အဖြည့်ခံ ပန်း (သို့မဟုတ်) ခံပန်း

22/06/2020 19:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အင်္ဂလိပ် အမည် - Bengal currant

ရုက္ခဗေဒ အမည် - Carissa carandas

ပန်းစံပယ်၊ နန်းလယ်မပေါ်ခိုက်ဟာမို့၊

အလိုက်တော်တန် သင့်ရုံပ၊ ခံပွင့်ကိုကုံး။

နန်းရဝေ၊ မန်းမြေစံပယ်လှိုင်တော့၊

ခံပန်းခိုင်ယာယီရွေ့တယ်၊ တောလေ့ရွာသုံး။

စာဆိုတော် ဦးပုညရဲ့ ဖော်ပြပါ ကဗျာလေးကို မိတ်ဆွေတို့ ကြားဖူးကြမယ် ထင်ပါတယ်။ ခံပန်းဆိုတာ စံပယ်ပန်း မပေါ်သေးတဲ့ အချိန်မျိုးမှာ အစားထိုး သုံးစွဲကြတဲ့ ပန်းတစ်မျိုးရဲ့အမည် ဖြစ်ပါတယ်။ စံပယ်ပန်းလိုပဲ ဖြူဖွေးသေးငယ်ပြီး ရနံ့အနည်းငယ်ရှိတဲ့ ပန်းပင်ဖြစ်ပါတယ်။ စံပယ်ပန်း လှိုင်လှိုင်ပေါ်တဲ့အချိန်ရောက်လာပါက ခံပန်းကို တောရွာများ၌သာ သုံးစွဲကြတော့တယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့် အဖြည့်ခံပန်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ခံပန်းကို တောခံ၊ ခံစပ်လို့လည်း ခေါ်ဆိုကြပါသေးတယ်။ ခံပင်ဟာ ဘယ်ရီသီးနဲ့ တူတဲ့ အသီးများ သီးလေ့ရှိပြီး ၎င်းတို့ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဟင်းချက်ရာမှာရော ထည့်သွင်း အသုံးပြုလေ့ ရှိကြပါတယ်။

အပင်ဟာ ဆူးပါရှိပြီး မာကြောတဲ့ နှစ်ရှည်ခြုံပင် အမျိုးအစားဖြစ်ပါတယ်။ ရေငတ်ဒဏ်ကို ကောင်းကောင်း ခံနိုင်ရည်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်း ပေါက်ရောက်နိုင်ပါတယ်။ ကျေးလက်ဒေသတွေမှာ ဆိုရင် ခြံစည်းရိုးပင်အနေနဲ့ စိုက်ပျိုးကြပါတယ်။ ခံပင်ဟာ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပိုပြီးဖြစ်ထွန်းပါတယ်။ အာရှတိုက်ရဲ့ တောင်ပိုင်းဒေသတွေမှာ သဘာဝအလျောက် ပေါက်ရောက်တာတွေ့ရပါတယ်။

ခံပင်ကို အစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း စိုက်ပျိုးသင့်ပါတယ်။ အပင်ပိုင်း မျိုးပွားနည်းတွေနဲ့ လည်း စိုက်ပျိုးနိုင်ပါသေးတယ်။ ကိုင်းဖြတ်ကူးခြင်း၊ အဖူးသွင်းခြင်း၊ သပ်သွင်းပင်ထောက် ကိုင်းကူးခြင်း စတဲ့ နည်းတွေနဲ့ လည်း စိုက်ပျိုးနိုင်ပါတယ်။ အစေ့ကနေစိုက်ပျိုးမယ် ဆိုရင်တော့ အရွယ်ရောက် အပင်တစ်ပင်ဖြစ်ဖို့ ၂ နှစ်ဝန်းကျင် ကြာမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား အပင်ဟာ မတ်လလောက်မှာ ပန်းစတင်ပွင့်ပြီး ဇူလိုင်လမှ စက်တင်ဘာလအတွင်းမှာ အသီး သီးလေ့ရှိကြပါတယ်။ ပန်းပွင့်ဟာ အဖြူရောင် (သို့မဟုတ်ပန်းရောင်ဖျော့ဖျော့ ရှိပါတယ်။ အသီးကတော့ အနီရောင်ရှိပါတယ်။

ဆေးဖက်ဝင်ခြင်း

ခံပင်ရဲ့ အသီးဟာဆိုရင် သံဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ် စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အသီးဟာ ဆေးဖက်ဝင်တာကြောင့် အစာမကြေခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အရေပြားရောဂါများ၊ ဆီးလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ၊ ဝမ်းချုပ်ခြင်းနှင့် သွေးအားနည်းခြင်းတို့ ကဲ့သို့သော ရောဂါများကိုလည်း သက်သာစေနိုင်ပါတယ်။ ထို့နည်းတူ ခံပင်၏ အရွက်သည်လည်း ဖျားနာခြင်း၊ ဝမ်းလျောခြင်းနှင့် နားကိုက်ခြင်းတို့အတွက် အသုံးဝင်ကြောင်း သိရပါတယ်။ ခံပင်ရဲ့ အမြစ်ဟာလည်း ဆေးဖက်ဝင်ကြောင်း သိရပါတယ်။ တိရိစ္ဆာန်များ အနာပေါက်ပါက အမြစ်ကို သွေးလိမ်ပေးမယ်ဆိုရင် ပိုးသေပြီး အနာမြန်မြန်ကျက်တယ်လို့ဆိုပါတယ်။

ခံသီးကို ဟင်းအနေနဲ့လည်း ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ကျေးလက်တောရွာတွေမှာဆိုရင် ခံသီးကို ပုဇွန်ငါးပိ၊ ငရုတ်သီးတို့နဲ့ ရောထောင်းပြီး ခံသီးငပိထောင်းအနေနဲ့ စားသုံးကြပါတယ်။ တချို့ကတော့ ငပိနဲ့ ရောချက်ပြီး စားသုံးလေ့ရှိကြပါတယ်။ အပင်တစ်ပင်လုံး အသုံးဝင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ ရှိစေတဲ့ ခံပင် အကြောင်းကို မိတ်ဆွေများ သိရှိရအောင် မျှဝေပေးလိုက်ရပါတယ်။

ဇင်ထူးနိုင်

ကိုးကားချက်

- https://en.wikipedia.org/wiki/Carissa_carandas

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်