Meteoblue ၏ RADAR and PRECIPITATION NOWCAST မြေပုံနှင့် RADAR and LIVE SAT IMAGE ဂြိုဟ်တုဓာတ်ပုံများအရ နေ့လယ် ၂ နာရီ မိနစ် ၂၀ အထိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် လာမည့်နာရီပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် Nowcasting မိုးလေဝသခန့်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ လက်ရှိဂြိုဟ်တုနှင့် ရေဒါအခြေအနေ ဆန်းစစ်ချက်
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် - RADAR and LIVE SAT IMAGE မြေပုံပေါ်ရှိ တိမ်တိုက်ကြီးများ၏ အနေအထားအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တဝှမ်းလုံးတွင် အနောက်တောင်မုတ်သုံလေ အားကောင်းမှုကြောင့် သိပ်သည်းလွန်းသော မိုးတိမ်တောင်တိုက်ကြီးများ (Active Convective Cloud Masses) စုဖွဲ့တက်လာနေသည်ကို တွေ့ရပါသည်။
ကမ်းရိုးတန်းနှင့် ပင်လယ်ဝဇုန် - RADAR and PRECIPITATION NOWCAST ပြကွက်အရ အားအလွန်ကောင်းသော မိုးသက်မုန်တိုင်းတိမ်တိုက်ကြီးများသည် မြန်မာနိုင်ငံအောက်ပိုင်း ကမ်းရိုးတန်းနှင့် ပင်လယ်ဝဆီသို့ ဦးတည်ရွေ့လျားနေပါသည်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးအစွန်း (ဖျာပုံ၊ လပွတ္တာ ပင်လယ်ဝအနီး)၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ထားဝယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရေဒါအရ Very Heavy (လိမ္မော်ရောင်/အနီရောင်ဇုန်) မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးသက်လေပြင်းကျရောက်ခြင်းများ ဖြစ်ပေါ်နေပါသည်။

၂။ လာမည့် ၃ နာရီမှ ၆ နာရီအတွင်း ဆက်လက်ဖြစ်ပေါ်နိုင်သော Nowcast တွင် နေ့လယ် ၂ နာရီ မိနစ် ၂၀ ထိနောက်ဆုံးရဒေတာများအရ မိုးတိမ်တိုက်များသည် အရှေ့/အရှေ့မြောက်ဘက် ကုန်းတွင်းပိုင်းသို့ ဆက်လက်ရွေ့လျားပြီး သက်ရောက်နိုင်သည့်အတွက်
(က) မိုးအလွန်များပြီး လေပြင်းတိုက်ခတ်နိုင်သည့်ဒေသများ (အထူးသတိပြုရန်)
ဧရာဝတီတိုင်း (ပင်လယ်ဝမြို့နယ်များ) - လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များ၏ ပင်လယ်ဝဘက်ခြမ်းတွင် အဝါရောင်နှင့် လိမ္မော်ရောင်သန်းနေသော တိမ်တိုက်ကြီးများ ကုန်းတွင်းသို့ စတင်ဖြတ်ကျော်ဝင်ရောက်လာနိုင်သဖြင့် လာမည့် နာရီပိုင်းအတွင်း မိုးသည်းထန်စွာဇောက်ချရွာသွန်းခြင်းနှင့်အတူ မိုးသက်လေပြင်းများ 30 - 40 mph ဝန်းကျင်) ရုတ်တရက် တိုက်ခတ်နိုင်ပါသည်။
တနင်္သာရီတိုင်း (မြောက်ပိုင်း) - ထားဝယ်နှင့် ရေဖြူမြို့နယ်ကမ်းလွန်တို့တွင် ပိတ်မိနေသော Very Heavy Rain ဇုန်ကြောင့် ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေ-ပြင်းပြင်းထန်ထန် ကျရောက်နိုင်ပါသည်။
(ခ) မိုးသင့်တင့်မှ မိုးများနိုင်သည့်ဇုန်
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း - ရန်ကုန်မြို့တွင်း မြို့နယ်များ၊ သန်လျင်၊ ကျောက်တန်း၊ တွံတေးနှင့် ပဲခူးတိုင်းတောင်ပိုင်းတို့တွင် လက်ရှိတွင် တိမ်ထူထပ်နေပြီး လာမည့် ဇွန်လ ၄ ရက် ညနေပိုင်းအထိ ကပ္ပလီပင်လယ်ပြင်ဘက်မှ တက်လာသော မိုးတိမ်တိုက်ခွဲများကြောင့် မိုးအသင့်အတင့်မှ ထစ်ချုန်းမိုး သည်းသည်းမဲမဲ ရွာသွန်းခြင်း များ ဆက်လက်ဖြစ်ပေါ်နိုင်ပါသည်။
အကြံပြုချက်
ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများနှင့် ရေကြောင်းခရီးသွားလာမှု - RADAR and PRECIPITATION NOWCAST တွင် မြင်တွေ့ရသည့်အတိုင်း မြန်မာ့ပင်လယ်ပြင်နှင့် ကပ္ပလီပင်လယ်ပြင်တဝှမ်းလုံးတွင် မိုးသက်လေပြင်းကျနိုင်သည့်ဇုန်ကြီးများ ပင်လယ်ပြင်အနှံ့ ဖြစ်ထွန်းနေသဖြင့် လာမည့် ၆ နာရီအတွင်း ရေကြောင်းသွားလာခြင်းများကို အထူးဆင်ခြင်ရန်နှင့် ကမ်းနီးကမ်းဝေးငါးဖမ်းလှေများ လှိုင်းလေဒဏ်ကို သတိပြုရန် လိုအပ်ပါသည်။
မြို့ပြနှင့် လည်ယာစိုက်ပျိုးရေး - ဧရာဝတီတိုင်းတောင်ပိုင်းနှင့် ရန်ကုန်တိုင်းအတွင်း မြေနိမ့်ပိုင်းများတွင် လျှပ်တစ်ပြက်မိုးကြီးပြီး ရေတင်ကျန်မှုရှိနိုင်သဖြင့် ရေနုတ်မြောင်းများ လမ်းဖွင့်ထားရန်နှင့် လယ်သမားကြီးများအနေဖြင့် ယခုညနေပိုင်းတွင် ဆေးဖျန်းခြင်း သို့မဟုတ် မြေသြဇာကျွေးခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။