အယ်လ်နီညိုကြောင့်ဖြစ်လာတဲ့ ဖောက်ပြန်ပြောင်းလဲမှုများကို ငါး/ပုစွန်ကန်တွေမှာ ဘယ်လိုကြိုတင်ကာကွယ်မလဲ..?

24/10/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာပူနွေးလာသည့် အီကွေတာရပ်ဝန်းသည် ပစိဖိတ်သမုဒ္ဒရာရှိ ပင်လယ်ရေပြင်အပူရှိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့် ဆက်စပ်နေသော လေထုနှင့် ရေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာဝန်းကျင် ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသော ဒေသများ၏ မိုးလေဝသအခြေအနေ သက်ရောက်သည့်ဖြစ်စဥ်ကို ခေါ်သည်။

၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များက မှတ်တမ်းတင်ထားကြောင်းသိရသည်။ နာဆာအဖွဲ့မှ လာမည့်နွေရာသီတွင် အခြားသောနှစ်များထက် ၀.၄၁° F ထက် ပိုပူမည်ဖြစ်ကြောင်းနှင့် ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ခုနှစ် နွေရာသီ ပျှမ်းမျှအပူချိန်ထက် ၂.၁ °F ပိုပူမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ လက်ရှိတွင် ကနေဒါနှင့် ဟာဝိုင်ရီတို့၌ ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှုနှင့် ကမ္ဘာတစ်ဝန်းအပူချိန်မြင့်မားမှုတို့ ဖြစ်ပေါ်နေသည့်အပေါ်မူတည်၍ လာမည့်နွေရာသီတွင် အပူချိန်မြင့်မားမှုကို တွက်ချက်ထားခြင်း ဖြစ်ပါသည်။

ရာသီဥတုဆိုင်ရာ မိုးလေဝသပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ယခုကာလမှစတင်၍ အပူချိန်ပြင်းထန်မှုကိုဖြစ်စေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဥ် စတင်ဖြစ်ပွားနေပြီး ၂၀၂၄ ခုနှစ်အထိ သက်ရောက်မှု ရှိနေမည်ဖြစ်၍ မုတ်သုန်အလွန်ကာလများတွင် အပူချိန်မြင့်မားမှုကို သတိပြု၍ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။

အယ်လ်နီညိုရာသီဥတုဖြစ်လာလျှင်

ရာသီဥတု ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားမှု ပြဿနာများနှင့် ကြုံတွေ့ရခြင်း၊ မုတ်သုန်မိုးနည်းခြင်း၊ မုတ်သုန်လေအဝင်နောက်ကျခြင်း၊ မုတ်သုန်လေ စောထွက်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်းစသည့် မိုးလေဝသနှင့် ရာသီဥတုအပြောင်းအလဲဖြစ်စဥ်များကြောင့် ရေချို/ရေငန်ရှိ ငါး/ပုစွန်ထုတ်လုပ်မှုကို သက်ရောက်နိုင်မည် ဖြစ်ပါသည်။

အယ်လ်နီညိုဖြစ်ရပ်ကြောင့် သမုဒ္ဒရာအပေါ်လွှာအား ပူနွေးစေပြီး ပင်လယ်ကြမ်းပြင်ရှိ အစာအာဟာရများသည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိရန် နှေးကွေးစေသောကြောင့် ရေသတ္တဝါများ၏ အစာအရင်းအမြစ်များ လျော့နည်းစေခြင်း၊ ရေအရင်းအမြစ်များ၊ ရေအရည်အသွေး၊ ရေသတ္တဝါများ၏ အစာကွင်းဆက်များကို အကျိုးသက်ရောက်ထိခိုက်စေနိုင်သဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိသင့်ပါသည်။

အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နှစ်ဦးမှစ၍ အပူချိန် မြင့်တက်ခြင်း၊ မုတ်သုန်ဝင်ရောက်မှုနောက်ကျခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ မိုးဦးကာလ မိုးရေရရှိမှုနည်းခြင်းစသည့် လက္ခဏာများ ကြုံတွေ့နေရပြီဖြစ်၍ မိုးနှောင်းပိုင်းနှင့် နွေရာသီကာလများတွင် ရေခန်းခြောက်ခြင်း၊ အပူချိန် မြင့်မားခြောက်သွေ့ခြင်းတို့ကြောင့် ငါးများသေဆုံးခြင်း၊ ငါးအနေအထိုင် ပျက်ယွင်းခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးအတွက် ငါး/ပုစွန်မွေးမြူသူများနှင့် ရေလုပ်သားများမှအောက်ပါအသိ ပညာပေးလုပ်ငန်းများကို ဖော်ပြပေးလိုက်ပါသည်။

ကြိုတင်ကာကွယ်ရာတွင်

(က)အယ်လ်နီညိုကြောင့် ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကို မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များမှ ငါးများသေဆုံးပျက်စီးမှုမရှိစေရန်နှင့် ငါးမွေးကန်များတွင် မွေးမြူထားသောငါးများ အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်ကြေညာချက်များကို အမြဲစောင့်ကြည့်ပေးနေရန်လိုသည်။

(ခ) ရာသီဥတု ပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုက်ရိုက် ထိခိုက်မှုမှာ ရေချိုရရှိမှုပြောင်းလဲခြင်း၊ အပူချိန်ပြောင်းလဲခြင်း၊ ပင်လယ်ရေမျက်နှာပြင် အမြင့်ပြောင်းလဲခြင်း၊ ရေကြီးနစ်မြုပ်ခြင်းတို့ကြောင့် ငါးများသွားလာရာ ငါးတက်/ငါးဆင်း လမ်းကြောင်းပြောင်းလဲခြင်း၊ ငါးအနေအထိုင်ပျက်ယွင်းသွားခြင်းများ ဖြစ်ပေါ်နိုင်၍ ပြန်လည်၍ ငါးတက်ငါးဆင်းလမ်းကြောင်းများကို ထိန်းသိမ်းပေးခြင်း၊

(ဂ) အပူချိန်ပြောင်းလဲမှုဆိုင်ရာ ဖိအားများသည် မွေးမြူထားသောငါးများ၏ အောက်စီဂျင်လိုအပ်မှုများနှင့် ဇီဝကမ္မဗေဒဆိုင်ရာများထိခိုက်စေခြင်းတို့ဖြစ်ပေါ်စေသဖြင့် ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ခြင်း၊

(ဃ) အပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများ ရေငွေ့ပျံပြီး ရေလျော့နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့် သော် လည်းကောင်း၊ မွေးမြူထားသော ငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော် လည်းကောင်း၊ ရေထုညစ်ညမ်းခြင်းနှင့်ဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျှော့ချခြင်း

(င) နံနက်ခင်း မိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသော ရက်များတွင် ငါးများခေါင်းထောင်လျက် ကူးခတ်ခြင်း၊ ကမ်းစပ်သို့ စုပြုံလာခြင်းမျိုးရှိပါက ငါးမွေးမြူရေးကန်သည် အောက်ဆီဂျင်လျော့နည်းမှုဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များ မောင်းပေးခြင်း၊ မွေးမြူရေးကန်အတွင်း လှေလှော်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ရေတွင်ပျော်ဝင်အောက်စီဂျင်မြင့်တက်စေရေးတို့ကို ဆောင်ရွက်ခြင်း၊

(စ) ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခမ်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးခြင်း၊

(ဆ) ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံး ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လိုက်နာဆောင်ရွက်သင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်-

အယ်လ်နီညိုဖြစ်စဥ်သည် ကမ္ဘာ့လူသားအားလုံးတွင် အကျိုးသက်ရောက်မှုရှိမည်ဖြစ်၍ မိုးလေဝသဖြစ်စဥ်များကို အစဥ်သတိပြု ဆောင်ရွက်ရန်လိုအပ်ပြီး မိုးလေဝသရာသီဥတုတို့အပေါ် အမှီပြုနေကြရသည့် စိုက်ပျိုးရေး/မွေးမြူရေးတို့တွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ကြိုတင်ကာကွယ်ပြင်ဆင် ဆောင်ရွက်ထားရှိကြရန် လိုအပ်ပါကြောင်း။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်