စပါးအခြေခံ သုံးသီးစား သီးနှံပုံစံ

27/10/2023 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

လယ်မြေတွင် မိုးစပါးကိုစိုက်ပျိုးပြီး မိုးစပါးမတိုင်မီနှင့် မိုးစပါးအပြီးတို့တွင် တခြားသီးနှံများကို စိုက်ပျိုးနိုင်ပါသည်။ ဤသို့ လယ်မြေပေါ်တွင် တစ်နှစ်အတွင်း သုံးသီးစိုက်ပျိုးထုတ်လုပ်မှုမှ စိုက်ပျိုးသူတောင်သူလယ်သမားအတွက် အကျိုးအမြတ်ဝင်ငွေအမြင့်ဆုံးကို ရရှိအောင် ဆောင်ရွက်ရန် လိုပါသည်။ သို့ဖြစ်၍ မိုးစပါးအခြေခံသုံးသီးစားသီးနှံပုံစံ(Rice-based Triple Cropping Pattern)နှင့် ပတ်သက်၍ သုတပေး ရေးသားလိုပါသည်။

သီးနှံပုံစံသင်္ကေတအနေဖြင့် “ယာသီးနှံ-မိုးစပါး-ယာသီးနှံ” (သို့မဟုတ်) “နွေစပါး-မိုးစပါး-ယာသီးနှံ” ဖြစ်ပါသည်။ 

အဓိကသီးနှံ(Main Crop)မှာ မိုးစပါးဖြစ်သင့်သည်။ 

စပါးသီးနှံတွင် အရေးအကြီးဆုံးမှာ စိုက်ချိန်၊ ရိတ်ချိန် ဖြစ်သည်။ မိုးစပါးကို ဇွန်နှင့် ဇူလိုင်လအတွင်း စိုက်ပျိုးပြီး အောက်တိုဘာနှင့် နိုဝင်ဘာတွင် ရိတ်သိမ်းသင့်ပါသည်။ 

မိုးစပါးကို ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးရန် ထောက်ခံရခြင်းသည် မိုးစပါးမစိုက်ခင်နှင့် ရိတ်ပြီးချိန်တွင် စိုက်ကြမည့် ယာသီးနှံများ​(ပဲမျိုးစုံ၊ ဆီထွက်သီးနှံ) များ အထွက်အမြင့်ဆုံးရရှိစေနိုင်သည့် အသင့်တော်ဆုံးစိုက်ချိန်နှင့် ရိတ်သိမ်းချိန်ကို မထိခိုက်စေရန် ဖြစ်ပါသည်။ 

မိုးစပါးကို ဒေသရေမြေနှင့်ကိုက်ညီသင့်တော်သည့် အထွက်ကောင်းမျိုးကို ရွေးချယ် စိုက်ပျိုးရန် ဖြစ်သည်။ အသုံးပြုမည့်မျိုးသည် သက်လတ်(သို့မဟုတ်) သက်လျင်မျိုးသာ ဖြစ်သင့်ပါသည်။

မိုးစပါးမတိုင်မီစိုက်ပျိုးသည့်သီးနှံ

  • လယ်မြေတွင် မိုးစပါးမတိုင်မီ မိုးကြို(သို့မဟုတ်)နွေရာသီတွင် ဆည်ရေ(သို့မဟုတ်) ရေရရှိနိုင်မှုနည်းလမ်းတစ်မျိုးမျိုးဖြင့် နှမ်းလျင်၊ ပဲတီစိမ်း-စသည့် ယာသီးနှံတစ်မျိုးမျိုးကို စိုက်နိုင်သည်။ သို့မဟုတ် နွေစပါးကို စိုက်နိုင်ပါသည်။
  • မိုးစပါးမတိုင်မီစိုက်ပျိုးသည့် နွေစပါးဖြစ်စေ၊ နှမ်းလျင်၊ ပဲတီစိမ်းစသည့် ယာသီးနှံဖြစ်စေ ထိုသီးနှံကိုစိုက်ပျိုးရာတွင် အထွက်ကောင်းပြီး စိုက်ပျိုးသူအတွက် အကျိုးအမြတ်စီးပွားရေး တွက်ခြေကိုက်တာ တစ်ခုတည်းကို မကြည့်သင့်ပါ။ 
  • အဓိကသီးနှံမိုးစပါးအတွက် အထွက်နှင့် အကျိုးအမြတ်ကို ထိခိုက်စေခြင်းမရှိအောင် အဆိုပါသီးနှံ၏စိုက်ချိန်၊ ရိတ်ချိန်၊ သက်တမ်းနှင့် ပိုးမွှားရောဂါဆက်လက်ကျရောက်နိုင်မှု၊ မြေဆီလွှာဆုတ်ယုတ်ခြင်းမဖြစ်စေမှုစသည်တို့ကို တွက်ဆစိုက်ပျိုးရန် ဖြစ်ပါသည်။ 
  • မိုးစပါးမတိုင်မီစိုက်ပျိုးသည့်သီးနှံ၏ ရိတ်သိမ်းချိန်နောက်ကျမှုကြောင့် အဓိကသီးနှံ မိုးစပါးစိုက်ချိန် နောက်ကျခြင်းမျိုး မဖြစ်သင့်ပါ။ 

 

မိုးစပါးအပြီးစိုက်ပျိုးသည့်သီးနှံ

  • မိုးစပါးအပြီး ယာသီးနှံတစ်မျိုးမျိုးဖြစ်သော ဒေသရေမြေအခြေအနေအရ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ နှမ်းလျင်၊ နေကြာ-စသည်တို့ကို စိုက်ပျိုးနိုင်သည်။
  • မိုးတွင်းကာလမဟုတ်သဖြင့် မိုးရေကို မျှော်ကိုး၍မရပါ။ မြေတွင်းအစိုဓာတ်သည် သီးနှံပင်သက်တမ်းတစ်လျှောက် လုံလောက်နိုင်ရပါမည်။ သို့မဟုတ် လိုအပ်ပါက ဆည်ရေ၊ သွင်းရေရရှိရေး ကြိုတင်ဆောင်ရွက်ရန် လိုပါမည်။
  • ဒေသနှင့် သင့်တော်သည့် အထွက်ကောင်းမျိုးကို အသုံးပြု စိုက်ပျိုးသင့်သည်။ အထူးသဖြင့် သက်တမ်းတိုမျိုး ဖြစ်သင့်သည်။ သို့မှသာ နွေ(သို့မဟုတ်)မိုးကြိုသီးနှံ၏ စိုက်ချိန်မှန်ကို မထိခိုက်စေရန် ဖြစ်ပါသည်။

 

သုံးသီးစားစိုက်ပျိုး၍ အကျိုးရှိစေချင်

တစ်သီးပြီးတစ်သီးဖြင့် သုံးသီးစိုက်ပျိုးသော်လည်း နှစ်သီးစားစိုက်ပျိုးတာထက် စီးပွားရေတွက်ခြေကိုက်မှုမရှိ၊ တစ်သီးက အထွက်ကောင်းသော်လည်း ဒုတိယတစ်သီး၊  တတိယတစ်သီးက အထွက်ညံ့ကာ ဝင်ငွေအကျိုးအမြတ်နည်းပြီး ရရှိတာတွေ ဖြစ်ပေါ်နိုင်သည်။ အကြောင်းမှာ သီးနှံစိုက်ပျိုးရာတွင် သီးနှံအလိုက် စိုက်ချိန်၊ ရိတ်ချိန်မမှန်မှုများကြောင့် အထွက်လျော့နည်းရခြင်း ဖြစ်နိုင်သည်။  ကြိုတင်၍ အချိန်ဇယားရေးဆွဲ စိုက်ပျိုးစေလိုပါသည်။

စာရေးသူ၏ဆန္ဒမှာ အဓိကသီးနှံမိုးစပါးကို စိုက်ချိန်မှန်တွင်စိုက်ပျိုးပြီး စနစ်တကျ ပြုစုဂရုစိုက်ကာ အထွက်လျော့နည်းစေခြင်းမရှိဘဲ၊ အကျိုးအမြတ်ရှိစေလိုပါသည်။ 

အလားတူ မိုးစပါးမတိုင်မီနှင့် မိုးစပါးအပြီးသီးနှံများကိုလည်း စိုက်သင့်သည့်မျိုး၊ စိုက်သင့်သည့်အချိန်တို့ မှန်ကန်စေကာ မျှော်မှန်းသည့် သီးနှံအထွက်ကို ရရှိပြီး အကျိုးအမြတ်ကောင်းစေလိုပါသည်။

ဤသို့ဖြင့် စပါးအခြေခံသုံးသီးစားသီးထပ်သီးနှံပုံစံတစ်ခုလုံးမှ အမြင့်ဆုံးအကျိုးအမြတ်ကို ရရှိနိုင်စေလိုပါကြောင်း အသိပေးရေးသားလိုက်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်