“အရင်ကွာ ဘာမှ မထည့်ပဲ မျိုးကျရင်တောင်အပင်ပေါက်ပြီး ကောင်းလိုက်တဲ့ အရွက် ကောင်းလိုက်တဲ့ အပွင့်အသီးတွေ ရတာကွာ၊ ခုကျ ဘာလို့ အဲ့လိုတွေ မဖြစ်ပဲနဲ့ ဘာစိုက်စိုက် ပုလဲ ဘာစိုက်စိုက် ကွန်ပေါင်းတဲ့ ထည့်လိုက်ရတာ၊ ဆေးကလည်း လိုက်လိုက်ရတာ။ ပိုးဆေး မှိုဆေး စုံလိုဟ၊ ငါမယ် အဆင်ပြေတာဆိုတော့ ပေါင်းဆေးပဲ၊ မနက်ဖျန်း နေ့လယ်ကျ ညှိုး၊ အဲ့ဒါပဲကောင်းတယ်”
“မြေကြီးက အရင်လိုမဟုတ်ဘူးဆိုတာ သူလည်း ပျက်စီးလာလို့ပေါ့ ကိုလေးဖေရဲ့”
“သူက ပျက်သေးတာလား”
“ပျက်တာပေါ့၊ ဘယ်အရာ မြဲသလဲ ကိုလေး
“ပျက်တယ်ဆိုတာကိုကျ ငါတို့ က ဘယ်သိမလဲ”
စစ်ဆေးရတာပေါ့ဗျာ။ မြေကြီးမှာလည်း ရူပဂုဏ် ဆိုတဲ့ ရုပ်ဆင်းအင်္ဂါ ဇီဝဂုဏ် ဆိုတဲ့ သက်ရှိတွေ နေထိုင်နေတာ ရှိ မရှိ ဓာတုဂုဏ် လို့ ခေါ်တဲ့ ဂုဏ်သတ္တိတွေ ရှိ မရှိကို စစ်ဆေးပြီးတော့ သိနိုင်တာပေါ့။
“ရူပဂုဏ် ထဲမှာဆိုရင် ကျုပ်တို့ မျက်စိနဲ့ မြင်ရတဲ့ မြေကြီး အရောင်၊ သဲလား ရွံလား ဆိုတာတွေ၊ ပြီးတော့ မြေကြီးထဲမှာ ဘာတွေ ပါသလဲ၊ ဘာတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားသလဲ ဆိုတာတွေပေါ့။ ဒါကတော့ဗျာ ကျုပ်တို့ ကိုလေးဖေတို့ သိတာပေါ့။ ဒီမြေလေးဆိုရင် စပါးအတွက် ကောင်းတယ်။ ဒီမြေကျ မုန်ညှင်းဖြစ်တယ် ဆိုတာကို ကျုပ်တို့ အမြင်နဲ့ ခွဲထားလိုက်သလိုပေါ့။”
“နောက်တစ်ခု ဓာတုကျပြန်တော့ မြေချဉ်ငံကိန်းတို့၊ မြေထဲမှာအာဟာရတွေ ဘယ်လောက်ရှိနေလဲ၊ ဓာတ်ဖိုတွေ ဓာတ်မတွေ ဘယ်လောက် ဖလှယ်နိုင်သလဲ။ သြဂဲနစ် ပစ္စည်းတွေ ဘယ်လောက်များများ ပါနေသလဲ ဆိုတာကို စစ်ဆေးတာပေါ့၊ ဒါကျတော့ အမြင်နဲ့ ကြည့်တာမဟုတ်တော့ပဲနဲ့ ဓာတ်ခွဲစမ်းသပ်ကြည့်ရတာမျိုးပေါ့ဗျာ။
နောက်ထပ် ကကျတော့ ဇီဝဂုဏ် သတ္တိ။ မြေကြီးထဲမှာ ကျုပ်တို့ ခင်ဗျား တို့ မျက်စိနဲ့ မမြင်နိုင်တဲ့ သက်ရှိတွေ ရှိတယ်။ တီကောင်ဆိုရင် မျက်စိနဲ့ မြင်နိုင်ပြီးတော့ ကျုပ်တို့ကို အကျိုးပြုတဲ့ သက်ရှိ၊ ဖိုးလမင်းကျိုင်းလိုမျိုးဆိုရင် မြေကြီးထဲမှာ နေတယ်၊ ဒါပေမဲ့ ကျုပ်တို့ကို အကျိုးမပြုတဲ့ သက်ရှိ။ နောက်ထပ် မြေကြီးထဲမှာပဲ မျက်စိနဲ့မမြင်ရဘူး။ အပင်တွေမှာ မြစ်ဖုတွေ ကျလာမှ နီမတုတ်ရှိနေမှန်းသိတာလိုမျိုး၊ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိက မြေကြီးထဲမှာ ခိုနေတာပေါ့။ အဲ့လို ဂုဏ်သတ္တိတွေပေါ့။”
အတိုချုပ်ကတော့ အဲ့ဒီ့ (၃) မျိုးထဲမှာ တစ်မျိုးမျိုးက ပျက်စီးနေလို့ ချို့ယွင်းနေလို့ အပင်က မဖြစ်ထွန်းလာတာပေါ့။ ပြီးတော့ ခုနက အကြမ်း ပြောပြခဲ့သလို သူတို့ တွေက ပျက်စီးတတ်တယ်။
ရူပဂုဏ် သတ္တိကို ဘာဖြစ်လို့ စမ်းရမလဲ ဆိုရင်
ဘယ်လိုမြေကြီးအပေါ်မှာ ဘယ်လို အပင်စိုက်ရမလဲဆိုတာတွေက မြေအမျိုးအစားနဲ့ ဆိုင်တယ်လေ။ ရေထိန်းနိုင်သလား၊ လေရောရှိလား၊ ကိုယ်ထည့်လိုက်တဲ့ မြေသြဇာတွေကလည်း အပင်တွေက ရနိုင်သလား မရဘူး လားကို ဆုံးဖြတ်ပေးတယ်။ တကယ်လို့ စမ်းသပ်လိုက်လို့ မကောင်းဘူးဆိုရင်လည်း ကောင်းအောင် ပြင်ဆင်လိုက်လို့ရတာပေါ့”
“မျက်စိနဲ့ မြင်နေတာပဲကွာ၊ စမ်းရဦးမှာလား”
“စမ်းရမှာပေါ့။ စမ်းမှ သိမှာပေါ့လို့ ကိုလေးဖေရဲ့”
“ဘယ်လို စမ်းရမတုန်းဟ”
“မျက်မြင် စမ်းချင်တာဆိုရင်
- လက်မ (၂၀) ပတ်လည်လောက်ကို ကျင်းတူးလိုက်
- အနက်ကို (၁၀) လက်မ လောက်ကို ပေါက်တူးနဲ့ တူးလိုက်ဗျာ။ အဲ့မြေကြီးကို ယူမှာနော်။ ပေါက်ပြီး တစ်ခါတည်း ယူလိုက်၊ ပြီးတော့မှာ မြေညီတဲ့နေရာ အိတ်ခင်းပြီး ချေဗျာ”
ပြီးရင် ရေထည့်ပြီး လုံးကြည့်ကြမယ်။ ပြားကြည့်ကြမယ်။
ချေရင်းနဲ့ ခဲတို့ သဲတို့ အမှိုက်တို့ပါနေရင်လည်း ဖယ်တာပေါ့ဗျာ၊ မြေကြီးသန့်သန့်လေးပဲ တစ်ခါတည်း ရွေးလိုက်တာပေါ့။
ပြီးရင်ကျတော့ မစိုဘူး ခြောက်နေတယ်ဆို ရေထည့်မယ်၊ တအားစိုလွန်းရင်လည်း ခဏ နည်းနည်းအခြောက်ခံရမယ်။ လက်တစ်ဆုပ်စာပဲနော်။
ငါးဖယ်ဆုပ်လေး ဆုပ်သလိုပဲ
ဆုပ် ဆုပ်ပြီးတော့ ခံစားကြည့်ရမှာပေါ့။
(၁) မိနစ် (၂) မိနစ်လောက်အထိ ဆုပ်နယ်လိုက်ရင်ကို မြေကြီးကို သိပါတယ်။ သဲ ကြမ်းကြမ်းပါတယ်ဆိုရင် နားနဲ့ ကပ်ပြီး ဆုပ်လိုက်ရင်ကို သဲပွတ်သံလေးတွေအထိတောင်ကြားရနိုင်သေးဗျာ။
နုန်းလိုမျိုး ပါတယ်ဆိုရင် နည်းနည်းကပ်စေးစေးလေးဖြစ်မယ်။ နူးနူးညံ့ညံ့လေးဖြစ်မယ်။
ရွှံ့ဆိုရင်ကျတော့ ဘာဆက်လုပ်လို့ရမလဲဆိုတော့ တအားကိုစေးကပ်ကပ်နဲ့ ပုံသွင်းလို့ရမယ်။
ဒီမှာ ဒီပုံလေးကိုကြည့်လိုက်

(A) ဆိုတဲ့ အတိုင်း ပုံလည်းသွင်းလို့မရဘူး၊ လက်နဲ့လုံးကြည့်လိုက်ရင် ပိရမစ်လို့ ဆမူဆာလိုမျိုး ပြန်ပြန် ပြဲကျသွားရင်တော့ သဲဆန်တဲ့မြေဗျာ။
(B) လိုမျိူး လက်တစ်ဆစ်လောက်စာ အလုံးလေး လုံးလို့ရတယ်ဆိုရင် သဲလေးနည်းနည်းပါတဲ့ မြေစေး (Sandy Loam)
(C) လိုမျိုး ထပ်ပြီးတော့ အချောင်းပုံလေး လက်နဲ့လိပ်လိုက်လို့ရတယ်၊ ဒါပေမဲ့ တိုတိုလေးပဲရတယ်ဆိုရင် နုန်းပါတဲ့မြေ(Silty or Silty Loam)
(D) လက်နဲ့ လိပ်တာ ၆ လက်မလောက်ရတယ်ဆိုရင် ကျတော့ သဲသမမြေ (Loam)
(E) လိပ်ထားတဲ့ အချောင်းလေးကို ကွေးကြည့်လို့ မပြတ်သွားဘူး ကွေးကွေးလေး ကျန်နေတယ်ဆိုရင် သဲစနယ်မြေ(Clay Loam or Sandy Clay)
(F) ကွေးရုံတင်မကဘူး အကွင်းလေးအထိ ဆက်လို့ရတယ် ဆိုရင် ရွှံ့နည်းနည်းပါတာ ပိုများတဲ့ (Clay Loam Silty)
(G) လက်စွပ်လို့ စွပ်ကြည့်လို့တောင် မပြတ်ဘူး အေးဆေးပဲဆိုရင်တော့ ရွှံ့မြေပါဗျ၊ (Clay)
ဒါမျိုး စမ်းတာက မြေသား အနေအထားကို သိရုံပဲ၊ ဒီထဲက ဘယ်ဟာအကောင်းဆုံးလဲလို့ ပြောရင်တော့ တည်ဆောက်ပုံအရပဲ ပြောလို့ရမယ်ဗျာ၊ ကျန်တာက မြေကြီးက ချဉ်ငန်ကိန်းတို့ မြေသားထဲက အနုဇီဝသက်ရှိတွေ ရှိနေလား မရှိနေလား အဲ့ဒါတွေ အများကြီးရှိသေးတယ်ဗျာ၊
ခု ဒီလို လုပ်ကြည့်တာ ခက်လည်း မခက်ဘူး၊ အနည်းဆုံးတော့ဗျ၊ သဲမြေဗျာ။ ရေနည်းနည်းနဲ့ ခဏခဏ လောင်းရမယ်။
ရွှံ့က ရေအကြာကြီး စုပ်ထားလို့ ရေအများကြီး လောင်းလိုက်လို့မဖြစ်ဘူး ဆိုတာနဲ့ ကိုယ်စိုက်နေတဲ့ မြေ အခင်းက တစ်ခင်းနဲ့တစ်ခင်းမတူဘူးဆိုတာတော့ သိသွားတာပေါ့ဗျာ….
မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြားနီနည်းပညာပေးရေးအဖွဲ့