဝန်တစ်ရပ်” အဖြစ်ကြိုတင်ပြင်ဆင်မှုများ လုပ်ကြရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

(၂) “မြေ၏တန်ဖိုး”

     သဘာဝအရင်းအမြစ်တစ်ခုဖြစ်သော မြေဆီလွှာသည် ဘယ်သောအခါမှ အစားထိုး (သို့) ပြန်လည်ပြုပြင်ဖို့ရာခက်ခဲကြောင်းကို မသိသေးသူများ ယခုလက်တွေ့ သိကြစေလိုပြီး၊ သိပြီးသူများက ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းများအား အမြန်ဆုံး အကောင်အထည်ဖော်ကြရပေလိမ့်မည်ဟု စာရေးသူကထင်မြင်ယူဆတင်ပြပါမည်။

(၃) “ကြိုတင်ကာကွယ်ခြင်း”

       သစ်ပင်မခုတ်ရဟုတွေ့လိုက်လျှင် ပန်းမခူးရ၊ ရေမကူးရ၊ မြက်ခင်းပေါ်မလျှောက်ရဟု အဲ့လိုပဲရေးရေး လုပ်နေကြတဲ့ဒို့မြန်မာတွေ စာမတတ်လို့လား…??? စာတတ်ရဲ့သားနဲ့ တမင်ရွဲ့လုပ်နေသလားလို့ မေးရမလိုဖြစ်နေပါပြီ။ တကယ်တော့ မေးစရာမလိုတော့ပါ…။ အချို့ကဆိုပါသည်…။ ဘဝဆိုတာ အသက် ၆၀ မှ (Life begin of 60) ဆိုတော့ ၎င်း (၆၀) မတိုင်ခင်ကတည်းက ချို့ယွင်းခဲ့တာကို ယခု (၆၀) ပြည့်မှ ပြန်စနေရင်တော့…စုစုပေါင်း ယခင် ၆၀ + ယခု ၆၀ ပေါင်းလိုက်ပါက နှစ် ၇၀-၈၀-၉၀ စသည်ဖြင့် လွန်လွန်းသွားပါလိမ့်မည်။

       ထို့ကြောင့် သစ်ပင်မခုတ်ရဆိုတာထက် တစ်ပင်ခုတ် နှစ်ပင်,သုံးပင်,… ပြန်စိုက်ပါဟုပြောမှ (သို့မဟုတ်) လိုက်လုပ်ပါမှ တန်ကာကြပါလိမ့်မည်။ ထိုသို့ ပြန်လည်စိုက်ပျိုးမည့်အပင်များက (ကြီးမြန်သစ်ပင်) ဖြစ်ဖို့လိုပါသည်။ မြန်မြန်ကြီးပါမှ ယခုအဖြစ်ဆိုးများ ကို ကြိုတင်ကာကွယ်နိုင်ပါမည်။

       အလားတူ ရေစီးကမ်းပြိုများ၊ တောင်ပြိုမြေပြိုမှုများ မဖြစ်ရလေအောင် (ဗက်တီဗာမြက်)ကိုလည်း ထိုင်းနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံးစိုက်အောင် အသင်းအဖွဲ့ကသော်လည်းကောင်း၊ နိုင်ငံတော် (သို့မဟုတ်) အလှူအတန်းပုဂ္ဂိုလ်များက ဝယ်ယူဖြန့်ဖြူးပေးပြီး အမြန်ဆုံးစိုက်စေချင်ပါသည်။

      ထို့အပြင် အများသိသော ရေစုပ်သန်သည့် “ယူကလစ်” ပင်များကိုလည်း ကြီးမြန်သစ်ပင် (တစ်သျှူးကားလ်ချား  ယူကလစ်) များ ပွားများကာ အထူးသဖြင့် မြေပြို၊ ကမ်းပြိုဒေသများ၊ တောင်ပြိုဒေသများ၌သော်လည်းကောင်း၊ မြစ်ကမ်းဘေး၊ ချောင်းကမ်းဘေးများတွင် စနစ်တကျကွင်းဆင်းစစ်ဆေးပြီး အတိအကျအမှန်ကန် လုပ်ဆောင်ဖို့လည်း အကြံပြုချင်ပါသည်။

      သို့မှသာ ယခုဖြစ်ပေါ်နေသော မြန်မာနိုင်ငံကဲ့သို့ (အလားတူ) နိုင်ငံများတို့တွင် တွေ့ကြုံခံစားကြရသည့် မြေပြို၊ ကမ်းပြိုခြင်းများအား ကြိုတင်ကာကွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း မကြာခဏရေးသားတင်ပြခဲ့ဖူးပါသည်။

(၄) “ကုသခြင်းများ”

    ကာကွယ်မှုများများလုပ်နိုင်လျှင် ကုသမှုကိုလျှော့ချ၍ တိုင်းပြည်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့မြန်မာနိုင်ငံရှိ အနေအထားမှ ဒီပုံစံဖြင့်သာဆက်သွားခဲ့လျှင် ရှေ့ရေးအတွက်ရင်လေးဖွယ်ရာသာရှိပါတော့သည်။ စာရေးသူက ထို့ကြောင့် “Enrich soil to boost notion wealth” ဟူ၍ ဆွေးနွေးပွဲတစ်ခုကို UMFCCI တွင် (၁၂/၈/၂၀၁၉) ရက်နေ့ကကျင်းပခဲ့ပါသည်။ မြေဆီလွှာဖွံ့ဖြိုး နိုင်ငံအကျိုးဟူ၍လည်းကောင်း အဓိကကျသော လူသားများနေထိုင်ရာ ဤကမ္ဘာမြေကျန်းမာချမ်းသာစေဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ သတင်းမီဒီယာများ၊ ရေဒီယို၊ သတင်းစာ၊ တီဗွီများမှ ကူညီပြောကြားခဲ့သော်လည်း ဘာမှမဖြစ်ခဲ့သူ (မတွေ့မကြုံဖူးသူများကငါနှင့်မဆိုင်ဘူး)ဟု ယူဆခဲ့လျှင်…ကိုယ့်အလှည့်၊ သူ့အလှည့်မကြုံဖူးလို့ မစာနာတာလားဟု…မေးရမလိုဖြစ်နေပါတယ်…။

         ထို့ကြောင့် ကုသခြင်းအနေဖြင့် တင်ပြရပါလျှင် ရေကြီး၊ ရေလျှံမှုကြောင့် အပေါ်ယံနုန်းမြေများပါလာပြီး ဖုံးနေပါက သီးနှံစိုက်ပျိုးရန် ခက်ခက်ခဲခဲမရှိသော်ငြားလည်း ဖုံးလွှမ်းသောမြေတွင် ကျောက်တုံး၊ ကျောက်ခဲများ ပါဝင်လာခြင်း (သို့) သစ်သား၊ သစ်မြစ်၊ သစ်တုံးများ ဖုံးလွှမ်းသွားပါက လူအား၊ ငွေအား၊ ပစ္စည်းအား (၃) မျိုးစိုက်ထုတ်ပြီး စိုက်ပျိုးမြေဖြစ်ပေါ်လာရန် တွန်းအားပေးရပါလိမ့်မည်။ (အတွေ့အကြုံအရ ကလေးမြို့နယ်၌ ချင်းပြည်နယ်မှပါလာသော  သစ်တုံး၊ သစ်မြစ်များပါဝင်လာမှု)

          ၎င်းဖုံးလွှမ်းသွားသော မြေသားထုပမာဏသည် အနည်းငယ်ဆိုပါက မပြောပလောက်သော်လည်း ၅'- ၆' ကဲ့သို့ ပမာဏကြီးကြီး ဖုံးလွှမ်းသွားပါက ပြန်လည်ပြုပြင်ရန်ခက်ခဲစေပါမည်။ ထိုအခါ သီးနှံပုံစံပြောင်းလဲခြင်း (သို့မဟုတ်) ဒေသနှင့်ကိုက်ညီပြီး ငွေပင်ငွေရင်းနှီးရရှိစေမည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အကြံပြုပါသည်။

         အထူးတင်ပြလိုသည်မှာ ယနေ့တောင်သူများအတွက် သီးနှံသစ်တော ရောနှောစိုက်ခြင်းများကို ယခုကဲ့သို့ရေကြီး၊ ရေလျှံဒေသများနှင့် တောင်ပြို၊ မြေပြိုမည့်ဒေသများ၌ နည်းပညာပေးရုံသာမက စာတွေ့၊ လက်တွေ့ဖြင့် ဖြေရှင်းဖို့လိုနေပါသည်။

(၅) “ပြောမယုံ ကြုံဖူးမှ” 

       စာရေးသူအနေဖြင့် တွေ့ကြုံခဲ့ရဖူးသော ဆူနာမီကဲ့သို့ ပင်လယ်ရေဖုံးလွှမ်းခြင်းမျိုးဆိုပါက ၎င်းဆားဖုံးလွှမ်းသောမြေကိုပြုပြင်ဖို့ရာ တန်ဖိုးမြင့် (ကြီး) ကာ ကုသစရိတ်များစေပြီး (အရင်းအနှီး) များစွာလိုအပ်လာစေပါမည်။

       ထို့ကြောင့် ကုသခြင်းများအတွက် မြေဆီလွှာစစ်ဆေးခြင်းပြု၍ ၎င်းမြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများရရှိအောင် အမြန်ဖန်တီးပြုလုပ်ထည့်သွင်းပေးမှသာ (Win-Win Situation အရ) နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရရှိနိုင်ကာ စိုက်ပျိုးရေးအတွက် ရေရှည်တည်တံ့စေနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

      နောက်ဆုံးအနေဖြင့် တင်ပြရပါလျှင် ယနေ့မြန်မာနိုင်ငံ၏ ရေကြီး၊ ရေလျှံမှုများကို ဆက်လက်မဖြစ်ပေါ်စေရန်အတွက် ဒေသအလိုက် ပထဝီအနေအထားများကို ကြိုတင်၍စာရင်းကောက်ယူပြီး စိုက်ပျိုးမြေ၊ စိုက်ပျိုးပင်၊ ရေရှိမှု (မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ) များနှင့်တကွ သီးနှံစိုက်ပျိုးချိန်များအား စနစ်တကျရေးဆွဲပြီး ဤကမ္ဘာမြေပေါ်ရှိ နေထိုင်ကြသူအားလုံးတို့က လူတိုင်းလူတိုင်းတွင်  တာဝန်ယူကြစေလိုပြီး စနစ်တကျကာကွယ် ကုသခြင်းများပြုကြရန် ထပ်ဆင့်တိုက်တွန်းလိုက်ရပါသည်။

ဘိုးရာဇာ (စိုက်ပျိုးရေး)

 

    


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်