ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် မိုင် ၉၀၀ ခန့် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာတွင် လေဖိအားနည်းရပ်ဝန်း TD “NURI” အရှေ့မြောက်ဘက်သို့ရွေ့လျားနေပြီး တဖြည်းဖြည်းအားလျော့ ပျက်ပြယ်သွားနိုင်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအား ဆက်လက်ကောင်းနေပါတယ်။
မတ်လ ၁၂ ရက် ည ၉ နာရီ ၄၀ မိနစ် Updateမှာ
📌 တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေစီးကြောင်းရွေ့လျားတိုက်ခတ်မှုနှင့်အတူ ထိုင်းနိုင်ငံဘက်မှဝင်ရောက်လာသည့် မိုးတိမ်များနှင့် မြန်မာနိုင်ငံတောင်ဘက်မှဝင်ရောက်လာသည့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအတွင်း မတ်လ ၁၂ ရက် မှ မတ်လ ၁၆ ရက်အထိ မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်/မြောက်/အရှေ့) ဒေသတွေမှာ မိုးများနိုင်ပါတယ်။
📌 ကုန်းတွင်းမှ အပူရှိန်ကြောင့် ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးအုံ့ခြင်း၊ မိုးဖွဲကျခြင်းနှင့် နေရာကွက်၍ မိုးအနည်းငယ်ကျနိုင်ခြင်းများရှိပြီး မိုးမများနိုင်သော်လည်း စိုက်ဆင်းလေပြင်းကျတတ်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြုရန်လိုပါမယ်။ ရေကြီးနိုင်သည့်အခြေအနေမရှိ၍ စိုးရိမ်စရာမလိုပါ။

📌 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများမှာ မတ်လ ၁၃ ရက် မှ ၁၆ ရက်အထိ ၄ ရက်အတွင်း မိုးသည်းထန်နိုင်၊ မိုးရေချိန်များနိုင်ပါတယ်။ ၂၄ နာရီအတွင်း အများဆုံးမိုးရေချိန် ၄၀ မှ ၈၀ မီလီမီတာအထိရွာသန်းနိုင်ပြီး တောင်ကျချောင်းရေကျဆင်းနိုင်ခြင်းကြောင့် ရုတ်ခြည်းရေကြီးနိုင်ခြင်း (Flash-Flood) ကို သတိထား၍စောင့်ကြည့်ကြရပါမယ်။
📌 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြောက်ဘက် အင်ဂျန်းယန်၊ တနိုင်း၊ ဆွန်ပရာဘွမ်၊ မချမ်းဘော၊ ပူတာအို၊ ပန်နန်ဒင် (Pannandin)၊ Kumlin စသည့် ဒေသများတွင် မတ်လ ၁၃ ရက် မှ ၁၈ ရက်အထိ မိုးအသင့်အတင့်မှ မိုးများနိုင်သည့်အခြေအနေ ဆက်လက်ရှိနေနိုင်ပြီး၊ ၆ ရက်အတွင်း မိုးရေချိန် ၁၅၀ မီလီမီတာမှ ၃၀၀ မီလီမီတာ = ၆ လက်မ အထက် နေရာဒေသအလိုက် မိုးများနိုင်ပါတယ်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။