"ဓားထစ် ခဲပစ် ဘာကြောင့် လုပ်ရတယ်"

19/12/2018 21:00 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မနက်ပိုင်းကတော့ သရက်ဓားထစ် ပိန္နဲခဲပစ်ပြုလုပ်ပုံနဲ့ အကျိုးကျေးဇူးတွေပြောပြပြီသွားပြီ။ ဘာကြောင့်လုပ်သင့်တယ်ဆိုတဲ့ ဆရာ ဦးဟန်ဖြိုးအောင်ပြောပြထားတဲ့ အကြောင်းအရာများကို ကျွန်တော်တို့တောင်သူများ ဆက်လက်လေ့လာကြည့်ကြရအောင်။

အပင်တွေမှာ ပင်ပိုင်းဆိုင်ရာကြီးထွားတဲ့အဆင့် (vegetative phase) နဲ့ အသီးအပွင့် ပိုင်းဆိုင်ရာ ကြီးထွားတဲ့အဆင့် (reproductive phase) ဆိုပြီး ရှိပါတယ်။ သရက်ပိန္နဲတို့လို သစ်သီးပင်ကြီးတွေဟာ အစေ့က စစိုက်ပြီး အပွင့်အသီးမဝင်ခင်ကာလအထိ ငယ်ရွယ် နုနယ်တဲ့အဆင့် (juvenile stage) ကို ဖြတ်သန်းရပါတယ်။ ဒီအဆင့်မှာ အပင်ဟာ ပင်စည်ကိုင်းအခတ်အလက်များဖွံ့ဖြိုးအောင် တည်ဆောက်နေရတဲ့ကာလ တနည်းအားဖြင့် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုလိုအပ်တဲ့အဆင့်လို့ သတ်မှတ်ပါတယ်။ ဒီအဆင့်ဟာ သရက်ပင် အတွက် ၄-၅ နှစ်ကြာတတ်ပြီး ပိန္နဲအတွက် ၇-၈ နှစ်ကြာတတ်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ အပင်ဟာ အရွယ်ရောက် (adult stage) ပြီး အသီးတင်ဖို့ ပန်းစပြပြီ။ သစ်သီးပင်တွေအတွက် ပန်းစပြတဲ့အချိန်ကစပြီး တစ်နှစ်တာအတွင်း ရာသီအလိုက် ပင်ပိုင်းဆိုင်ရာကြီးထွားတဲ့အဆင့် (seasonal vegetative phase) နဲ့ အသီးအပွင့်ပိုင်းဆိုင်ရာ ကြီးထွားတဲ့အဆင့် (seasonal reproductive phase) ဆိုပြီး တစ်လှည့်စီ ပုံမှန်ရှိနေဖို့ လိုအပ်ပါတယ်။

တစ်နှစ်တာ ရာသီအတွင်းမှာ အပင်ဟာ ပင်ပိုင်းဆိုင်ရာကြီးထွားမှုလွန်ကဲနေရင် အသီးတင်တာ ညံ့တတ်သလို ပွင့်သီးတာလွန်ကဲ နေရင်လည်း နောက်ရာသီတွေမှာ အပင်ဖြစ်အားနည်းပြီး အသီးတင်မှုနည်းသွားတတ်ပါတယ်။ သရက်၊ ပိန္နဲပင် တို့ဟာလည်း ထိုနည်းတူစွာပါပဲ။ ပင်ပိုင်းဆိုင်ရာကြီးထွားမှု များနေပြီး အညွန့်တွေ (flushes) ချည်းထိုးနေရင် ပန်းပွင့်ဖို့ခက်ပါတယ်။ ဒါကြောင့် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို လျော့ချပြီး ပန်းပွင့်အသီးတင်အောင် ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်တဲ့ နည်းလမ်းတွေထဲက အပင်ရဲ့ အစာလမ်းကြောင်း (phloem) ကို ဓားနဲ့ ထစ်ပေးခြင်း (notching)၊ ခဲနဲ့ပစ်ပေးခြင်း (stoning) တို့ဟာလည်း ပင်ဆိုင်ရာကြီးထွားမှု ရပ်တန့်စေပြီး ပန်းပွင့်မှုကို အားပေးစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခေါက်ရစ်၊ အခေါက်ခွာ၊ အခေါက်ကို သွပ်နန်းကြိုးများဖြင့် စည်းနှောင်ပေးခြင်း (girdling, ringing, cincturing, stripping and wiring) စသည်တို့ ဟာလည်း လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းများ မတူ သော်လည်း ဓားထစ်ခဲပစ်ခြင်းနဲ့ သဘော တရားတူကြပါတယ်။ ဓားထစ်ခြင်း ခဲပစ်ခြင်းကြောင့် ပန်းပွင့်စေမှု အသီးတင်ကောင်းမှုကို အားပေးတယ်ဆိုရာမှာ စိုက်ပျိုးရေးသိပ္ပံ ရှုထောင့်အရ ကြည့်မယ်ဆိုရင် (၁) အလင်းမှီ အစာချက်ခြင်းမှ ရရှိတဲ့ အစာ (photoassimilates) အပိုင်းရယ်၊ မြေရေထဲမှရရှိသော အပင် အာဟာရ (mineral nutrients) အပိုင်းရယ်နဲ့ အပင်ဟော်မုန်းများ (plant hormones) အပိုင်းရယ်ဆိုပြီး ဖြစ်နိုင်ခြေ (၃) ခု ပါဝင်နေတာကို တွေ့ပါတယ်။

အပင်ရဲ့ အလင်းမှီအစာချက်ခြင်း (photosynthetic process) ကနေ ကာဗိုဟိုက်ဒြိုတ်ဓာတ် (sugar/ carbohydrate) ကို ရပါတယ်။  ကာဗိုဟိုက်ဒြိုတ်ဓာတ် (carbohydrate) ဓာတ်ဟာ အပင်ရဲ့ ကြီးထွား နေဆဲအစိတ်အပိုင်းများ (အခက်အလက်၊ အသီးအပွင့်၊ အမြစ် စသည်) ဆီကို သွားပါတယ်။ အပင်ကို ဓားနဲ့ ထစ်လိုက်ခြင်း၊ ခဲနဲ့ ပစ်လိုက်ခြင်းကြောင့် အစာချက်လုပ်ခြင်းကနေ ရလာတဲ့ ကာဗိုဟိုက်ဒြိုတ်ဓာတ်ဟာ အောက်ဘက်ကို မဆင်းနိုင် တော့ပဲ၊ အပင်ရဲ့ အထက်ပိုင်းမှာ စုလာကာ ပန်းပွင့်မှုကို အားပေးလှုံ့ဆော်ရာရောက်ခြင်းဖြစ်ပါတယ်။ ဒါနဲ့ ဆက်စပ်နေတာ ကတော့ အပင်အာဟာရ (mineral nutrients) အပိုင်း။ အပင်ကို ဓားထစ် ခဲပစ် လိုက်ခြင်းကြောင့် အပင်က နိုက်ထရိုဂျင် (nitrogen) ဓာတ်ရရှိမှုဟာလည်း နည်းသွားပါတယ်။ အပင်ရဲ့ နိုက်ထရိုဂျင်စုပ်ယူမှု (nitrogen translocation process) ဖြစ်စဉ်အရ နိုက်ထရိုဂျင်ကို အမြစ်ရဲ့ရေကြော (xylem) နေတစ်ဆင့်စုပ်ယူကာ အပင်အပေါ်ပိုင်းရောက်ပြီး အစာကြော (phloem) မှတစ်ဆင့် အမြစ်ဆီသို့ ပြန်ပို့ပေးပါတယ်။ နိုက်ထရိုဂျင်ဓာတ် မရတာကြောင့် အမြစ်ကြီးထွားမှုရပ်တန့်သွားပြီး အပင်အတွက် နိုက်ထရိုဂျင်စုပ်ယူပေးမှုလည်း လျော့နည်း ရပ်တန့်သွားပါတယ်။ ဒါကို သီအိုရီသဘောအရ ကာဗွန်နိုက်ထရိုဂျင်အချိုး (C:N ratio) ပြောင်းသွားတယ်၊ ကာဗိုဟိုက်ဒြိုတ်အချိုးများလာပြီး နိုက်ထရိုဂျင်နည်းသွားတယ်လို့ ပြောကြတာပါ။  အပင်အပေါ်ပိုင်း ကိုင်းအခက်အလက်တွေထဲမှာ နိုက်ထရိုဂျင်ဓာတ် လျော့ကျသွားပြီး ကာဗိုဟိုက်ဒြိုက်ပမာဏများလာခြင်းဟာ ပန်းပွင့်စေဖို့ အကြောင်းအချက် တစ်ခုဖြစ်ပါတယ်။ သုတေသီပေါင်းများစွာက ဒီဖြစ်စဉ်ကို လေ့လာမှတ်တမ်းတင်ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ 

တတိယအချက်ကတော့ အပင်ဟော်မုန်းများရဲ့ ပါဝင်ဆက်စပ်နေမှုပဲ ဖြစ်ပါတယ်။ အပင်ရဲ့ ထိပ်ဖျားပိုင်းမှာ သဘာဝအလျောက် အောက်ဇင်(Auxin) ဟော်မုန်းဖြစ်ပေါ်ပါတယ်။ အဲဒီ ဟော်မုန်းဟာ အပင်ရဲ့ အောက်ဘက်ပိုင်းကို ဆင်းသွားပြီး အမြစ်သစ်ထွက်ပေါ်မှုကို အားပေးတဲ့ ဟော်မုန်းပါ။ အပင်က အမြစ်သစ်ထွက်ပေါ်မှုနဲ့အတူ ဆိုက်တိုကိုင်နင် (cytokinin) ဆိုတဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်ပြီး အပင်ရဲ့ ရေကြောစည်းကနေတဆင့် အပင်ရဲ့ အထက်ပိုင်းဆီကို ပို့ပေးပြီး အညွန့်သစ် ဖြစ်ပေါ်မှု (flushing) ကို အားပေးပါတယ်။ အပင်ကို ဓားထစ်၊ ခဲပစ်၊ အခေါက်ခွာ လိုက်ခြင်းကြောင့် auxin ဟာ အမြစ်ဆီမရောက်တော့ဘဲ အပင်အထက်ပိုင်းမှာ စုလာပြီး အညွန့်သစ်ထွက်မှုကို တားဆီးတဲ့အလုပ်ကိုလည်း လုပ်ပါတယ်။ Auxin ဟော်မုန်း အမြစ်ဆီကိုရောက်မှု နည်းသွားခြင်းက အမြစ်သစ်ထွက်မှုနည်းသွားစေပါတယ်။ အမြစ်သစ် ဖြစ်ပေါ်မှုနည်းသွားရင် ဆိုက်တိုကိုင်နင် (cytokinin) ဟော်မုန်း ထုတ်မှုလည်းကျဆင်းသွားတာကြောင့် အပင်က အညွန့်သစ်ဖြစ်ပေါ်မှုလည်း အလိုလို လျော့ကျသွားပါတော့တယ်။ ဒါကြောင့် အပင်ဟာ အညွန့်သစ် ထွက်မှုလျော့ကျသွားပြီး ပန်းပွင့်ဖို့ဘက်ကို တွန်းအားပေးသွားစေတာဖြစ်နိုင်ပါတယ်။  

နောက်တစ်ချက်က ဘယ်ကြောင့် တန်ဆောင်မုန်းလပြည့်နေ့မှာ လုပ်ကြတာလဲ။ တန်ဆောင်မုန်းလပြည့်နေ့ဟာ မြန်မာတို့ရဲ့ အယူအဆအရ ကြယ်တာအစုံအညီ ထွန်းလင်း တောက်ပပြီး ဆေးပေါင်းခတယ်လို့ အဆိုရှိကြပါတယ်။ လပြည့်ညနေတွေမှာ ဆေးဖက်ဝင်တဲ့ ရောင်ခြည်တွေဟာ အပင်မှာ သွားစုတယ်လို့ ယူဆချက်တွေရှိပါတယ်။ Biodynamics Agriculture အယူအဆအရ လနဲ့ ကြယ်နက္ခတာရာတွေဟာ အပင်တွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုအပေါ်သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်ကလည်း လွှမ်းမိုး နေမလားဆိုတာ စဉ်းစားစရာပါပဲဖြစ်ပါတယ်။ 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

18-12-2018 (Tuesday) 4:00 PM 

ကိုးကား

၁။ The Mango (Botany, Production and Uses)

၂။ Regulating Horticultural Crops by Cultural and Chemical Methods (Bardhan and Sharma, 2018)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်