ဩဂုတ်လ ၂ ရက် - နေ့လည် ၁ နာရီတွင် ရရှိသည့် ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသမြေပုံများနှင့် အမေရိကန်ရေတပ်မုန်တိုင်းသတိပေးဗဟိုဌာန (JTWC) ၏ တိုင်ဖုန်းမုန်တိုင်း "DOLPHIN" သတိပေးချက်များ (WARNING 22 နှင့် WARNING 25) တို့ကို အခြေခံ၍ ဒေသတွင်းမိုးလေဝသအခြေအနေနှင့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုအပေါ် သက်ရောက်နိုင်မည့်အခြေအနေများကို သုံးသပ်တင်ပြလိုက်ပါသည် -
၁။ ဒေသတွင်းဖြစ်ပေါ်နေသည့် မိုးလေဝသစနစ်များအပေါ် သုံးသပ်ချက်
ပစိဖိတ်အနောက်မြောက်ပင်လယ်ပြင် (Typhoon DOLPHIN)
မုန်တိုင်းအခြေအနေ - တိုင်ဖုန်းမုန်တိုင်း DOLPHIN သည် ပစိဖိတ်အနောက်မြောက်ပိုင်းတွင် အားကောင်းသော မုန်တိုင်းကြီးအဖြစ် တည်ရှိနေသည်။ JTWC သတိပေးချက် #22 မှ #25 နှိုင်းယှဉ်ချက်အရ မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက် (WNW) သို့ ဂျပန်နိုင်ငံတောင်ပိုင်းနှင့် အိုကီနာဝါကျွန်းများဆီသို့ ဦးတည်ရွေ့လျားလျက်ရှိသည်။ မုန်တိုင်း၏ ဗဟိုချက်လေတိုက်နှုန်းမှာ ၁၂၀ - ၁၂၅ နော့ (တနာရီ မိုင် ၁၄၀ အထက်) အထိ လေတိုက်နှုန်း ပြင်းထန်လျက်ရှိသည်။ ၎င်းမုန်တိုင်းသည် မြန်မာနိုင်ငံနှင့် အလွန်ဝေးကွာသော ပစိဖိတ်ပင်လယ်ပြင်အတွင်း၌သာ ရွေ့လျားနေသဖြင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်သက်ရောက်မှု လုံးဝမရှိပါ။
တောင်တရုတ်ပင်လယ် (South China Sea)
လေဖိအားနည်းရပ်ဝန်းအသစ်ဖြစ်ပေါ်သည့်အခြေအနေ: TMD ၏ ဩဂုတ် ၂ ရက် topchart အရ ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင် (15.0°N / 125.0°E) တွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်း (TD - 1002 hPa) တစ်ခု အသစ်ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ ၎င်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံ
မုတ်သုံမြောင်တန်း (Monsoon Trough) - ဩဂုတ် ၁ ရက် မွန်းလွဲပိုင်းမှ ဩဂုတ် ၂ ရက် နံနက်ပိုင်းအထိ မြေပုံများအရ မုတ်သုံမြောင်း (Monsoon Trough) လိုင်းသည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းကို ဖြတ်သန်းကာ လာအို၊ ဗီယက်နမ်မှတစ်ဆင့် တောင်တရုတ်ပင်လယ်အထိ တန်းဆင်းတည်ရှိနေဆဲဖြစ်သည်။
မုတ်သုံလေပြင်း စီးဝင်မှု - ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားကောင်းသည့်အခြေအနေ (Isobars လိုင်းများ စိပ်နေသည်)ကိုတွေ့ရသည်။
၂။ မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်သက်ရောက်နိုင်သည့် အခြေအနေ သုံးသပ်ချက်
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာသော အပူပိုင်းလေဖိအားနည်းရပ်ဝန်း (TD) သည် မုတ်သုံလေစီးကြောင်းကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။ ယင်းကြောင့် ဘင်္ဂလားပင်လယ်အော်မှ စိုစွတ်သော လေစီးကြောင်းများသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ တနင်္သာရီ) နှင့် ဧရာဝတီတိုင်းတို့ဆီသို့ စိမ့်ဝင်မှု အရှိန်မပျက် ရှိနေပါမည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းရှိ လေဖိအားနည်းဆဲလ် (L) များကြောင့်လည်း နေရာကွက်၍ မိုးကြီးခြင်းများနှင့် မိုးထစ်ချုန်းရွာခြင်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။

၃။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ရေကြီးမှုအပေါ် သုံးသပ်ခန့်မှန်းချက်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်သည် ငဝန်မြစ်ကြောင်းတစ်လျှောက်တွင် တည်ရှိပြီး ငဝန်မြစ်ရေ မြင့်တက်မှုနှင့်အတူ အထက်ပိုင်း (ကစို့မြစ်/မြောင်းမြ/ဟင်္သာတအထက်ပိုင်း) တို့မှ စီးဆင်းလာသော ရေစီးကြောင်းများကြောင့် တာကျိုးပေါက်ပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။
မိုးရွာသွန်းနိုင်မှု အခြေအနေ : မုတ်သုံလေ အားကောင်းနေခြင်းနှင့် မုတ်သုံမြောင်း၏ သက်ရောက်မှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိသည်။
ရေပြန်ကျနိုင်မှု နှေးကွေးခြင်း : ဧရာဝတီမြစ်ဝှမ်းအထက်ပိုင်း (မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်း) ဒေသများတွင် လေဖိအားနည်းဆဲလ် (L) များကြောင့် မိုးရွာသွန်းမှု ဆက်လက်ရှိနေမည်ဖြစ်ရာ မြစ်ကြောင်းအတိုင်း စီးဆင်းလာမည့် တောင်ကျရေ/မြစ်ရေများသည် ဧရာဝတီမြစ်နှင့် ငဝန်မြစ်တို့အတွင်းသို့ ဆက်လက်စီးဝင်နေမည်ဖြစ်သည်။
နဂိုရှိပြီး ရေကြီးမှုအပေါ် သက်ရောက်မှု: လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးအနည်းငယ် ပါးသွားနိုင်သော်လည်း မြစ်ရေမြင့်တက်မှု၊ တာကျိုးပေါက်သည့်အကျယ်အဝန်းကြီးမားလာမှု နှင့် မြေပြင်ရေဝပ်မှုများကြောင့် လေးမျက်နှာမြို့နယ်အတွင်း ရေကြီးနေသည့် ဖြစ်စဉ်သည် ချက်ချင်း ရေပြန်ကျရန် ခက်ခဲနိုင်ပြီး ရေကျနှေးမည့် အခြေအနေ (ကျဆင်းမှု နှေးကွေးသည့်အခြေအနေ) တွင်သာ ရှိနေဦးမည်ဖြစ်သည်။
အကြံပြုချက် : လေးမျက်နှာမြို့နယ်နှင့် ငဝန်မြစ်ကမ်းတစ်လျှောက်ရှိ ပြည်သူများအနေဖြင့် အထက်ပိုင်းမှ မြစ်ရေစီးဆင်းမှု တိုးလာနိုင်ခြေနှင့် မုတ်သုံလေကြောင့် မိုးထပ်မံရွာသွန်းနိုင်ခြေများကို သတိပြု၍ ရေဘေးလွတ်ကင်းရာ သတိထားနေထိုင်ကြရန် လိုအပ်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။