ဈေးကောင်းမရစေသော ဆန်ဗိုက်သားဖြူခြင်း လက္ခဏာ

21/02/2020 10:16 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဆန် စပါးသည် အရေးကြီးသော ကောက်ပဲသီးနှံများထဲမှ တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ခန့်၏ အဓိက အစားအစာတစ်ခုလည်း ဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုအခြေအနေနှင့် ဈေးကွက်အခြေအနေပေါ်မူတည်ပြီး စိုက်နည်းစနစ်အသစ်များဖြင့် မျိုးအသစ်များကို စိုက်ပျိုးထုတ်လုပ်လာကြပါသည်။ လိုအပ်ချက်အရ စိုက်ပျိုးထုတ်လုပ်လာသော ဆန်စပါးများအနေဖြင့် အရည်အသွေးကောင်းရန်လည်း အထူးလိုအပ်လာပါသည်။ အရည်အသွေးဆိုရာတွင် ဆန်စပါး၏ ပြင်ပအသွင်အပြင်လက္ခဏာ၊ ချက်ပြုတ်ရာတွင်ရှိသော အရည်အသွေးလက္ခဏာနှင့် စားသုံးရာတွင်ရှိသော အရည်အသွေးလက္ခဏာတို့သည် အဓိကကျပါသည်။ 

    ဆန် စပါးသာမက အခြားသောသီးနှံများအား ရောင်းချရာတွင် ဈေးကောင်းရရှိစေရန်အတွက် ၎င်းတို့၏ ပြင်ပသွင်ပြင်လက္ခဏာသည်  အရေးကြီးလှပါသည်။ ဆန်ဗိုက်သားဖြူခြင်း ဖြစ်ရပ်သည် စပါး၏ မျိုးရိုးဗီဇကြောင့်သာမက ပတ်ဝန်းကျင်အခြေအနေများ၏ သက်ရောက်မှု အထူးသဖြင့် အပူချိန်မြင့်ခြင်းကြောင့် ဖြစ်သည်ကိုလည်း တွေ့ရပါသည်။ ဆန်ဗိုက်သားဖြူခြင်းသည် ဆန်၏ အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပြီး စားသုံးသူများ အနေဖြင့် အလွယ်တကူ တွေ့မြင်နိုင်သောကြောင့် ဈေးကွက်ပိုင်းတွင် အဆုံးအဖြတ် ပေးသည်ကို တွေ့ရပါသည်။            

    စိုက်ပျိုးထားသော စပါးများ နို့ရည်ခဲမည့်အချိန်နှင့် ရင့်မှည့်မည့်အချိန်များတွင် အပူချိန် တိုးမြင့်လာပါက စပါးစေ့များသည် ပုံမှန်မဟုတ်သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် အရောင်ပျက်ပြယ်မှုများ စတင်ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ စပါးနှံထွက်ပြီး ရက် ၂၀ အတွင်း၌ အပူချိန် ပျမ်းမျှ ၂၇ ဒီဂရီ စင်တီဂရိတ်တွင် ဆက်တိုက်ရှိနေမည်ဆိုပါက ဆန်ဗိုက်သားဖြူရန်အတွက် အခြေအနေများလာမည် ဖြစ်ပါသည်။ စပါးများရင့်မှည့်မည့် အချိန်တွင် အပူချိန်တိုးမြင့်လာပါက စပါးစေ့များအား အစေ့အဆန် ဖြည့်တင်းပေးမည့် အင်ဇိုင်းဓာတ်များ၏ လှုပ်ရှားမှု လျော့ကျလာခြင်း၊ စပါးအတွင်း၌ ရှိနေသော စွမ်းအင်ထုတ် ဓာတ်များ  ကုန်ခမ်းခြင်း၊ အစိုဓာတ်ပါဝင်မှု မညီမျှခြင်း၊ ဆန်သားအတွင်း၌ ရှိနေသော ကစီဓာတ်များ၏ကြားတွင် လေဟာနယ်ကွက်များဖြစ်လာခြင်းနှင့် ဆန်သား အရောင်ပြောင်းလဲခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ဆန်ဗိုက်သားဖြူခြင်း ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ သို့သော် ဆန်ဗိုက်သားဖြူခြင်းသည် အပူချိန်မြင့်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ စပါး၏ မျိုး၊ ဗီဇနှင့် ၎င်း၏ ရာသီဥတုဒဏ်အပေါ်  ခံနိုင်ရည်ရှိသော အခြေအနေများပေါ်တွင်လည်း မူတည်ပါသည်။ ဆန်ဗိုက်သားဖြူခြင်း ဖြစ်ရပ်သည် အခြားသော အရည်အသွေးဆိုင်ရာ လက္ခဏာများဖြစ်သည့် အမိုင်းလို့စ်ဓာတ် ပါဝင်မှု၊ စေးကပ်မှုနဲ့ ပရိုတင်းဓာတ် ပါဝင်မှုများနှင့်လည်း သက်ဆိုင်နေပါသည်။ 

    ဆန်ဗိုက်သားဖြူခြင်းသည် ဆန်၏ အရည်အသွေးနှင့် ဈေးကွက်ကို အဆုံးဖြတ်ပေးသောကြောင့်  အရေးကြီးတဲ့သော လက္ခဏာတစ်ခုဖြစ်ပါသည်။ ဆန်သားထဲတွင် ပိုးသတ်ဆေးပါခြင်း၊ မပါခြင်းအား အလွယ်တကူ မမြင်နိုင်သော်လည်း ဗိုက်သားဖြူသော အခြေအနေသည် စားသုံးသူများအနေဖြင့် အလွယ်တကူ မြင်နိုင်သောကြောင့် မိမိ၏ဆန်သည် ဗိုက်သားဖြူနေသည်ဆိုပါက ရောင်းချသောနေရာတွင် ဈေးကောင်းမရသည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထို့ကြောင့် ဆန်ဗိုက်သားဖြူသော လက္ခဏာသည် စားသုံးသူများသာမက စိုက်ပျိုးထုတ်လုပ်သူများပါ လက်မခံသော လက္ခဏာတစ်ခုဖြစ်နေပါသည်။

    ဗိုက်သားဖြူသောဆန်များကို ယေဘူယျအားဖြင့် အမျိုးအစား ၃ မျိုးခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ ၁) ကျောဘက်ဖြူခြင်း၊ ၂) ဗိုက်သားဘက်ဖြူခြင်း နှင့် ၃) ဆန်သား အလယ်အူတိုင်ဖြူခြင်း ဆို၍ ယေဘူယျအားဖြင့် ခွဲခြားနိုင်ပါသည်။ ဗိုက်သားဖြူသော ဆန်များကို ချက်ပြုတ်စားသောက်ရာတွင် အနံ့နှင့်  အရသာသည် ထူးထူးခြားခြား ပြောင်းလဲမှုမရှိကြောင်း အချို့သုတေသနများတွင် ဖော်ပြထားကြပါသည်။ သို့သော် မြန်မာပြည်မှ ကုန်သည်များသာမက နိုင်ငံတကာ၌ပါ ဆန်ဗိုက်သားဖြူသော လက္ခဏာကို မနှစ်သက်ရခြင်းမှာ ဗိုက်သားဖြူသောဆန်များကို ကြိတ်ခွဲရာတွင် သာမန်ဆန်များထက် ခံနိုင်ရည်နည်းကာ အကျိုးအကြေ ပိုများခြင်းကြောင့် ဖြစ်ပါတယ်။ “ဆန်ဗိုက်သားဖြူလေ ဈေးကွက် လက်မခံလေ ” ဆိုသည့် အတိုင်းပင် ဖြစ်ပါသည်။ ဗိုက်သားဖြူသောဆန်များကို ချက်ပြုတ်ရာတွင် ရေပိုမိုစုပ်ယူသည်ကို တွေ့ရပြီး ထမင်းအဖြစ်ရရှိမှု (အိုးတက်ခြင်း)  နည်းသည်ကို တွေ့ရပါသည်။ ထို့အပြင် ဗိုက်သားဖြူသောဆန်များကို ချက်သောအခါတွင် ထမင်းသည်မာကြောပြီး ကြေညက်အောင် ဝါးစားရန်အတွက် အချိန်ပိုပေးရကြောင်း အချို့သုတေသနများတွင် ဖော်ပြထားသည်။ ဗိုက်သားဖြူသောဆန်သည် သာမန်ဆန်များနှင့် ယှဉ်ကြည့်ပါက ပရိုတိန်း (အသားဓာတ်) ပါဝင်မှု နည်းသည်ကို တွေ့ရပါသည်။       

    ဆန်ဗိုက်သားဖြူခြင်းသည် ကာလကြာရှည်စွာ ကြုံတွေ့နေရသော ပြဿနာတစ်ခုဖြစ်ပါသည်။ ဆန်ဗိုက်သားဖြူခြင်းအပေါ်တွင် စပါးပင်၏ မျိုးရိုးဗီဇနှင့် ဇီဝကမ္မဖြစ်စဉ်များ လွှမ်းမိုးထားသောကြောင့် ဗိုက်သားဖြူခြင်းကို ခံနိုင်ရည်ရှိမည့် မျိုးအသစ်များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် ကိုက်ညီမည့်မျိုးများ စမ်းသပ်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်း။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

 https://www.google.com/search?client=firefox-b-d&q=Chalkiness+in+rice 

 http://www.knowledgebank.irri.org/ricebreedingcourse/Grain_quality.htm 

 Qualities Attribute of Ten Myanmar Rice Cultivars Research/ လယ်ယာသီးနှံ ပညာဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်