စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ၏စီးပွားရေးအတွက် အခြေခံကျသော မဏ္ဍိုင်တစ်ခု ဖြစ်သော်လည်း လက်တွေ့အထွက်နှုန်းများမှာ သိပ္ပံနည်းကျ ခန့်မှန်းအထွက်နှုန်းများထက် အတော်အတန် နိမ့်ကျနေဆဲ ဖြစ်သည်။ အထွက်နှုန်း ကွာဟချက် (Yield Gap) ကို လျှော့ချ၍ ထုတ်လုပ်မှုစွမ်းအားကို အမှန်တကယ် မြှင့်တင်လိုပါက အထွက်ကျဆင်းရသည့် အကြောင်းရင်း များကို စနစ်တကျ ချဉ်းကပ်သုံးသပ်ရန် လိုအပ်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့က ဆဌမအကြိမ် သုတေသနစာတမ်းဖတ်ပွဲကို “စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ဖို့ ပန်းတိုင်အထွက် ရအောင် ဝိုင်းဝန်းဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် ကျင်းပခဲ့ရာ စာတမ်းဖတ်ပွဲ မစတင်မီ အဖွင့်အနေဖြင့် စကားဝိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။
စကားဝိုင်းဆွေးနွေးပွဲမှာ ကျွန်တော်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်စဥ် ပန်းတိုင် အထွက်မရရှိရခြင်းအကြောင်းရင်းများနှင့် ရရှိရန်ဆောင်ရွက်သင့်သည်များကို ထည့်သွင်း ပြောကြား ခဲ့ပါသည်။ ကျွန်တော်ထည့်သွင်းပြောကြားခဲ့သည့် စိုက်ပျိုးနည်းစနစ်ဆိုင်ရာ မဖြစ်မနေ ဆောင်ရွက် ရန်များကို မျိုးဆက်သစ်လူငယ်များသိရှိနိုင်ရန် စိုက်ပျိုးသုတအဖြစ် ဖော်ပြလိုက်ပါသည်။
ပန်းတိုင်အထွက်နှုန်းမပြည့်မီသည့်အကြောင်းရင်း
အဓိကအချက်(၂)ချက်ကိုတွေ့ပါသည်။ (၁)အထွက်နည်းခြင်း (Low Yield)နှင့် (၂)အထွက်ဆုံးရှုံးခြင်း (Yield Loss)တို့ ဖြစ်ပါသည်။
(၁)အထွက်နည်းခြင်း(Low Yield)
ဘာ့ကြောင့်အထွက်နည်းရသနည်းဟု လေ့လာလျှင် စစိုက်သည်မှ ရိတ်သိမ်းခြင်းမတိုင်မီ အထိ (Crop Management) ချို့ယွင်းအားနည်းချက်များ ရှိလို့ ဖြစ်ပါသည်။
ချို့ယွင်းအားနည်းချက်များကို ထပ်မံခွဲခြမ်းစိတ်ဖြာလျင် အဓိကအကြောင်းရင်းနှစ်ချက်ကို တွေ့မြင်နိုင်ပါသည်။ ထိုနှစ်ချက်မှာ-
(က)အပင်ဦးရေမပြည့်မီခြင်း(Low Population)
(ခ)ပြုစုဂရုစိုက်မှုလိုအပ်ချက်များရှိခြင်း(Incomplete Crop Management) တို့ ဖြစ်ပါသည်။
သီးနှံအထွက်မနည်းစေရန် မဖြစ်မနေ ဆောင်ရွက်သင့်သည်များကို ဖော်ပြလိုပါသည်။
(က) အပင်ဦးရေ မပြည့်မီခြင်း (Low Plant Population) အတွက်ဆောင်ရွက်ရန်
စပါး (TPR)– ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးသောနည်းတွင် အပင်ဦးရေလျော့နည်းမှု မရှိစေရန် အသေအပျောက်များရှိက ကောက်ပင်ဖာရန်။
စပါး (DSR)– တိုက်ရိုက်မျိုးစေ့ချစနစ်တွင် စိုက်ခင်းအတွင်း ကွက်လပ်များမရှိစေရန်၊ လိုအပ်လျှင် ထူသောနေရာမှ အပင်နှုတ်ယူအစားထိုးရန်။
ယာသီးနှံများ(ပဲမျိုးစုံ/မြေပဲ/နေကြာ)–အပင်ပေါက်ရာခိုင်နှုန်း (၈၀%)နှင့်အထက်ရှိသော မျိုးသန့်မျိုးစေ့ကိုသာ စိုက်ပျိုးရန်။
ခြောက်သွေ့လွန်းချိန်၊ အစိုဓာတ်များလွန်းချိန်ရှောင်ပြီး အပင်ပေါက်နိုင်သောမြေအစိုဓာတ် ရှိချိန်တွင်စိုက်ရန်
ကြံ– ကြံပင်အဖျားပိုင်းနှင့် အလယ်ပိုင်းကိုသာ မျိုးအဖြစ် အသုံးပြုရန်နှင့် လတ်ဆတ်ပြီး ရောဂါ၊ ပိုးမွှား ကင်းစင်သော မျိုးပိုင်းများကိုသာ ရွေးချယ်စိုက်ပျိုးရန်။
(ခ) ပြုစုဂရုစိုက်မှုလိုအပ်ချက်များရှိခြင်း(Incomplete Crop Management)အတွက် ဆောင်ရွက်ရန်
စပါး – ပျိုးသက် ၂၅ ရက်မှ ၃၀ ရက်သားထက် မကြီးသောပျိုးကိုသာ စိုက်ပျိုးရန်နှင့် စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရန်။
မြေပဲ –ဘောင်စနစ်ဖြင့် စိုက်ပျိုးရန်နှင့် စွယ်ချချိန်အစိုဓါတ်ထိန်းသိမ်းရေး ဆောင်ရွက်ရန်
နှမ်းလျှင်– အပင်နှစ်ပတ်သားခန့်(မူမှန်အရွက် ၆ ရွက် ထွက်ချိန်)တွင် သားခွဲရန်နှင့် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် ဘောင်စနစ်ဖြင့် စိုက်ပျိုးရန်
နေကြာ– ဘောင်စနစ်ဖြင့် စိုက်ပျိုးရန်နှင့် ၁၅ ရက်သားအတွင်း တစ်ကျင်းလျင် တစ်ပင်ချန်၍ အပြီးသားခွဲရန်
ပြောင်းဖူး- အပင်ပေါက်စုံပြီး (၁၄)ရက်သားတွင် တစ်ကျင်း(၁)ပင်ချန် မဖြစ်မနေ သားခွဲရန်၊ (၂၀-၂၁)ရက်သားတွင် ကြားထွန်လိုက်ရန်၊ (၃၅-၄၀) ရက်သားတွင် ဘောင်တင်ရန်နှင့် (၁) လသားအတွင်း ပေါင်းမြက်ကင်းစင်စေရန်၊
မတ်ပဲ/ ပဲတီစိမ်း/ပဲလွမ်း/ ပဲပုပ်- ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ကြားတိုက်ခြင်းလုပ်ငန်းများကို စိုက်ပျိုးပြီး (၁လ) (ပန်းမပွင့်မီအချိန်) အတွင်းအပြီး ဆောင်ရွက်ရန်၊
ရေသွင်းစိုက်ပျိုးသည့် စိုက်ခင်းများတွင် ပန်းစပွင့်ချိန်နှင့် အသီးကင်းဝင်စအချိန်များတွင် အစိုဓါတ်လုံလောက်စွာရရှိစေရန်
ပဲစင်းငုံ- ရွာသွန်းသည့် မိုးရေကို ထိန်းသိမ်းသည့်အနေဖြင့် စိုက်တန်းများကြားတွင် မိုးရေခံမြောင်းကဲ့သို့ မိုးရေစုဆောင်းနိုင်မည့် ထယ်ရေးစနစ် ဆောင်ရွက်ထားရန်
ကြံ– အပင်ငယ်စဉ် (၄ လ) အတွင်း ပေါင်းမြက်နည်းပါးအောင် ထိန်းသိမ်းရန်၊ ဖြည့်စွက်ရေပေးသွင်းရန်
ချည်မျှင်ရှည်ဝါ_ ရွက်စစ်(၃-၄)ရွက်ထွက်ချိန်(စိုက်ပြီး ၁၈-၂၀ ရက်)အတွင်း စိုက်ကျင်းတစ်ကျင်း(၂)ပင်ချန်လျက်သားခွဲရန်၊ ရေပေးသွင်းရန်နှင့် ဝါပင်သက်တမ်း(၂)လအတွင်း ကြားထွန်ဝင်ခြင်းကို (၁၅)ရက်တစ်ကြိမ်လုပ်ရန် ရေသွင်းပြီး၊ မိုးရွာပြီးချိန်တို့တွင်လည်း ကြားထွန်ဝင်ရန်

(၂)အထွက်ဆုံးရှုံးခြင်း (Yield Loss)
ဘာ့ကြောင့် အထွက်ဆုံးရှုံးရသနည်းဟု လေ့လာလျှင် အဓိကအကြောင်းရင်းသုံးချက်ကို တွေ့မြင်နိုင်ပါသည်။ ထိုသုံးချက်မှာ-
(က) ရိတ်သိမ်းချိန် မမှန်ခြင်း (Wrong Time of Harvest)
(ခ) အခြောက်လှမ်းနည်းစနစ်မကျခြင်း (Poor Drying Method)
(ဂ) သိုလှောင်ထိန်းသိမ်းမှုစနစ် မမှန်ခြင်း (Poor Storage Method)တို့ ဖြစ်ပါသည်။
သီးနှံအထွက်မဆုံးရှုံးစေရန် မဖြစ်မနေ ဆောင်ရွက်သင့်သည်များကို ဖော်ပြလိုပါသည်။
(က) ရိတ်သိမ်းချိန်မမှန်ခြင်း (Wrong Time of Harvest) အတွက်ဆောင်ရွက်ရန်
စပါး – စပါးအနှံများရှိ စပါးစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင် ဖြစ်ပေါ်ချိန်(မောင်းညိုချိန်)တွင် ရိတ်သိမ်းရန်နှင့် ရိတ်သိမ်းပြီး ကောက်လှိုင်းများအား ချက်ချင်းခြွေရန်
မြေပဲ –မြေပဲတောင့်များ၏ ၇၀ ရာခိုင်နှုန်း ရင့်မည့်ချိန်ရောက်မှသာ နှုတ်သိမ်းရန်
နှမ်းလျင်- အဖျားသီးများအားခွဲကြည့်၍ အရောင်လိုက်ပါကရိတ်သိမ်းရန် ရိတ်သိမ်းပြီးတိုက်ရိုက်စီးထောင်ရန်
နေကြာ- နေကြာပွင့်နောက်ကျောဘက် အဝါရောင်သမ်းလာချိန် ရိတ်သိမ်းရန်
ပဲတီစိမ်း/ မတ်ပဲ/ပဲစင်းငုံ/ ပဲပုပ်- အရွက်များ ဝါခြောက်ပြီး အတောင့်များ (၇၅ မှ ၈၅)ရာခိုင်နှုန်း အဝါရောင်၊ အညိုရောင်၊ အနက်ရောင်သို့ပြောင်းချိန်တွင် ရိတ်သိမ်းရန်
ပြောင်းဖူး- ပြောင်းဖူးဖက်အဝါရောင်သမ်းပြီး ပြောင်းဖူးရိုးညှာအညိုရောင်ကွင်း တွေ့ရချိန်သိမ်းရန်
(ခ) အခြောက်လှမ်းနည်းစနစ်မကျခြင်း (Poor Drying Method) အတွက်ဆောင်ရွက်ရန်
စပါး– လမ်းမပေါ်၊ မြေပြင်ပေါ်နေလှမ်းခြင်းကို ရှောင်ရန်နှင့်
အခြောက်ခံစက်/ကိရိယာများကို အသုံးပြုရန်
ယာသီးနှံများ- မြေပြင်ပေါ်နေလှမ်းခြင်းကို ရှောင်ရန်
တာပေါ်လင်(သို့မဟုတ်)ပလပ်စတစ်စများခံ၍နေလှမ်းရန်နှင့်
သီးနှံအလိုက် သတ်မှတ်ထားသော အစိုဓာတ်ရရှိအောင် အခြောက်လှန်းရန်
ပြောင်းဖူး- ဖက်ခွာပြီး အဖူးများကို ၅ - ၇ ရက် နေပူပူလှမ်းရန်နှင့် အစေ့များကိုထပ်မံအခြောက်ခံရန်
နေကြာ- နေကြာပွင့်များအား တစ်ပွင့်နှင့်တစ်ပွင့်မထပ်စေဘဲ ၂ - ၃ ရက်နေလှမ်းရန်
(ဂ) သိုလှောင်မှုထိန်းသိမ်းမှုစနစ် မမှန်ခြင်း (Poor Storage Method)အတွက်ဆောင်ရွက်ရန်
စပါး– လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိစေဘဲ သိုလှောင်ရန်၊ သိုလှောင်မည့် စပါးအိတ်များကို ကြမ်းခင်း (သို့မဟုတ်) တမံသလင်းပေါ်တွင် တိုက်ရိုက်မချဘဲ ပျဥ်ခုံပေါ်တွင် တစ်လှည့်စီ ထပ်ကာ သိုလှောင်ရန်
သိုလှောင်ရာတွင် ကြွက်၊ ငှက်နှင့် သိုလှောင်သီးနှံ အဖျက်ပိုးများ မကျရောက်အောင် ဂရုပြုရန်
ယာသီးနှံများ- နှစ်ထပ်လေလုံပိတ်အိတ်များအသုံးပြုရန်၊ သိုလှောင်ခန်းတွင် စိုထိုင်းမှု များခြင်းမရှိစေရန်နှင့် သိုလှောင်ချိန်တွင် ပိုးမွှားရောဂါများကျရောက်ခြင်း ကြွက်များဖျက်စီးခြင်း ကင်းစေရေးဆောင်ရွက်ရန်
အချုပ်အားဖြင့် မျှော်မှန်းသည့်သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းပြည့်မီရန်အတွက်
(၁)စစိုက်သည်မှ ရိတ်သိမ်းခြင်းမတိုင်မီထိ ပြုစုဂရုစိုက်ရာမှာ(Crop Management) ချို့ယွင်း အားနည်း ချက်များမရှိဖို့လိုအပ်ပါသည်။ (၂) ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု (Post-harvest loss)မဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါသည်။
ဖော်ပြပါဆောင်ရွက်ရန်နည်းလမ်းများကို အသုံးပြု၍ စိုက်ပျိုးသူများသည် မိမိတို့၏ စိုက်ခင်းများမှ အမှန်တကယ် ဖြစ်ထွန်းနိုင်သော သီးနှံအထွက်နှုန်းကို ရရှိနိုင်ပြီး နိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှု စွမ်းအားကို သိသိသာသာ မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်