ပြီးခဲ့သည့် ဆောင်းပဲခင်းများအတွက် လေ့လာသုံးသပ်ချက်

09/03/2026 14:35 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ပြီးခဲ့သည့်နှစ်တွင် စပါးသီးထပ်ဆောင်းပဲခင်းများဟာ အပင်ပုညှက်၊ အရွက်တွေဝါ၊ အမြစ်နာ၊ ပဲပင်အကျမြန်သွားပြီး ပဲအထွက်နှုန်းထိခိုက်တာကို တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘာကြောင့်ဖြစ်ရသလဲ?

လာမည့် ပဲရာသီမှာ ဒီလိုမဖြစ်အောင်ဘယ်လိုစီမံသင့်လဲ? ဆိုတာကို သုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်။

မြေကြီး ကြပ်သိပ်သွားခြင်း (Soil compaction)

မြေစိုနေစဉ်ထွန်ထယ်ဝင်ခြင်း၊ စက်ကိရိယာဘီးရာများ မြေဆီလွှာပေါ် ဖိသိပ်ခြင်းကြောင့် မြေမှုန်လေးများ(soil particles) ကြားရှိ pore space လေဟာနယ်ပျောက်ဆုံးသွားခြင်းကို Soil compaction မြေကြပ်ခြင်းလို့ ခေါ်ပါတယ်။

မြေကြပ်ခြင်းကြောင့် pore space နည်းမယ် အမြစ်ဇုန်ထဲ လေမဝင်နိုင်သည့်အတွက် ရေလည်းမစိမ့်ဝင်နိုင်တော့ပါဘူး။ ဒါ‌ကြောင့် အမြစ်မကြီးထွားနိုင်တော့ဘဲ အာဟာရချို့တဲ့ကာ အပင်ကြီးထွားမှုတန့်နေတတ်ပါတယ်။

မတ်ပဲခင်းတွေမှာ အပင်မတက်ဘဲ ပုညှက်နေခြင်း၊ စိုက်ပြီး၂၀-၃၅ ရက်အတွင်းအရွက်တွေ ဝါလာခြင်း၊ အမြစ်တွေနှုတ်ကြည့်ရင် ရေသောက်မြစ်က"L"ပုံစံကွေးနေခြင်း၊ အမြစ်ဖျားလေးတွေက မဲနေခြင်း၊ ပဲမြစ်ဖုလေးတွေနည်းနေခြင်း၊ အပင်တက်မြန်စေမယ့်NPKရွက်ဖျန်းအားဆေးတွေ ဖျန်းပေမယ့် တက်မလာကာ အမိုင်နိုဟူးမစ်အက်ဆစ်ဖျန်းရင်တော့ အမြစ်အတွက် အားကောင်းတာတွေ့ရတယ်။

Gypsum နဲ့ Humic အက်ဆစ်မြေခံထည့်ခဲ့တဲ့ ပဲခင်းတွေကတော့ သိသိသာသာပိုကောင်းတာတွေ့ရပါတယ်။

ဘာကြောင့်ပဲပင်‌တွေ မတက်တာလဲ?

မြေစိုချိန်မှာပဲကြဲတော့ အပေါ်ယံ ၄ လက်မခန့်သာထွန်ရေးလွှာရှိပြီး ‌အောက်မှာမြေမာကြော(Hard Pan)ခံနေပါတယ်။ ပဲပင်ရဲ့အမြစ်တွေက မြေမာကိုမဖောက်နိုင်ဘဲ ကျစ်ခံနေလို့ အပင်မတက်နိုင်တာပါ။ ဒါကြောင့် အမြစ်ကိုနုတ်ကြည့်ရင် Lပုံစံ ကွေးနေရတာပါ။ NPK ရွက်ဖျန်းအားဆေးတွေဖျန်းသော်လည်း အပင်ကခဏသာစိမ်းပြီး အပင်တက်မလာပါဘူး။

အမိုင်နိုနဲ့ Fulvic အက်ဆစ်ဖျန်းရင် ဘာလို့ကောင်းတာလဲ?

Bio-stimulant တွေက အရွက်တင်မကပဲ အမြစ်တွေပါပွားများစေဖို့လုပ်ဆောင်ပေးတာကြောင့်ပြင်ပဖိအားဒဏ်ကို ခံနိုင်စေတာဖြစ်ပါတယ်။

ဘာကြောင့်ပဲပင်အမြစ်ထိပ်တွေမဲပြီး မြစ်ဖုတွေနည်းရသလဲ?

မြေကြီးထဲက အကျိုးပြုဘက်တီးရီးယားလေးတွေက အမြစ်လေရှုရမှ အစိုဓာတ်ရမှ မြစ်ဖုNodulesလေး‌တွေက ရှိနေနိုင်မှာပါ။

မြေကြပ် လေငတ်နေရင် မြစ်ဖုလည်းမရှိ အမြစ်တွေလည်း အလုပ်မလုပ်နိုင်Soil borne(မြေဆောင်ရောဂါ) ဒဏ် ပိုခံရပါတယ်။

မြေဆောင်မှိုရောဂါ‌တွေက Hard Pan (မြေမာကြော)မှာရှိ‌နေတတ်လို့ အမြစ်ထိပ်တွေမဲနေတတ်ပါတယ်။

Gypsum နဲ့ K Humic ထည့်ထားတဲ့ ပဲခင်းတွေက ဘာလို့ကောင်းတာလဲ?

Gypsumက မြေကိုမွစေပြီး မြေတွင်းလေဝင်လေထွက်ကောင်းစေပါတယ်။

ဒါကြောင့် အမြစ်တွေထိုးဆင်းရလွယ်ကူစေပြီး Calcium နဲ့ Sulphur ပါဝင်တာကြောင့် မြစ်ဖုဖြစ်စဉ်ကို အထောက်အကူဖြစ်စေတယ်။

ဘာကြောင့် ပဲအရွက်တွေဝါသလဲ?

ပဲမိုဇိတ်ဗိုင်းရပ် မဟုတ်ဘဲ ပဲရွက်တွေဝါရခြင်းမှာ အောက်မြေစိုပြီး အပေါ်ယံခါးကြပ်ခြင်း၊ အမြစ်ပုပ်ခြင်း၊ မြေအောင်းပိုးတွေဖြစ်တဲ့ Fusarium, Rhyzoptonia, Macrophomina စသော ရောဂါတခုခုကျရောက်သောကြောင့် အာဟာရချို့တဲ့ကာ အပင်ကျမြန်စေပါတယ်။

အကြံပြုတင်ပြချက်

  • စပါးရိတ်စက် မကျွံအောင် စပါးစိုက်ထွန်ရေးပါးပါး စိုက်စနစ်ကျင့်သုံးပါ။
  • မတ်ပဲ၊ ပဲတီစိမ်း စိုက်ချိန်ကို စောစိုက်ပါ။ အောက်တိုဘာ၊ နိုဝင်ဘာ အပြီးကြဲသင့်ပါတယ်။
  • Rhizobium မျိုးစေ့လူးနယ်ဆေး လူးစိုက်ပါ။
  • မြေစိုနေချိန် ထယ်ရေး၊ ထွန်ရေးဝင်ခြင်းရှောင်ပါ။
  • ဖြစ်နိုင်ရင် Hard Pan ကို ထိုးခွဲပြီး ထယ်ရေးနက်နက် အသုံးပြုပါ။
  • မြေခံအဖြစ်  သဘာဝမြေဩဇာနှင့်အတူ  ဂျစ်ဆန် (၂-၄)အိတ်၊ ကေဟူးမစ်(2kg) နှုန်းလုံလောက်စွာထည့်ပေးပါ။
  • အပင်ငယ်(၁၀-၁၅)ရက်သားတွင် အမြစ်ပွားများစေသော ရွက်ဖျန်းအားဆေးများ(အမိုင်နို၊ Fulvicအက်ဆစ်၊ ဟူးမစ်အက်ဆစ်)များဖျန်းပေးခြင်းဖြင့်  မြေကြပ်အပင်ပုညှက်ပြီး ပဲရွက်ဝါ အပင်ကျမြန်ခြင်း၊ ပြဿနာကို ကြိုတင်ကာကွယ်နိုင်ခြင်းဖြင့် ပဲအထွက်နှုန်းများ  တိုးစေနိုင်ရန် အကြံပြုတင်ပြပေးလိုက်ရပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်