တစ်ခေါက်က မောင်နီက ပေါင်းခံရည်ချက်နည်းလည်း ပြောပြပြီးပြီဆိုတော့ ဘယ်နေရာမှာ သုံးလို့ရမလဲဆိုတာကို လေ့လာကြည့်ရအောင်…
(၁) မြေမဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးတယ်။
မြေမဲ့စိုက်တာဆိုတော့ ရေကို အတော်များများသုံးရတဲ့နေရာပေါ့။ ပြီးကျတော့ ရေကနေပဲ အာဟာရတွေ ထည့်ပြီးတော့ အပင်တွေကိုပေးတာဆိုတော့ အပင်တွေအတွက် အာဟာရတွေ များလွန်းတာ နည်းလွန်းတာမျိုးတွေ ကို ပြန်ချိန်ဖို့အတွက် ဒီလို ပေါင်းခံရည်ကို သုံးကြပါတယ်။
(၂) ပျိုးပင်တွေနဲ့ တစ်သျှူး ကနေ မျိုးပွားတဲ့ နေရာတွေမှာ သုံးလို့ရတယ်။
ဓာတ်ခွဲခန်းကနေ ဓာတ်ခွဲပြီး မျိုးပွားထားတဲ့ အပင်တွေနဲ့ အပင်လေးတွေငယ်စဉ်ကာလ မှာ သတ္တုဓာတ်တွေ လွန်ကဲပြီး အဆိပ်သင့်တာတွေ ကို ကာကွယ်နိုင်ဖို့ရယ်၊ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေကနေ ကာကွယ်နိုင်ဖို့ရန်အတွက် ဒီလို ပေါင်းခံရည်ကိုသုံးကြပါတယ်။ ရိုးရိုးရေမှာ ပါဝင်သလို သူ့မှာ ဘာဓာတ်မှ မပါဝင်တဲ့အပြင်ကို အပူနဲ့ ပိုးသတ်ထားသလိုမျိုး အာနိသင်ရှိတာမို့ ထိခိုက်လွယ်တဲ့ ဓာတ်ခွဲခန်းထဲက မျိုးပွားထားတဲ့ အပင်လေးတွေကို အထိအခိုက်မရှိ ကြီးထွားလာစေနိုင်ပါတယ်။
(၃) Greenhouse တွေမှာသုံးတယ်။
ရေမှုန်ရေမွှား လို၊ အစက်ချ ရေစနစ်တွေသုံးရတဲ့ ဒီလို ဖန်လုံအိမ်နဲ့ စိုက်တဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရေတွေက ကြာလာရင် အပေါက်တွေမှာ ရေဂျိုးကပ်လာတတ်ပါတယ်။ အဲ့လိုမျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ရံဖန်ရံခါမှာ ဒီလို ပေါင်းခံရည်နဲ့ မောင်းပေးလိုက်ခြင်းအားဖြင့် ရေတင်စက်နဲ့ ရေပိုက်တွေကို ပြင်ဆင်ရတာကို လျော့ချပေးနိုင်ပါတယ်။

မောင်နီတို့က မြေကြီးစစ်ဖို့အတွက်ကို အရင်ဆုံး ပေါင်းခံရည် ချက်ထားတာပေါ့။ ဆိုတော့ ခုတော့ မြေကြီးစစ်ဖို့အတွက်ကို ပြင်ဆင်ကြမယ်။
ကွင်းထဲကိုသွားမယ်။ မြေကြီး အနက် (၃) လက်မ ကနေ (၆) လက်မ တူးပြီးတော့ မြေကြီးကို ယူလာမယ်။ ကျောက်ခဲတွေဖယ်မယ်၊ အမြစ်တွေ တုတ်ချောင်းတွေ ပါလာရင် ဖယ်ပြီးတော့ မြေကြီဂ သန့်သန့်ကိုပဲယူလာမယ်။ အများကြီး မလိုဘူးနော်၊ တစ်ခွက် ၂ ခွက်လောက်ဆိုရင် ရပြီ။
ကဲ ပြန်ရောက်လာရင်..
ဒုလုံးရှည်လိုမျိုး ဘူးရှာမယ်။ ဖန်ဘူးလည်းရတယ်။ ကော်ဘူးလည်းရတယ်။ အကြည်တော့ဖြစ်ရမယ်။ စလင်ဒါလိုမျိုး ညီနေတာက ပိုကောင်းတယ်။ အဲ့ဒါကို ခုဏက ပေါင်းခံရည်နဲ့ ကျင်းပြီးတော့ ဆေးထားလိုက်။
မြေကြီးကို လေသလပ်ခံမယ်၊ အရိပ်ရှိတဲ့နေရာမှာ အခင်းလေးခင်း ယူလာတဲ့ မြေကြီးကို ချေပြီးတော့ အလွှာပါးပါလေးခင်းပြီး လေသလပ်ထားလိုက်မယ်၊ နေပူမလှန်းရဘူး၊ ခြောက်သွားရင်ရပြီ။
ပြီးရင်
ကိုယ့်မြေကြီးက ရေစုပ်တဲ့ မြေလား - ဒါဆိုရင် ပေါင်းခံရည်က ၂ ခွက် မြေကြီးက တစ်ခွက်ထည့်။
ရေသိပ်မစုပ်တဲ့ မြေဆိုရင် - ပေါင်းခံရည်တစ်ခွက် မြေကြီးတစ်ခွက် ဆတူ ရောရမယ်။
သေသေချာချာလေးသမအောင်မွှေပြီးရင် သူတို့ အနည်ထိုင်သွားအောင်လို့ စောင့်ပေးရပါမယ်။
အဲ့မှာ ရေက အပေါ်ဆုံး ပထမဆုံး အလွှာ အနေနဲ့ ပေါ်ပြီးတော့ သူကို အစောင့်ရဆုံးဖြစ်ပါလိ့မ်မယ်။
-
ဒုတိယအလွှာ - ကတော့ အမှုန်သေးသေးလေးတွေရဲ့ နေရာဖြစ်ပြီးတော့ (၂၄) နာရီ တစ်ရက် ကနေ ၄၈ နာရီ အထိ ကြာနိုင်ပါတယ်။ သူကတော့ ရွံ့ ပါ။
-
တတိယအလွှာ - (၂) နာရီလောက်ကြာရင် ပေါ်လာပါတယ်။ သူ
-
စတုတ္ထအလွှာ - အောက်ဆုံးကပါ၊ မြင်ရုံနဲ့ သိသာပါတယ်။ သဲအလွှာပါ။ သူကတော့ အမြန်ဆုံးဖြစ်ပါတယ်။ စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းလောက်ပဲ ကြာတာပါ။
ပေတံတစ်ချောင်းကို ယူပြီးတော့
ရေမပါပဲ မြေကြီးအလွှာ (၃) ခုကိုပဲ ဘယ်လောက်မြင့်လဲ တိုင်းကြည့်ပါ၊
ဥပမာ ပြောပြပါမယ်နော်။
အလွှာ (၃) လွှာက စုစုပေါင်း (၃) လက်မရှိပါတယ်ဆိုပါတော့။
သဲအလွှာက (၁) လက်မခွဲ - ၁.၅
နုန်းအလွှာက လက်မဝက် - ၀.၅
ရွှံ့ အလွှာက လက်မဝက် - ၀.၅ ရတယ်ပဲထား။
ဒါက မောင်နီ လျှောက်ပြောတာနော်။ ကိုယ့်မြေကိုက တိတိကျကျလေး ရအောင် တိုင်းကြပါ။
အဲ့ဒါကို ရာခိုင်နှုန်း ပြန်တွက်ကြပါမယ်။
ရာခိုင်နှုန်းလိုချင်တာဆိုတော့
အလွှာ ရာခိုင်နှုန်း = (အလွှာ အထူစုစုပေါင်း အလွှာ)၁၀၀ ရာခိုင်နှုန်း
ဆိုတော့ ခု (၃) လက်မမှာ တစ်လက်မ ခွဲ ဆိုတာကျတော့ တစ်ဝက်လောက်ပါတယ်ဆိုတဲ့ သဘောပါ။ တွက်ချက်ကြည့်ရအောင်။
သဲ ရာခိုင်နှုန်းကို လိုချင်ရင် ၁.၅ လက်မ (သဲအလွှာအထူ) ကို ၃ လက်မ (စုစုပေါင်း အလွှာအထူ)နဲ့ စားပြီး ၁၀၀ ရာခိုင်နှုန်းနဲ့ မြှောက်ပါ။
သဲအလွှာက ၁.၅ လက်မဆိုတော့
သဲ ရာခိုင်နှုန်း = ၅၀ ရာခိုင်နှုန်း ရပါတယ်။
နောက်ထပ်ကျန်တဲ့ အလွှာတွေကိုလည်း ရာခိုင်နှုန်းတွက်ထားလိုက်ပါဦး…
နောက်တစ်ပတ်မှာ မောင်နီတို့ မြေကြီး အမျိုးအစားခွဲကြပါမယ်။
မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြားနီနည်းပညာပေးရေးအဖွဲ့