ဇွန် ၇ ရက် ညနေ ၄ နာရီတွင် ရရှိသည့် ဒေတာများအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၁ ပတ်အတွင်း “ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ထူးခြားမိုးလေဝသအခြေအနေများ ဖြစ်ပေါ်နေခြင်း မရှိပါ”။
၁။ မိုးလေဝသ အခြေအနေခန့်မှန်းချက်အကျဉ်းချုပ်
ဇွန်လ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေ (Southwest Monsoon) သည် အားကောင်းရာမှ အလွန်အားကောင်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မုတ်သုံလေဝင်ရောက်မှု အားကောင်းပြီး မိုးတိမ်တောင်များ စဉ်ဆက်မပြတ် ဖြစ်ထွန်းနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ကမ်းရိုးတန်းနှင့် မုတ်သုံလေမျက်နှာစာ ဒေသများတွင် မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျခြင်း တို့ ဆက်လက်ဖြစ်ပွားနိုင်ပါသည်။
၂။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးအခြေအနေခန့်မှန်းချက်
မိုးအလွန်များပြီး မိုးကြီးနိုင်သည့် ဒေသများ (ကမ်းရိုးတန်းနှင့် တောင်တန်းဒေသ)
- ရခိုင်ပြည်နယ် - ရခိုင်ကမ်းရိုးတန်း (အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ နှင့် ဂွမြို့နယ်များ) ၌ ကာလာရင့်ရင့် (လိမ္မော်ရောင်၊ အနီရောင်) များဖြင့် မိုးရေချိန် အဆက်မပြတ် ထူထပ်နေသည်ကို တွေ့ရသည်။ တစ်ပတ်လုံးတွင် နေရာကွက်၍ မိုးကြီးခြင်း နှင့်အတူ ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းများ ကျရောက်နိုင်သည်။
- ချင်းပြည်နယ် - ရခိုင်နှင့် ထိစပ်နေသော တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မုတ်သုံလေကြောင့် တောင်ဆို့မိုး (Orographic rain) ရွာသွန်းမှု အားကောင်းမည်ဖြစ်ပြီး မိုးရေချိန် များပြားနိုင်ပါသည်။
- မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး - မြန်မာနိုင်ငံတောင်ပိုင်းဒေသများသည်လည်း ကပ္ပလီပင်လယ်ပြင်မှ ဝင်ရောက်လာသော မုတ်သုံလေကြောင့် ဇွန်လ ၇ ရက်မှ ၁၄ ရက်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး မိုးကြီးနိုင်ခြေ အလွန်မြင့်မားပါသည်။
မိုးအသင့်အတင့်မှ မိုးများနိုင်သည့် ဒေသများ
ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး - ကမ်းရိုးတန်းနှင့် နီးကပ်သဖြင့် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမည်ဖြစ်ပြီး၊ အချို့ရက်များ (အထူးသဖြင့် ဇွန်လ ၉ ရက်၊ ၁၀ ရက် ဝန်းကျင်) တွင် မိုးရေချိန် ပိုမိုမြင့်တက်လာကာ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း/အနောက်ပိုင်း) - ပဲခူးရိုးမနှင့် အရှေ့ဘက် တောင်ငူ၊ ညောင်လေးပင်တစ်ကြော စစ်တောင်းမြစ်ဝှမ်းတလျှောက်တွင် မိုးအသင့်အတင့်မှ မိုးအားကောင်းနေနိုင်ပါသည်။
ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း - ကချင်ပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းအထက်ပိုင်း (ကသာ၊ ဗန်းမော်၊ မြစ်ကြီးနား) တို့တွင် ကာလအပိုင်းအခြားအလိုက် မိုးတိမ်တောင်များ ရွေ့လျားမှုကြောင့် မိုးအသင့်အတင့်မှ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) - ထိုင်းနိုင်ငံဘက်မှ ရွေ့လျားလာသော မိုးတိမ်များကြောင့် မိုးခါးရေ အသင့်အတင့် ရွာသွန်းနိုင်ပါသည်။
မိုးနည်းနိုင်သည့် ဒေသများ (မြန်မာနိုင်ငံအလယ်ပိုင်း မိုးကွယ်ဒေသ)
မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း - ရခိုင်ရိုးမတောင်တန်းက မုတ်သုံလေကို ကာဆီးထားသဖြင့် အလယ်ပိုင်း ပူပြင်းခြောက်သွေ့ဇုန် (Dry Zone) ထဲတွင် မိုးတိမ်ဖြစ်ထွန်းမှု အားနည်းနေသည်ကို တွေ့ရသည်။ ညနေပိုင်း သို့မဟုတ် ညဉ့်ဦးပိုင်းတွင် ဒေသတွင်း အပူပြင်းရာမှ ဖြစ်ပေါ်သောမိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းရွာခြင်းမျိုးမူ ရှိနိုင်ပါသည်။
သတိပြုရန် သဘာဝဘေးအန္တရာယ်များ
- မြေပြိုခြင်း အန္တရာယ် - ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် တောင်တန်းဒေသများတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် မြေသားပွလာပြီး မြေပြိုခြင်း၊ လမ်းပိတ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းလမ်းခရီးသွားလာသူများ သတိပြုရန်။
- လျှပ်တစ်ပြက်ရေကြီးခြင်း (Flash Flood) - မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင် ဒေသရှိ ချောင်းလက်တက်များအနီး နေထိုင်သူများ လျှပ်တစ်ပြက် ရေကြီးရေလျှံမှုကို သတိထားရန်။
- ပင်လယ်ပြင်ခရီးသည်များ - ရခိုင်နှင့် မုတ္တမကွေ့၊ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်သဖြင့် ရေလုပ်ငန်းနှင့် ကမ်းနီးကမ်းဝေး ရေကြောင်းသွားလာမှုများကို အထူးဂရုပြုရန် လိုအပ်ပါသည်။
ဇွန်လ ၈ ရက်မှ ၁၄ ရက်အတွင်း မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရရှိနိုင်မည့် ခန့်မှန်းမိုးရေချိန် စုစုပေါင်း (mm) နှင့် မိုးရွာသွန်းမှု အခြေအနေ -
၁။ ပြည်နယ်/တိုင်းအလိုက် ခန့်မှန်းစုစုပေါင်း မိုးရေချိန်ဇယား (ဇွန် ၈ - ၁၄) ဇယားပုံတွင်ကြည့်ပါ။

၂။ မိုးအနည်းအများ ဖြစ်နိုင်ခြေ ခွဲခြားသုံးသပ်ချက်
အုပ်စု (က) မိုးအလွန်များပြီး မိုးကြီးနိုင်ခြေ အလွန်မြင့်မားသည့်ဒေသများ (မိုးရေချိန် ၂၅၀ mm အထက်) တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်။
အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဇွန်လ ဒုတိယပတ်အတွင်း အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေမည် ဖြစ်ပြီး မုတ်သုံလေမျက်နှာစာ တိုက်ရိုက်ကျရောက်သော ကမ်းရိုးတန်းနှင့် တောင်တန်းဒေသများတွင် ကာလတိုအတွင်း မိုးရေချိန် အဆမတန် မြင့်တက်လာပြီး တစ်ပတ်အတွင်း စုစုပေါင်း မိုးရေချိန် ၂၅၀ mm မှ ၅၀၀ mm အထိ (သို့မဟုတ် ထို့ထက်ပို၍) စံချိန်တင် ရွာသွန်းနိုင်ပါသည်။
အုပ်စု (ခ) မိုးအသင့်အတင့်မှ မိုးများနိုင်သည့်ဒေသများ (မိုးရေချိန် ၁၀၀ mm မှ ၂၅၀ mm အတွင်း) - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း။
မုတ်သုံလေအရှိန်ကြောင့် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကို ရရှိမည်ဖြစ်သည်။ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့တွင် ကမ်းရိုးတန်းနှင့်နီးသဖြင့် မိုးရေချိန် ၁၅၀ mm အထက်အထိ ရောက်ရှိနိုင်ကာ၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်မူ တောင်တန်းမြေမျက်နှာသွင်ပြင်ကြောင့် တိမ်တိုက်များ ပိတ်မိပြီး မိုးအားကောင်းနေမည် ဖြစ်သည်။
အုပ်စု (ဂ) မိုးနည်းနိုင်သည့်ဒေသများ (မိုးရေချိန် ၁၀၀ mm အောက်) - မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည်တော်။
အလယ်ပိုင်းမိုးကွယ်ဒေသ (Dry Zone) များဖြစ်သည့် မကွေး၊ မန္တလေးနှင့် စစ်ကိုင်းအောက်ပိုင်းတို့တွင် ဇွန် ၁၄ ရက်အထိ တစ်ပတ်လုံးစာ စုစုပေါင်း မိုးရေချိန်သည် ၂၀ mm မှ ၅၀ mm ဝန်းကျင်သာ ရှိနိုင်သဖြင့် မိုးပြတ်လပ်မှု သို့မဟုတ် မိုးရွာသွန်းမှု အားနည်းနေဦးမည် ဖြစ်သည်။ ရှမ်းကုန်းပြင်မြင့်နှင့် နေပြည်တော်တစ်ဝိုက်တွင်မူ အသင့်အတင့် ရွာသွန်းနိုင်ပါသည်။
စောင့်ကြည့်ရမည့် ဘေးအန္တရာယ် သတိပေးချက် - ဇွန်လ ၁၁ ရက်မှ ၁၄ ရက်အတွင်း မိုးရွာသွန်းမှု ပြင်းထန်လာနိုင်သဖြင့် တနင်္သာရီ၊ မွန်နှင့် ရခိုင်ကမ်းရိုးတန်း - မိုးသက်လေပြင်းကျခြင်းနှင့်အတူ ပင်လယ်ပြင်လှိုင်းကြီးခြင်း၊ ဒီရေတက်ခြင်းများ သတိပြုရန်။ ချင်းနှင့် ကရင်တောင်တန်းဒေသ - မိုးရေချိန် ၂၀၀ mm ကျော်လာပါက မြေပြိုမှုအန္တရာယ် (Landslide) စတင်ဖြစ်ပွားနိုင်သဖြင့် တောင်ပတ်လမ်းခရီးသွားများ သတိထားရန်။
ဇွန်လ ၁၂ ရက်မှ ၁၅ ရက်အတွင်း နေ့လယ်ပိုင်း (၁၂:၄၅ PM မှ ၁၅:၃၀ PM ဝန်းကျင်) သည် ရန်ကုန်မြစ်ရေ 6.0 မီတာအထက် တဟုန်ထိုး တက်မည့်အချိန် ဖြစ်သည်။ ရှေ့တွင်ပြသခဲ့သော မိုးလေဝသခန့်မှန်းချက်အရ ယင်းရက်များတွင် မိုးသည်းထန်စွာရွာသွန်းပါက မြို့ပြရေနုတ်မြောင်းများ ပိတ်ဆို့ပြီး ရေလျှံမှုဒဏ်ကို မြေနိမ့်ပိုင်းမြို့နယ်များ ပိုမိုခံရနိုင်သဖြင့် ယင်းအချိန်ဇယားအတိုင်း အထူးသတိပြု စောင့်ကြည့်ရန် လိုအပ်ပါသည်။
ပဲခူးမြစ်ရေအခြေအနေကိုလည်း သတိပြုစောင့်ကြည့်ကြပါရန် လိုအပ်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။