မြေမလိုဘဲ ရှင်သန်နိုင်တဲ့ လေသန့်ပင် 

18/09/2020 12:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

Air Plants (Tillandsia) 

     ယနေ့ခေတ်မှာ ဆိုရင် လူတွေဟာ အိမ်တွင်း အလှစိုက်အပင်လေးတွေကို ကြိုက်နှစ်သက်ပြီး စိုက်ပျိုးလာကြပါတယ်။ အိမ်တွင်းအလှစိုက် အပင်လေးတွေထဲကမှ လေသန့်ပင်လေးရဲ့ အကြောင်းကို ယခုဆောင်းပါးလေးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ လေသန့်ပင်လေးတွေဟာ အခြားသော အိမ်တွင်းအလှစိုက် အပင်လေးတွေနဲ့ လုံးဝမတူဘဲ တမူထူးခြားတဲ့ အပင်လေးတွေ ဖြစ်ပါတယ်။ အမြစ်လေးတွေဟာ မြေကြီးထဲမှာ ရှိမနေဘဲ လေထဲမှာပဲ ရှင်သန်နေနိုင်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အမြစ်လေးတွေဟာ ချည်မျှင်ကဲ့သို့ရှိပြီး ပုံမှန်အားဖြင့် အပင်တွေမှာ တွယ်ကပ်ပြီး ရှင်သန်ကြီးထွားတာ ဖြစ်ပါတယ်။

     အပင်အများစုဟာဆိုရင် အမြစ်ကနေ ရေနဲ့ အာဟာရတွေကို စုပ်ယူပြီးတော့ အပင်ရှင်သန်ကြီးထွားအောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ လေသန့် အပင်တွေဟာဆိုရင်တော့ သူတို့ရဲ့ အရွက်တွေကနေ လေထဲမှာရှိတဲ့ အစိုဓာတ်ကိုစုပ်ယူကြပြီး စိုထိုင်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီးကာ ရှင်သန်ကြီးထွားကြတာ ဖြစ်ပါတယ်။ လေသန့်ပင်လေးတွေဟာ အခြားသော အပင်တွေအပေါ်မှာ တွယ်ကပ်ပြီး ရှင်သန်ကြီးထွားကြပေမယ့် သူတို့ကို ကပ်ပါးအပင်ရယ်လို့ သတ်မှတ်ထားခြင်း မရှိပါဘူး။ သူတို့တွယ်ကပ်နေထိုင်တဲ့ အပင်ဆီကနေ အာဟာရတွေကို ရယူစားသုံးခြင်း မရှိဘဲ သူတို့ ရှင်သန်နေထိုင်ဖို့ အတွက်သာ တွယ်ကပ်ပြီးနေတာကြောင့် ဖြစ်ပါတယ်။ 

     လေသန့်ပင်လေးတွေဟာ အစိုဓာတ်ကို သူတို့ရဲ့အရွက်လေးတွေကနေ စုပ်ယူတာကြောင့် ပုံမှန်အပင်တွေကို ရေလောင်းရတာနဲ့ ကွဲပြားပါတယ်။ သူတို့ကိုရေပေးတာ ၂ နည်းရှိပါတယ်။ အပင်လေးတွေကို ရေအမှုန်အမွှားလေးတွေပဲ ဖျန်းပေးတာနဲ့ ရေစိမ်ပေးတာ ဖြစ်ပါတယ်။

ရေအမှုန်အမွှားလေးတွေ ဖျန်းပေးမယ်ဆိုရင်တော့ အပင်ရဲ့ အရွက်လေးတွေပေါ်ကို ဖျန်းပေးရမှာ ဖြစ်ပြီး နေ့တိုင်းဖျန်းပေးလို့ရပါတယ်။  ရေစိမ်မယ်ဆိုရင်တော့ ဇလား (သို့မဟုတ်) ခွက်တစ်ခုထဲကို ရေဖြည့်ပီး အပင်လေးတွေကို နာရီဝက်ကနေ တစ်နာရီလောက်အထိ ရေစိမ်လို့ရပါတယ်။ ရေစိမ်ပြီးရင်တော့ သန့်ရှင်းတဲ့ အဝတ်စနဲ့ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှ အပင်ရဲ့ မူလနေရာမှာ ပြန်ထားရမှာ ဖြစ်ပါတယ်။ အပင်ရဲ့ ရေလိုအပ်ချက်ဟာ မိမိစိုက်ပျိုးတဲ့ နေရာရဲ့စိုထိုင်းဆ အပေါ်မှာမူတည်ပါတယ်။

     ရေစိမ်မယ်ဆိုရင် ပုံမှန်အားဖြင့် အစိုဓာတ်လိုအပ်ချက်ပေါ်မူတည်ပြီး တစ်ပတ်လျှင်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်လျှင်တစ်ကြိမ် ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ အစိမ်းရောင်အရွက်ရှိတဲ့ လေသန့်ပင်လေးတွေဟာ မီးခိုးရောင်အရွက်ရှိတဲ့ အပင်လေးတွေထက် ရေလိုအပ်တာကြောင့် ရေမကြာခဏပေးဖို့ လိုအပ်ပါတယ်။ 

     လေသန့်ပင်လေးတွေဟာ နေရောင်တိုက်ရိုက်မကျဘဲ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမျိုးကို ကြိုက်နှစ်သက်ပါတယ်။ ပြတင်းပေါက်လို နေရာမျိုးမှာ ထားမယ်ဆိုရင်လည်း အရိပ်ရအောင် လုပ်ပေးထားသင့်ပါတယ်။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင် အပင်လေးတွေ ခြောက်သွေ့သွားနိုင်ပြီး အရိပ်ကျလွန်းမယ်ဆိုရင်လည်း အပင်ရှင်သန်ဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် အိမ်တွင်းအလှစိုက်အပင်တွေ ကြီးထွားရှင်သန်ဖို့အတွက် အသုံးပြုတဲ့ မီးချောင်းတွေလည်း အသုံးပြုလို့ရပါတယ်။ 

     လေသန့်ပင်လေးတွေဟာ ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်ပါတယ်။ သူတို့ရဲ့ မူရင်းဒေသဟာလည်း ပူနွေးစိုစွတ်တဲ့ မိုးသစ်တောကြီးတွေက ဖြစ်နေလို့ပါ။ ၁၅ ဒီဂရီ စင်တီဂရိတ်မှ ၂၆ ဒီဂရီ စင်တီဂရိတ်ဟာ သူတို့အတွက် အသင့်တော်ဆုံး အပူချိန် ဖြစ်ပါတယ်။ လေသန့်အပင်လေးတွေ ရှင်သန်ကြီးထွားဖို့အတွက် အာဟာရတွေကျွေးဖို့ မလိုအပ်ပါဘူး။

     အပင်လေးတွေကို မိုးရေလောင်းပေးမယ်ဆိုရင် မိုးရေထဲမှာ ပါဝင်တဲ့ ဓာတ်သတ္တုတွေကြောင့် အခြားမြေသြဇာတွေ ကျွေးစရာမလိုဘဲ ကောင်းကောင်းရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ လေသန့်အပင်လေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ ပတ်ဝန်းကျင်မျိုးမှာဆိုရင် ပန်းလည်းပွင့်ကြပါတယ်။ ပန်းပွင့်လေးတွေဟာ အများအားဖြင့် အနီ၊ လိမ္မော်၊ အဝါ၊ ပန်း၊ အဖြူ၊ ခရမ်း စသည်ဖြင့်ရှိကြပါတယ်။ နွေဦးနဲ ဆောင်းရာသီမှာပဲ ပန်းပွင့်လေ့ရှိတာ ဖြစ်ပါတယ်။ 

     အပင်လေးတွေကို ရေပေးတဲ့အခါ သတိထားဖို့လိုအပ်ပါတယ်။ ရေကို အချိန်ကြာကြာ စိမ်မိမယ်၊ မကြာခဏ ရေဖျန်းမယ်ဆ်ိုရင်တော့ အရွက်လေးတွေ ပုပ်တတ်ပါတယ်။ ထို့အတူ အမြစ်လေးတွေလည်း ပုပ်တတ်တာကြောင့် ရေပေးတဲ့အခါ သတိပြုသင့်ပါတယ်။ 

     လေသန့်ပင်လေးတွေဟာ အလင်းမှီစုအစာဖွဲ့စည်းခြင်း လုပ်ငန်းစဥ်ကို ကျွန်တော်တို့ ညအိပ်နေတဲ့ အချိန်မှာ ပြုလုပ်ပြီး သန့်စင်တဲ့ အောက်စီဂျင်တွေကို လေထဲထုတ်လွှတ်ပေးပါတယ်။ အိမ်တွင်းမှာ အပင်လေးတွေစိုက်ပျိုးခြင်းအားဖြင့် မျက်စိပသာဒဖြစ်သလို စိတ်ဖိစီးမှုတွေနဲ့ သွေးဖိအားကိုလည်းကျစေပါတယ်။ အပင်လေးတွေမှာ ရှိတဲ့ အစိမ်းရောင်ဟာ စိတ်ကို ပြေလျော့စေသလို စိတ်တည်ငြိမ်မှုလည်း ရရှိစေတာမို့ လေသန့်ပင်လေးတွေကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြည့်ဖို့ အကြံပြုလိုက်ရပါတယ် ခင်ဗျ။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

- https://www.greenandvibrant.com/air-plants

- https://www.air-plants.com/blogs/air-plant-care-and-design-articles/benefits-of-plants-in-your-home

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်