စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ

06/11/2021 20:00 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    စိုက်ခင်းထဲမှာ ဖျက်ပိုးရှိသလို မိတ်ဆွေပိုးတွေလည်း ရှိပါတယ်။ မိတ်ဆွေပိုးဆိုသည်မှာ တောင်သူဦးကြီးတို့၏ သီးနှံများကို လာရောက်စားသောက်ဖျက်ဆီးသော ဖျက်ပိုးများကို ကိုက်ဖျက်စားသောက် ကပ်ပါးပြုတတ်သော အင်းဆက်ဖြစ်၍ မိတ်ဆွေပိုးဟု ခေါ်ကြပါတယ်။ စိုက်ခင်းတွင် ဖျက်ပိုးနှင့် မိတ်ဆွေပိုး မျှချေအနေအထားတွင်ရှိပါက ပိုးသတ်ဆေးသုံးစွဲစရာမလိုဘဲ တောင်သူဦးကြီးတို့ စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်စေမှာ ဖြစ်ပါတယ်။ 

    တောင်သူဦးကြီးများက စိုက်ခင်းထဲတွင် ပိုးတွေ့သည်နှင့်တပြိုင်နက် စိုးရိမ်လွန်ကာ ပိုးသတ်ဆေးများကို အလွန်အကျွံဖျန်းခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲမှုမရှိခြင်း၊ ပိုးသေစေရန် ဆေးနှုန်းထားကို မြှင့်၍သုံးစွဲခြင်း၊ ပိုးသတ်ဆေးများကို ရောစပ်သုံးစွဲခြင်း စသည့် နည်းစနစ်ဆိုးများကြောင့် ဖျက်ပိုးများသာမက အကျိုးပြုမိတ်ဆွေပိုးများပါ သေကြေပျက်စီးရသည်။ ထို့ပြင် ဖျက်ပိုးများသည် ရေရှည်တွင် ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာပြီး ပိုးသတ်ဆေးများ ထပ်ခါထပ်ခါဖျန်းသော်လည်း ပိုးကျရောက်မှုမလျော့သွားဘဲ ထုတ်လုပ်မှုကုန်ကျစရိတ် တိုးလာစေပါသည်။ မိတ်ဆွေပိုးများ သေဆုံးသဖြင့် ဖျက်ပိုးများကို ကိုက်ဖျက်စားသောက်မည့် ရန်သူများမရှိသောကြောင့် ဖျက်ပိုးများ အရေအတွက်ပိုမိုများပြားလာနိုင်ပြီး အဆမတန်ပွားများလာပါသည်။ ပိုးသတ်ဆေးဖျန်းသောအခါ ဖျက်ပိုးများသည် အရွက်၊ မြေကြီး၊ သီးတောင့်များထဲတွင် ပုန်းအောင်းနေထိုင်ကြသောကြောင့် ပိုးသတ်ဆေးနှင့် ထိတွေ့မှုနည်းပါတယ်။ မိတ်ဆွေပိုးများမှာမူ ဖျက်ပိုးများကို ဖမ်းဆီးစားသောက်ရန် စိုက်ခင်းထဲတွင် သွားလာလှုပ်ရှားနေရသောကြောင့် ပိုးသတ်ဆေးနှင့် ပိုမိုထိတွေ့ရသဖြင့် မိတ်ဆွေပိုးများသည် ဖျက်ပိုးများထက် ပိုမိုသေဆုံးရပါတယ်။ 

    ထို့ကြောင့် တောင်သူဦးကြီးများအနေဖြင့် မိမိတို့စိုက်ခင်းအတွင်း မိတ်ဆွေပိုးများ ပွားများလာအောင် ထိန်းသိမ်းပေးသင့်ပါတယ်။ တခြားနိုင်ငံများတွင် ဓာတ်ခွဲခန်းများမှ မိတ်ဆွေပိုးများကို ဝယ်ယူ၍ စိုက်ခင်းထဲသို့ လွှတ်ပေးခြင်းဖြင့် ဖျက်ပိုးနှင့် မိတ်ဆွေပိုး မျှခြေအနေအထားရှိအောင် ပြုလုပ်ပေးကြပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံတွင်မူ ထို့ကဲ့သို့ ဇီဝနည်းဖြင့် ဖျက်ပိုးများကို ကာကွယ်နိုမ်နှင်းသောနည်းစနစ်မှာ အနည်းငယ်သာ ရှိသေး​သောကြောင့် တောင်သူများအနေဖြင့် အပြင်မှ ဝယ်ယူ၍လွှတ်မည့်အစား စိုက်ခင်းအတွင်း သဘာဝအတိုင်းရှိနေသော မိတ်ဆွေပိုးများကို မလျော့ပါးသွားအောင် ထိန်းသိမ်းသင့်ပါသည်။

   မိတ်ဆွေပိုးများကို ယေဘူယျအားဖြင့် ၂ မျိုးခွဲခြားနိုင်ပါသည်။ ဖျက်ပိုးများကို တိုက်ရိုက်စားသောက်သော သားရဲကောင်များ(predator)နှင့် ဖျက်ပိုးများပေါ်တွင် ဥဥ၍ ကပ်ပါးပြုနေထိုင်စားသောက်သော ကပ်ပါးကောင်(parasite)တို့ဖြစ်ပါတယ်။

မိတ်ဆွေပိုးများကို ခွဲခြားလေ့လာသိရှိခြင်း

    မိတ်ဆွေပိုးများသည် စိုက်ခင်းထဲတွင် သဘာဝအတိုင်းရှိနေသော်လည်း တောင်သူဦးကြီးများအနေဖြင့် သတိမပြုမိတတ်ကြပေ။ မိမိတို့ပတ်ဝန်းကျင်တွင်ရှိနေသော ပုဇဉ်း၊ လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုး၊ အကျိုးပြု ဂျပိုးနက်များ၊ နှံကောင်၊ ပင့်ကူ၊ ကပ်ပါးနဂျီများသည် တောင်သူများအတွက် မိတ်ဆွေပိုးများဖြစ်ပြီး ဖျက်ပိုးများကို ကိုက်ဖျက်စားသောက် ကပ်ပါးပြုခြင်းဖြင့် ကူညီပေးနေပါတယ်။ လိပ်ခုံးကျိုင်း အရွယ်ရောက်ကောင်တစ်ကောင်သည် ၁ ရက်လျှင် ပျအကောင်ရေ ၅၀ အထိ စားသောက်နိုင်သောကြောင့် မိမိစိုက်ခင်းထဲတွင် လိပ်ခုံးကျိုင်းများစွာရှိနေပါက ပိုးသတ်ဆေးသုံးစွဲစရာမလိုဘဲ  သဘာဝအတိုင်း ဖျက်ပိုးကို နှိမ်နှင်းပြီးသား ဖြစ်နေမည် ဖြစ်သည်။

 မိမိတို့အတွက် အရေးကြီးလှသော မိတ်ဆွေပိုးများကို ထိန်းသိမ်းနိုင်ရန်

- ဓာတုပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချပါ။ ရွေးချယ်ပေါင်းသတ်ဆေးများကို အသုံးပြုပါ။

- တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးပိုးသတ်ဆေး စသော သဘာဝပိုးသတ်ဆေးများကို အစားထိုးသုံးစွဲပါ။

- မိတ်ဆွေပိုးများအတွက် အစားအစာနှင့် နေရာထိုင်ခင်း ထောက်ပံ့နိုင်ရန် သီးနှံအကြွင်းအကျန်များ ဖုံးအုပ်ပေးပါ။ 

- မိတ်ဆွေပိုးများကို ဆွဲဆောင်နိုင်ရန် စိုက်ခင်းပတ်လည်တွင် နေကြာ၊ ရုံးပတီ၊ ချစ်တီးပန်း စသော ပန်းပွင့်သောအပင်များကို စိုက်ပျိုးပေးပါ။

 - ပန်းပွင့်သောအပင်များနှင့် သီးညှပ်စိုက်ပျိုးပါ။

Reference

https://www.finegardening.com/article/attracting-beneficial-insects

https://www.sare.org/publications/manage-insects-on-your-farm/principles-of-ecologically-based-pest-management/strategies-to-enhance-beneficials/

http://www.thisland.illinois.edu/50ways/50ways_13.html

https://www.soiltechcorp.com/blog/how-to-protect-beneficial-insects/

https://www.tallahassee.com/story/life/home-garden/2020/09/17/simple-ways-conserve-beneficial-insects-healthy-gardens/5756517002/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်