စက်တင်ဘာလ ၉ ရက် - နေ့လည် ၁၂ နာရီ၄၀ မိနစ်အချိန် ရရှိသည့်ဒေတာများအရ မုန်တိုင်း YAGI အကြွင်းအကျန်တိမ်တိုက်များနဲ့ လေပွေလှိုင်း မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများကတဆင့် ဖြတ်သန်းဝင်ရောက်နေပြီဖြစ်ပါတယ်။
ရွေ့လျားဖြတ်သန်းမဲ့လမ်းကြောင်းက တဖြည်းဖြည်း တောင်ဘက်(အောက်ဘက်)ကို ရွေ့လျားလာတာတွေ့ရတဲ့အတွက် ပြီးခဲ့တဲ့ ကြိုတင်ခန့်မှန်းချက်များမှာ မန္တလေးမြို့အထက်ဘက်က ဖြတ်သန်းနိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း တောင်ဘက်ကိုအနည်းငယ် ကျလာနိုင်တာကြောင့် "ပုံပါအတိုင်း" ရှမ်းပြည်နယ်တစ်ခုလုံးနဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးရိုးမအရှေ့ခြမ်း(ပဲခူးတိုင်းအရှေ့ခြမ်း)၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ မိုးများလာနိုင်ပါမယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ကြောင့် အနောက်တောင်မုတ်သုံလေအား အလွန်ကောင်းလာပြီး ကမ်းရိုးတန်းဒေသတွေအားလုံးမှာ လေပြင်းတိုက်တာ၊ မိုးများတာတွေက ဖြစ်လာပါမယ်။
အတိုချုပ်ပြောရရင်တော့ အခုမြန်မာနိုင်ငံမှာ နောက်လာမဲ့ ၃ ရက်အတွင်းဖြစ်လာမဲ့ မိုးလေဝသအခြေအနေဟာ မုန်တိုင်းနဲ့ မုန်တိုင်းအကြွင်းအကျန် အရှေ့လေပွေလှိုင်း ၂ မျိုး ကြားက အခြေအနေပါပဲ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။