လယ်သမားတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ နယ်သာလန်ရဲ့ ကျွဲနွားလျှော့ချရေးစီမံချက်

26/07/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရူဒါ ရဲ့ ရုံးခန်းထိပ် အကွေ့နားမှာ "Koediefstraat" လို့ ခေါ်တဲ့ လမ်းရှိတယ်။ အဓိပ္ပာယ်က "နွားသူခိုးလမ်း" ပေါ့။ ဒတ်ချ်လယ်သမားတွေကတော့ လိုက်ဖက်လွန်းတဲ့ အမည်နာမရယ်လို ထင်ကြတော့မယ်။ ဘာကြောင့်ဆိုတော့ လယ်သမားတွေရဲ့အမြင်မှာ အစိုးရဟာ သူတို့နွားတွေကို အတင်းခိုးယူချင်နေသလို ဖြစ်နေလို့ပါ။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်တုန်းက ဒတ်ချ်အစိုးရဟာ ဥရောပသမဂ္ဂ (EU) ရဲ့ ဇီဝမျိုးစုံမျိုးကွဲဥပဒေစည်းမျဉ်းတွေနဲ့အညီ ဖြစ်အောင်ဆိုပြီး ဓာတ်မြေသြဇာ၊ နွားချေးတို့ကနေ ဖြစ်စေတဲ့ နိုက်ထရိုဂျင်ညစ်ညမ်းမှု ကန့်သတ်ချက်ကို ထုတ်ပြန်ပြဋ္ဌာန်းလိုက်တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြိုးဝိုင်းနဲ့နီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ နိုက်ထရိုဂျင်ဓာတ်ကြွင်း ထွက်ရှိမှုကို ၇၀ ရာခိုင်နှုန်း လျှော့ချကြရမယ်။ နိုင်ငံအတွင်း မွေးမြူထားတဲ့ နွားနဲ့ ဝက်ကောင်ရေ ၃၀ ရာခိုင်နှုန်းခန့် လစ်ကြပေတော့ ဆိုရာရောက်သလို အသားတိုးနဲ့ နို့စားနွား မွေးမြူရေးခြံ အများအပြားလည်း တစ်ပါ တည်း ပါသွားတော့မယ်။

(စကားချပ်။    ။ ဒတ်ချ်အစိုးရက နိုင်ငံတွင်း တိရစ္ဆာန်ချေးတွေ များပြီး နိုက်ထရိုဂျင် ညစ်ညမ်းမှုဖြစ်လို့ ယူရို ၂၅ ဘီလျံ ကုန်ကျခံမယ့် ကျွဲနွားလျှော့ချရေး စီမံချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။)

အဲဒီကတည်းက လယ်သမားတွေ ဆန္ဒပြလာလိုက်ကြတာ။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် မော်တော်ကားလမ်းပေါ်မှာ John Deere လယ်ထွန်စက်ကြီးတွေ မောင်းခွင့်ပြုလိုက်ပြီလားတောင် ထင်စရာပါ။ လယ်သမားတွေက လယ်ထွန်စက်တွေကို အထက်လွှတ်တော်ရှေ့မှာ ပိတ်ရပ်ထားကြတယ်။ အစိုးရဝန်ကြီးတွေကို သူတို့နေအိမ်တွေအထိ လိုက်နှောင့်ယှက်ကြသလို ကုန်စည်ဖြန့်ချိရေးစင်တာတွေကို ပိတ်ဆို့ပြီး စူပါမားကတ်တွေကို ဘက်တစ်ခုမှာ ရပ်တည်လာအောင် ဖိအားပေးကြတယ်။ ဒါ့အပြင် သက်သတ်လွတ်အစားအစာကုမ္ပဏီတစ်ခုကိုပါ ခြိမ်းခြောက်ပြီး သူတို့ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတဲ့ "နွားမွေးမြူခြင်းသည် ရာသီဥတု ဖောက်ပြန်မှုကို အားပေးသည်" ဆိုတဲ့ စာပိုဒ်ကိုပါ ဖယ်ရှားခိုင်းကြတယ်။

နယ်သာလန်ဟာ ဥရောပသမဂ္ဂထဲမှာတော့ နိုက်ထရိုဂျင်ညစ်ညမ်းမှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတွင်း သိပ်သည်းထူထပ်စွာ မွေးမြူထားတဲ့ နွားကောင်ရေဟာ ဥရောပရဲ့ ဘယ်ဒေသထက်မှာမဆို ပိုများပါတယ်။ အစိုးရကတော့ ဥပဒေကြောင့် မြေ၊ နွားနဲ့ စက်ယန္တရားတွေ လုပ်ငန်းလည်ပတ်လို့ မရတော့ရင် လယ်သမားတွေကို ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ ပေးချေသွားမယ့်အကြောင်း၊ ဂေဟလယ်ယာဘက်ကို ကူပြောင်းရေးအတွက် အမတော်ကြေးတွေ ပေးအပ်သွားမယ့်အကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ လယ်သမားကာကွယ်ရေးအဖွဲ့လို သဘောထားတင်းမာသူတွေကတော့ အစိုးရ ဘာပြောပြော သူတို့လိုအင်မပြည့်မချင်း တင်းခံသွားမယ်လို့ ပြောပါတယ်။

လက်ယာစွန်းနိုင်ငံရေးသမားတွေ ကောက်ချက်ချတာက ဒီညစ်ညမ်းမှုကန့်သတ်ချက်တွေဟာ တကယ်တော့ World Economic Forum ရဲ့ လယ်ယာလုပ်ငန်းတွေကို ဖျက်ကာ ရွှေ့ပြောင်းခိုလှုံသူတွေအတွက် အိမ်ရာနဲ့ အစားထိုးရေး လျှို့ဝှက်ပူးပေါင်းကြံစည်မှုသာ ဖြစ်ပါတယ်တဲ့။ ဇူလိုင် ၃ ရက်နေ့က အစိုးရဟာ ဖျန်ဖြေရေးတစ်ယောက်ကို ခန့်အပ်ခဲ့ပေမဲ့ လယ်သမားအဖွဲ့တွေက အဲဒီပုဂ္ဂိုလ်နဲ့ တွေ့ဆုံရေးကို ငြင်းဆန်ခဲ့ကြပါတယ်။

နယ်သာလန်မှာ အစားအစာအရေးကိစ္စနဲ့ ပတ်သက်လာလို့ရှိရင် စေတနာ ကောင်းသလောက် စီမံမှုညံ့ဖျင်းတဲ့ ပြဿနာကို နောက်ပိုင်းမှာ ကြုံကြုံလာရပါတယ်။ မတ်လတုန်းကလည်း အစိုးရသစ်ဟာ အဝလွန်တာတွေကို တိုက်ဖျက်မယ်လို့ ကတိပြုပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအပေါ် စည်းကြပ်ထားတဲ့ တန်ဖိုးဖြည့်ခွန် (VAT) ကို လုံးလုံးလျားလျား လျှော့ချပစ်လိုက်တယ်။ 

ဒါပေမဲ့လည်း အမေရိကန်အစိုးရ ၁၉၈၀ ပြည့်လွန်နှစ်တုန်းက ဆော့ချဉ်ကို ဟင်းသီးဟင်းရွက်စာရင်းထဲ ထည့်ဖို့ လုပ်စဉ် အခက်ကြုံခဲ့ရသလိုမျိုး ဘယ်အစားအစာက ဟင်းသီးဟင်းရွက်ထဲ အကျုံးဝင်သလဲ ဆုံးဖြတ်ဖို့ရာ ထင်တာထက် ပိုခက်ခဲပါတယ်။ (အသီးဖျော်ရည်ကို အသီးထဲ ထည့်လို့ရလား။ အခွံမာသီးတွေရေရာ ဘယ်ထဲ ထည့်ရမှာလဲ စသည်ဖြင့်။) ဒီပြဿနာကို လေ့လာဖို့ ပညာရှင်တွေကို တာဝန်ပေးအပ်ထားပါတယ်။ ကြည့်ရတာ အသီးဖျော်ရည်သမားတွေဟာ အခု ဆန္ဒပြနေတဲ့ ကျွဲနွားတောင်သူတွေလောက်တော့ အကြောတင်းဟန် မရှိလှပါဘူး။

ဝေယံဟိန်း (B.Ag)

Ref: How many cows are too many, ask the Dutch government? - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်