မြေဆွေး အမြန်ဖန်တီးနိုင်မယ့် လျှို့ဝှက်ချက် ၃ ခု

21/04/2022 10:35 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

 

နွေရာသီအချိန်ဟာ မြေဆွေးဖန်တီးပြုလုပ်ဖို့အတွက် အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပူနွေးလှတဲ့ အပူချိန်နဲ့ စိုထိုင်းဆများခြင်းတို့ဟာ မြေဆွေးပုံတွေရဲ့ အပူချိန်ကို ပိုမိုတက်စေနိုင်ပြီး လျင်မြန်စွာပြိုကွဲနိုင်တာကြောင့် ဖြစ်ပါတယ်။ 

နောက်ပြီး နွေရာသီအချိန်ဟာ မြေဆွေးပြုလုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေ ရှာဖွေဖို့ လွယ်ကူတဲ့အချိန်လည်း ဖြစ်ပါတယ်။ “မြေဆွေး ပြုလုပ်တဲ့အခါ ဘာတွေထည့်ရမလဲ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ထည့်သွင်းအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းတွေအကြောင်းကို ယခင်က မျှဝေခဲ့ပြီးပြီ ဖြစ်ပါတယ်။ မြေဆွေးပုံတွေ ပြုလုပ်တဲ့အခါ မိမိထည့်သွင်းလိုက်တဲ့ ပါဝင်ပစ္စည်း၊ ပြုလုပ်တဲ့နေရာ၊ အရွယ်အစား၊ ရာသီဥတုနဲ့ နည်းစနစ်တွေအပေါ် မူတည်ပြီး မြေဆွေးပုံရဲ့ ဆွေးမြေ့ချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။ ယေဘူယျအားဖြင့် မြေဆွေးပုံပြုလုပ်တဲ့အခါ အနည်းဆုံးတော့ ရက်သတ္တပတ် ၆ ပတ်ကနေ ၈ ပတ်လောက်အထိ ကြာမြင့်နိုင်ပြီး အဲ့ထက်ပိုများမယ်ဆိုရင်တော့ ၁ နှစ် နဲ့ အထက် ကြာမြင့်တာမျိုးတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ မြေဆွေးအမြန်ရရှိနိုင်ဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက် ၃ ခုကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

 

၁။ ကာဗွန်၊ နိုက်ထရိုဂျင် အခြေခံပစ္စည်းများကို မှန်ကန်စွာရောစပ်ပါ 

အပူဓာတ်ကောင်းကောင်းရှိပြီး လျင်မြန်စွာဆွေးမြေ့နိုင်တဲ့ မြေဆွေးပုံဆိုတာဟာ ကာဗွန်နဲ့ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပါဝင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် ရောစပ်အသုံးပြုထားခြင်းကြောင့် ဖြစ်ပါတယ်။ ကာဗွန်ကို အခြေခံတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတော့ သစ်ရွက်ခြောက်၊ ကောက်ရိုး၊ သစ်သား၊ ပြာ၊ သစ်သားအပိုင်းအစတွေနဲ့ မြက်ခြောက် စတဲ့ ခြောက်သွေ့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဖော်ပြပါ ပစ္စည်းတွေဟာ မြေဆွေးပုံကို ပိုမိုအစွမ်းထက်စေတဲ့ ပစ္စည်းများ (သို့မဟုတ်) အညိုရောင်ပစ္စည်းများလို့ ခေါ်ဆိုကြပါတယ်။ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပစ္စည်းတွေကတော့ အစိမ်းရောင်ပစ္စည်းတွေ ဖြစ်ကြပြီး ၎င်းတို့ဟာ မြေဆွေးပုံကို ပိုမိုအသက်ဝင်စေကာ အပူဓာတ်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အပိုင်းအစတွေ၊ အစိမ်းရောင်မြက်ပင်တွေ၊ ကော်ဖီမှုန်နဲ့ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ 

အပူဓာတ်များပြီး လျင်မြန်စွာပြိုကွဲနိုင်တဲ့ မြေဆွေးပုံတစ်ခုကိုဖန်တီးဖို့ဆိုတာ မှန်ကန်တဲ့အချိုးအစားနဲ့ ပါဝင်ပစ္စည်းတွေကို ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ မြေဆွေးပုံပြုလုပ်တဲ့အခါ သင့်တော်တဲ့ အချိုးအစားကတော့ နိုက်ထရိုဂျင်အခြေခံပစ္စည်း ၁ ဆကို ကာဗွန်အခြေခံပစ္စည်း ၄ ဆနဲ့ ရောစပ်သင့်တာ ဖြစ်ပါတယ်။ မြေဆွေးလျင်မြန်စွာ ရရှိနိုင်ဖို့အတွက် စတင်ပြုလုပ်ချိန်ကတည်းက ၎င်းပစ္စည်းအားလုံးကို တစ်ကြိမ်တည်းနဲ့ နှံ့စပ်အောင် ကြိုတင်ရောမွှေပေးခြင်းက မြန်မြန်ဆွေးမြေ့ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကောင်းစွာဆွေးမြေ့ပြီးသား မြေဆွေးပုံကနေ မြေဆွေးအနည်းငယ်ယူပြီး ထည့်သွင်းခြင်းဖြင့် ဘက်တီးရီးယားနဲ့ အကျိုးပြုသက်ရှိတွေဟာ မြေဆွေးကို အမြန်ဖန်တီးပေးနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

၂။ ပါဝင်ပစ္စည်းများကို အပိုင်းစငယ်လေးတွေ ပြုလုပ်ပြီး ထည့်သွင်းပါ 

ပါဝင်ပစ္စည်းတွေကို နှံ့စပ်အောင် သေချာရောနှောပြီးပြီဆိုရင် မြေဆွေးပြုလုပ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ နောက်ပြီး မြေဆွေးပုံကနေ အပူဓာတ်ကောင်းကောင်းထုတ်လွှတ်နိုင်ဖို့အတွက် မိမိပြုလုပ်မယ့် မြေဆွေးပုံရဲ့ အရွယ်အစားကလည်း အရေးကြီးပါတယ်။ အသင့်တော်ဆုံး မြေဆွေးပုံ အရွယ်အစားကတော့ (အလျား၊ အနံနဲ့ အမြင့်) ၃ ပေ  (သို့မဟုတ်) ၄ ပေ ပတ်လည် ဖြစ်ပါတယ်။ ၎င်းအရွယ်အစားဟာ ပါဝင်ပစ္စည်းတွေကနေ အပူဓာတ်ထုတ်လွှတ်ဖို့ လုံလောက်တဲ့အရွယ်အစားဖြစ်ပြီး အထက်အောက်လှန်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက်လည်း သင့်တော်တဲ့ အရွယ်အစား ဖြစ်ပါတယ်။ 

နောက်ထပ်အရေးကြီးတဲ့ အချက်က ပြိုကွဲမှုမြန်ဆန်နိုင်ပြီး မြေဆွေးလျင်မြန်စွာရရှိဖို့အတွက် ပါဝင်ပစ္စည်းတွေရဲ့ အရွယ်အစားကို သေးနိုင်သမျှသေးအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါဝင်ပစ္စည်းတွေကို ဖြစ်နိုင်ရင် ကြေညက်အောင်ပြုလုပ် လှီးဖြတ်ပြီးမှ ထည့်သွင်းသင့်ပါတယ်။ ကြေညက်အောင် မလုပ်နိုင်ရင်လည်း အနည်းဆုံး ၁ - ၂  လက်မ ဝန်းကျင်ရှိတဲ့ အစိတ်အပိုင်းလေးတွေ ပြုလုပ်ပီးမှ မြေဆွေးလုပ်ရာမှာ ထည့်သွင်းမယ်ဆိုရင် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်းမှာ ကောင်းကောင်းဆွေးမြေ့တဲ့ မြေဆွေးကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ 

 

၃။ အောက်စီဂျင်နဲ့ အစိုဓာတ် မျှတအောင် ပြုလုပ်ပါ

သင့်တော်တဲ့ မြေဆွေးပုံအရွယ်အစားနဲ့ ပါဝင်ပစ္စည်းတွေကို ကောင်းစွာရောနှောပြီးပြီဆိုရင် မြေဆွေးပုံရဲ့ အောက်စီဂျင်နဲ့ အစိုဓာတ်ကို မျှတအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ မြေဆွေးပုံကနေ အပူတွေထုတ်လွှတ်နိုင်ဖို့ဆိုတာ ရေရော အောက်စီဂျင်ရော ၂ မျိုးစလုံး လိုအပ်ပါတယ်။ ရေနဲ့ အောက်စီဂျင်မရှိတဲ့အခါ ရလဒ်အနေနဲ့ အနံ့အသက်ဆိုးတွေကို စတင်ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆွေးပုံကို နေ့စဥ် (သို့မဟုတ်) ၂ ရက်လျှင် ၁ ကြိမ် အထက်အောက်လှန်ပေးခြင်းဖြင့် မြေဆွေးပုံရဲ့ အစိတ်အပိုင်းအားလုံးကို အောက်စီဂျင် ရရှိစေမှာ ဖြစ်ပါတယ်။ အောက်စီဂျင်ရရှိခြင်းဖြင့် မြေဆွေးပုံထဲမှာရှိနေတဲ့ အကျိုးပြုသက်ရှိတွေကို ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်စေမှာ ဖြစ်ပါတယ်။ အောက်စီဂျင်လိုအပ်သလိုပဲ မြေဆွေးပုံမှာ အစိုဓာတ်လည်းလိုအပ်ပါတယ်။ မြေဆွေးပုံဟာဆိုရင် လက်နဲ့ထိကြည့်လိုက်တာနဲ့ အစိုဓာတ်ရှိနေဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် စိုစွတ်နေတဲ့ ရေမြှုပ်ကဲ့သို့ ရှိသင့်တာ ဖြစ်ပါတယ်။ လုံးဝခြောက်သွေ့သွားပြီဆိုရင်တော့ အပူထုတ်တာလည်း ရပ်တန့်သွားမှာဖြစ်ပြီး ပြိုကွဲခြင်း ဖြစ်စဥ်လည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆွေးပုံလုံးဝမခြောက်သွေ့ခင်မှာ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ရေလောင်းတဲ့အခါ အသင့်အတင့်လောင်းဖို့သာ လိုအပ်တာဖြစ်ပြီး အလွန်စိုစွတ်မယ်ဆိုရင်လည်း ပြိုကွဲဖို့ လုပ်ဆောင်နိုင်တော့မှာ မဟုတ်တာကြောင့် သတိပြုသင့်ပါတယ်။ 

 

Ref: http://thisismygarden.com/ 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်