Daily Max Rainfall က ပုံမှန် မုတ်သုန်မိုးထက် မုန်တိုင်းမိုးအပေါ်မှာ အဓိက မူတည်တယ်လို့ ယူဆလို့ ရပါသလား?
မုတ်သုံမိုးဖြစ်စေ၊ မုန်တိုင်းမိုးဖြစ်စေ မုတ်သုံရဲ့အား၊ မုန်တိုင်းရဲ့အားနဲ့ အရွယ်အစား၊ လမ်းကြောင်းတွေပေါ်မူတည်ပါတယ်။
မုတ်သုံအားရော၊ မုန်တိုင်းအားနဲ့ အရွယ်အစားရော - ၂ ခုစလုံးက ပင်လယ်ပြင်မှာရှိနေတဲ့ အပူချိန်၊ ရေခိုးရေငွေ့ပါဝင်မှုတွေအပေါ် မူတည်နေပြန်ပါတယ်။
မုတ်သုံမိုးက မုတ်သုံအားမကောင်းတဲ့အချိန် မိုးလည်း ကောင်းမှာမဟုတ်ပါဘူး၊ မုန်တိုင်းအရွယ်အစား၊ အားဘယ်လောက်ကောင်းနေနေ မုန်တိုင်းလမ်းကြောင်းရဲ့ ဘယ်ဘက်နဲ့ညာဘက်အရပ်တွေအပေါ် မုန်တိုင်းသက်ရောက်မှုက ကွာခြားပါတယ်။
ဒီသက်ရောက်မှုတွေကြောင့် Daily Max Rainfall အနည်းအများကလဲ ကွာသွားမှာပါ။
Daily Max Rainfall က မုန်တိုင်းမိုး အပေါ်မှာ မူတည်ခဲ့ရင် မြန်မာ နိုင်ငံရဲ့ ဘယ်ဒေသဖြစ်ဖြစ် ရွာသွန်းနိုင်ခြေ တူတယ်(သိပ်မကွာ) လို့ ယူဆလို့ ရပါသလား?
ဥပမာ ကျောက်ဖြူမြို့မှာ Daily Max Rainfall (24Hr) 20" ရွာနိုင်ချေရှိရင် တစ်နိုင်ငံလုံး လည်း 20" ရွာနိုင်ခြေရှိတယ် လို့ ယူဆလို့ ရပါသလား?
ယူဆလို့မရပါ။ အပေါ်မှာ ပြောခဲ့သလို မုန်တိုင်းမိုးအနည်းအများက မုန်တိုင်းလမ်းကြောင်း၊ ကုန်းတွင်းဝင်ပြီးတဲ့အခါ ဆက်လက်ရွေ့လျားနိုင်မဲ့ မုန်တိုင်းအကြွင်းအကျန်များဦးတည်ရာတွေပေါ်မှာလဲ တည်မှီနေတာကြောင့်ပါ။
မြန်မာနိုင်ငံရဲ့ Daily PMP( Probable Max Precipitation) တစ်ရက်အများဆုံး ရွာသွန်းနိုင်ခြေ ကို Meteorology နဲ့ခန့်မှန်းလို့ ထားတာရှိပါသလား?
ဆိုလိုတာက သင်္ချာ နည်းနဲ့ 100 year, 1000 year, 10000 year Return Period အရ တွက်တဲ့ နည်းတေထက် မိုးလေဝသဖြစ်စဉ်( မုန်တိုင်းကြီး) အပေါ်အခြေခံတဲ့ နည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ PMP ခန့်မှန်းရင် ဘယ်လောက် ပမာဏ ဖြစ်နိုင်ပါသလဲ ခင်ဗျ။ ဆရာ အချိန်ရရင် သုံးသပ်ပေးစေလိုပါတယ်ဆိုလာတော့
ကျနော့်အမြင်နဲ့ အတွေ့အကြုံအရပြောရရင် အခုမေးထားတဲ့ ရာနဲ့ချီတဲ့ နှစ်တွေကို အသာထား၊ နောက်လာမဲ့ ၇၂ နာရီ ကြိုတင်ခန့်မှန်းချက်ကိုတောင် ပုံသေတွက်လို့ မရနိုင်ပါ။
Seasonal Forecast အနေနဲ့ နှစ်စဉ်ရွာသွန်းမြဲအထက်/အောက် ရွာသွန်းမြဲခန့်ဆိုတာလောက်ကိုသာ numerical models တွေက တွက်ချက်ပေးနိုင်ပါတယ်။
အခုကြုံတွေ့နေကြရသလို Climate changes တွေပိုဆိုးလာပြီး အယ်လ်နီညို/လာနီညာတွေဖြစ်ပေါ်မှု ပိုစိပ်လာတဲ့ ကာလအတွင်းမှာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ နေ့စဉ် ၃ နာရီ တကြိမ်၊ ၆ နာရီတကြိမ် မိုးလေဝသဂြိုဟ်တုတွေက ရိုက်ကူးပေးပို့နေတဲ့ဓာတ်ပုံတွေက နာရီနဲ့အမျှပြောင်းလဲနေတာကြောင့်ပါ။
အဲ့ဒါကြောင့် ကြိုတင်ခန့်မှန်းတွေကလဲ အမြဲတမ်းပြောင်းလဲနေပါတယ်။ အခုနောက်ပိုင်း Numerical model တွေမှာ အနည်းဆုံး ၃ နာရီ တကြိမ်မှ ၆ နာရီတကြိမ်သာ update ပေးပါတယ်။
မုန်တိုင်းတလုံးကို Analyze လုပ်တာနဲ့ Verification လုပ်တဲ့ ဌာနတွေကတော့ မုန်တိုင်းဖြစ်ပေါ်တဲ့နေရာက အချက်အလက်တွေ အသေးစိတ်ရယူနိုင်ရန်အတွက် ၁၀ မိနစ် တကြိမ် verify လုပ်နိုင်အောင် Satellite data(Microwave, IR, ... etc)ပုံရိပ်တွေကို မိုးလေဝသဂြိုဟ်တုတလုံးထဲကမဟုတ်ပဲ Multi Satellite တွေဆီက Data image တွေကို ရယူသုံးစွဲကြပါတယ်။
အချုပ်ပြောရရင် မိုးရွာနိုင်ချေကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ အရင် ရာသီဥတုမှန်ပါတယ်ဆိုတဲ့ နှစ်တွေမှာတောင်မှ မိုးရွာနိုင်မဲ့အချိန်၊ နေရာနဲ့ ပမာဏအတိအကျကို ကြိုတင်ခန့်မှန်းရန် မိုးလေဝသရေဒါကိုသုံးပြီးရတဲ့ ပုံရိပ်တွေမရှိရင် မမှန်တော့ပါဘူး။
နောက်ပိုင်းမှာ ကွန်ပျူတာနည်းပညာတွေအဆင့်မြင့်လာပြီး မုန်တိုင်းလမ်းကြောင်း၊ ဝင်မဲ့အချိန်၊ ကုန်းတွင်းမှာဆက်ရွေ့မဲ့လမ်းကြောင်းဆိုတာတွေ အတိအကျတွက်ချက်ပေးနိုင်လို့သာ အဲ့ဒီကာလအတွင်းဘယ်နေရာဘယ်ဒေသမှာ မိုးဘယ်လောက်များနိုင်မယ်ဆိုတာ ခန့်မှန်းနိုင်ကြတာပါ။
မိုးဘယ်နေရာမှာဘယ်လိုရွာနိုင်မယ်ဆိုတာနဲ့ပတ်သက်လို့ နေရာအတိအကျ၊ မိုးရေချိန်အတိအကျ၊ အချိန်အတိအကျ ဂြိုဟ်တုကရတဲ့ အချက်အလက်တွေကို စာရွက်ပေါ်ချရေးပြီးထိုင်တွက်လို့တော့ မရနိုင်ပါဘူးဗျာ။ အဆင့်မြင့်ကွန်ပျူတာတွေ။ ဉာဏ်ရည်တု(AI)တွက်ချက်ခြင်းတွေနဲ့ ခန့်မှန်းတာတောင် နေရာ/အချိန်/မိုးအနည်းအများတွေကွာဟမှုရှိနေပါသေးတယ်။
ဒါကြောင့် ...
"မိုးနဲ့ နွားသိုးအစိုးမရ"ဆိုတဲ့ စကားကတော့ ခုချိန်အထိ မှန်နေတုန်းပါပဲ..။
Photo Crd
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။