ဇွန်လ ၁၅ ရက် ညနေ ၄ နာရီခွဲ ရရှိတဲ့ ဒေတာများအရ
အထက်လေပွေလှိုင်း (Upper Air Cyclonic Circulation) ဖြစ်ပေါ်မှုနှင့် ရွေ့လျားမှုအခြေအနေ ကြိုတင်ခန့်မှန်းချက်
ဇွန်လ ၂၀ ရက် (နံနက် ၀၅:၀၀ နာရီ) - ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်လျက်ပင်လယ်ပြင်ဧရိယာတွင် စက်ဝိုင်းပုံသဏ္ဌာန်လေစီးကြောင်း(လေဝဲလက္ခဏာ) စတင်တွေ့ရှိရပြီး မြန်မာနိုင်ငံဘက်သို့ အနောက်တောင်လေများ အရှိန်ပြင်းစွာ တွန်းပို့နေသည်။
ဇွန်လ ၂၀ ရက် (ညနေ ၁၇:၀၀ နာရီ) - လေပွေလှိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းအနီးတွင် ပိုမိုအားကောင်းလာပြီး စက်ဝိုင်းပုံ လည်ပတ်စီးဆင်းမှု ပိုမိုထင်ရှားလာသည်။
ဇွန်လ ၂၁ ရက် (နံနက် ၀၅:၀၀ နာရီ) - အဆိုပါ အထက်လေပွေလှိုင်းသည် ကုန်းတွင်းပိုင်းသို့ အနည်းငယ် တိုးဝင်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလားပြည်နယ်)အနီးတွင် လည်ပတ်မှုအား ကောင်းနေဆဲဖြစ်ပြီး အနောက်တောင်မုတ်သုံလေကို ပိုမိုဆွဲတင်နေသည်။
ဇွန်လ ၂၂ ရက် (နံနက် ၀၅:၀၀ နာရီ) - လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်း (အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီး) တွင် ဗဟိုဖိအား 998 hPa ရှိသော ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း (Low Pressure Area - L) အဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲအားကောင်းသွားကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။
အနောက်တောင်မုတ်သုံလေ အားကောင်းလာမည့်အခြေအနေ
လေပွေလှိုင်းကုန်းတွင်းသို့ ရွေ့လျားပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာမှုကြောင့် ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးတွင် မုတ်သုံလေ အားကောင်းရာမှ အားပြင်းသည့်အခြေအနေ (Strong Monsoon) သို့ ရောက်ရှိလာနိုင်ပါသည်။ ဇွန်လ ၂၀ ရက်မှ ၂၂ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့်မြောက်ပိုင်း အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ အတွင်း ဆက်လက်တိုက်ခတ်နေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေ
မိုးသည်းထန်စွာရွာသွန်းနိုင်မှု - လေပွေလှိုင်း၏ လက်ဝဲရစ်ဆွဲတင်လိုက်သော ပူနွေးစိုစွတ်သည့်မုတ်သုံလေစီးကြောင်းသည် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းဒေသများကို တိုက်ရိုက်ဖြတ်သန်းနေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးသက်လေပြင်းကျခြင်းများနှင့်အတူ မိုးရေချိန် မြင့်တက်လာနိုင်ပါသည်။
ကမ်းရိုးတန်းနှင့် မိုးလေဝသအခြေအနေ - ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသ (ဧရာဝတီတိုင်း) နှင့် ရန်ကုန်တိုင်း တို့တွင်လည်း မုတ်သုံလေအားကောင်းမှုကြောင့် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပါသည်။
Precipitation Type သုံးသပ်ချက် - ဇွန်လ ၂၂ ရက် မြေပုံအရ မြန်မာနိုင်ငံတစ်ဝှမ်းလုံး (အထူးသဖြင့် အနောက်ဘက်နှင့် မြောက်ဘက်ဒေသများ) တွင် အပြာရောင်တောက်တောက်ပြသထားသည့် မိုးရွာသွန်းမှု (Rain) အခြေအနေသည် ပျံ့နှံ့လျက်ရှိပြီး အပူပိုင်းမုန်တိုင်းအသွင် မဟုတ်သော်လည်း အရှိန်ပြင်းမုတ်သုံကြောင့် သဘာဝဘေးအန္တရာယ် (မြေပြိုခြင်း၊ လျှံကျရေကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း) ကို သတိပြုရန် လိုအပ်ပါသည်။
ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့် မိုးရွာသွန်းမှုဖြစ်နိုင်ခြေများ -
ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယားပုံတွင် ကြည့်ပါ

ပြည်နယ်/တိုင်းဒေသကြီးများအလိုက် မိုးလေဝသဖြစ်နိုင်ခြေများ သုံးသပ်ခန့်မှန်းချက်
၁။ မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ) - ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ပါသည်။
ခန့်မှန်းချက် - ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် စုစုပေါင်းမိုးရေချိန်သည် 450 mm ထက်ကျော်လွန်နိုင်ပြီး မုတ္တမကွေ့အနီးရှိ မွန်နှင့် ကရင်ပြည်နယ်တို့တွင်လည်း မိုးအား အလွန်ကောင်းနေပါမည်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ပုံမှန်ထက် မိုးပိုရွာနိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ခြေ ရှိပါသည်။
သတိပြုရန် - မိုးအဆက်မပြတ်ရွာသွန်းပြီး Cumulative Rainfall မြင့်မားလာနိုင်သဖြင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း (Flash Floods) ၊ တောင်ကျစမ်းရေကျခြင်းနှင့် တောင်တန်းဒေသများတွင် မြေပြိုခြင်းဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ပါသည်။
၂။ အလယ်ပိုင်းမြေပြန့်နှင့် မိုးနည်းရပ်ဝန်းဒေသများ (မန္တလေး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း) - အနောက်ဘက်ရိုးမတောင်တန်းများ၏ ကာဆီးမှုကြောင့် မုတ်သုံလေတိမ်တိုက်များ တိုက်ရိုက်ဝင်ရောက်မှု နည်းပါးသဖြင့် အလယ်ပိုင်းကုန်းတွင်းပိုင်းတွင် မိုးရွာသွန်းမှု ကွက်ကျား သို့မဟုတ် အနည်းငယ်သာ ရှိနိုင်ပါသည်။
ခန့်မှန်းချက် - ဇွန်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း မန္တလေးနှင့် မကွေးတိုင်းတို့တွင် မိုးရေချိန်ပမာဏနည်းပါးနေမည်ဖြစ်သော်လည်း ညနေပိုင်း/ညပိုင်းအချိန်များတွင် ဒေသတွင်း အပူချိန်မြင့်နေခြင်းကြောင့် မိုးတိမ်တောင်များ (Cumulonimbus clouds) ဖြစ်ထွန်းနိုင်ပါသည်။
သတိပြုရန် - မိုးတိမ်တောင်များကြောင့် နေရာကွက်၍ ရုတ်တရက် မိုးသည်းထန်စွာရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း ဖြစ်စဉ်များကို ဂရုပြုသင့်ပါသည်။
၃။ တောင်တန်းနှင့် ကုန်းတွင်းပိုင်းဒေသများ (ချင်း၊ ကချင်၊ ရှမ်း၊ ကယား) - ချင်းပြည်နယ်သည် မုတ်သုံလေစီးကြောင်းနှင့် တိုက်ရိုက်ထိတွေ့သဖြင့် မိုးရေချိန်မြင့်မားကာ မိုးကြီးနိုင်သည့် အခြေအနေရှိပါသည်။ ကချင်ပြည်နယ်တွင် မုတ်သုံလေအရှိန်ကြောင့် မိုးအသင့်အတင့်မှ မိုးကောင်းနိုင်ပါသည်။
ခန့်မှန်းချက် - ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ယခုတစ်ပတ်အတွင်း မိုးအတန်ငယ်ကျဲနိုင်သော်လည်း တောင်တန်းဒေသ သဘာဝအရ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ပုံမှန်ရှိနေပါမည်။ ရှမ်းမြောက်နှင့် ရှမ်းအရှေ့ပိုင်းတွင် မိုးရေချိန် ပိုမိုနည်းပါးနိုင်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။