သီးနှံပင်များ ယှဉ်တွဲစိုက်ပျိုး အကျိုးရှိလိုသော်.. (၁)

08/03/2023 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အဖော်ပင်စိုက်ပျိုးခြင်း (သို့မဟုတ်) သီးနှံပင်တွေ အတူယှဉ်တွဲစိုက်ပျိုးခြင်းဟာ  ပိုးမွှားတွေကို တွန်းလှန်နိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ အပင်တွေရရှိလာစေဖို့ ကူညီပေးနိုင်တဲ့ သဘာဝစိုက်ပျိုးနည်းစနစ်တစ်ခုဖြစ်ပါတယ်။ 

အဖော်ပင်စိုက်ပျိုးခြင်းကြောင့် ပြင်းထန်တဲ့ ဓာတုပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေ အများကြီး အသုံးမပြုရဘဲ သီးနှံတွေ ကြီးထွားဖွံ့ဖြိုးလာစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဥယျာဉ်စိုက်ခင်းတွေနဲ့ ပျိုးခင်း တွေမှာရှိတဲ့ အပင်တွေရဲ့ကျန်းမာရေးကို သဘာဝအတိုင်းမြှင့်တင်ဖို့နဲ့ အဖျက်ပိုးမွှား ဝင်ရောက်မှုကို လျှော့ချဖို့ အတွက် အဖော်ပင်စိုက်ပျိုးနည်းစနစ်ကို ရှေးယခင်ကတည်းက အသုံးပြုလာခဲ့ကြတာ ဖြစ်ပါတယ်။ 

အဖော်ပင်ဆိုတာဟာ တစ်နည်းအားဖြင့် သီးနှံပင်အချင်းချင်း အကျိုးပြုနိုင်တဲ့ အပင်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ အဆိုပါ အကျိုးပြုနိုင်တဲ့ပုံစံတွေကတော့ သဘာဝနည်းဖြင့် ပိုးမွှားထိန်းချုပ်နိုင်ခြင်း၊ ၀တ်မှုန်ကူး အင်းဆက်တွေရဲ့ လုပ်ဆောင်မှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ အပင်နဲ့ မြေဆီလွှာရဲ့ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေခြင်း၊ အရိပ်ရရှိစေခြင်း၊ အထောက်အကူရရှိစေခြင်း၊ ပေါင်းနှိမ်နင်းပေးနိုင်ခြင်းနဲ့ ရောဂါ ကျရောက်မှုကို ပိုမိုခံနိုင်ရည်ရှိစေခြင်း စတာတွေ ပါဝင်နေတာဖြစ်ပါတယ်။ 

အဖော်ပင်စိုက်ပျိုးခြင်းနဲ့ ပတ်သတ်လို့ ရှေးအကျဆုံးဥပမာတစ်ခုကတော့ လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက အမေရိကန်ဌာနေလူမျိုးတွေ ခေါ်ဆိုသတ်မှတ်ခဲ့ကြတဲ့ “ညီအစ်မသုံးဖော်” ဆိုတဲ့ သီးနှံပင်တွေပဲ ဖြစ်ပါတယ်။ အဆိုပါ ညီအစ်မသုံးဖော် အပင်တွေကတော့ မျိုးရင်းတူ ဗူး၊ ဖရုံ၊ သခွား အပင်တွေနဲ့ ပြောင်း၊ ပဲပင် စတာတွေကို အတူယှဥ်တွဲစိုက်ပျိုးခြင်းအားဖြင့် ကြီးထွားဖွံ့ဖြိုးမှုကို အချင်းချင်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ပြောင်းပင်တွေဟာ ပဲပင်တွေကို ပံ့ပိုးကူညီနိုင်သလို ပဲပင်တွေဟာ ၎င်းတို့ရဲ့ နိုက်ထရိုဂျင် ဖမ်းယူနိုင်စွမ်းကြောင့် မြေဆီလွှာအတွက် အာဟာရကို မြှင့်တင်ပေးနိုင်ပြီး ဗူး၊ ဖရုံ၊ သခွား ပင်တွေရဲ့ ကြီးမားတဲ့အရွက်တွေဟာ မြေဆီလွှာရဲ့ အစိုဓာတ်ကိုထိန်းသိမ်းပေးဖို့နဲ့ ပေါင်းပင်တွေမပေါက်စေဖို့ အရိပ်ပေးပြီး အပြန်အလှန် အကျိုးပြုနိုင်ကြတာ ဖြစ်ပါတယ်။

အဆိုပါ ညီအစ်မသုံးဖော် စိုက်ပျိုးခြင်းနည်းဟာ အဖော်ပင်စိုက်ပျိုးခြင်းရဲ့ ဥပမာတစ်ခုမျှသာဖြစ်ပြီး အခြား သော အတူတကွယှဥ်တွဲစိုက်ပျိုးနိုင်တဲ့ အပင်တွေလည်း ရှိနေသေးတာဖြစ်ပါတယ်။ အချို့သော အဖော်ပင် စိုက်ပျိုးနည်းတွေကတော့ သီးနှံစိုက်ပျိုးမှု အတွေ့အကြုံပေါ်မူတည်ပြီး တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သို့ပေမဲ့ လည်း အဖော်ပင်စိုက်ပျိုးနည်းစနစ်ဟာ မကြာသေးမီနှစ်များအတွင်းမှာပဲ တဖြည်းဖြည်း ရေပန်းစားလာ တာကြောင့် သီးနှံပေါ်မူတည်ပြီး စစ်မှန်တဲ့အဖော်အပင်တွေကို ရှာဖွေဖို့အတွက် သိပ္ပံနည်းကျလေ့လာမှုတွေ ထပ်မံပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် သီးနှံပင်တွေ ယှဥ်တွဲစိုက်ပျိုးတဲ့အခါ အမှန်တကယ် ထိရောက်မှု ရှိစေဖို့ အကြံပြုချက်အချို့ကို လေ့လာကြည့်ရအောင်။ 

၁။ ဆေးဖက်ဝင်အပင်များ ထည့်သွင်းစိုက်ပျိုးပါ

များစွာသော အင်းဆက်အဖျက်ပိုးတွေဟာ အနံ့ပြင်းတဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေကို ကြိုက်နှစ်သက်ခြင်း မရှိကြပါဘူး။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကြားမှာ အနံ့ပြင်းတဲ့အပင်တွေကို ထည့်သွင်းစိုက်ပျိုးထားခြင်ဟာ အင်းဆက်အဖျက်ပိုးများစွာကို သဘာဝအတိုင်း တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ပင်စိမ်း၊ ပူစီနံ၊ ရို့စ်မေရီ၊ ကလျာဏီ စတဲ့အပင်တွေကို စိုက်ပျိုးထားခြင်းဖြင့် ပက်ကျိ၊ ခူကောင်၊ ပေါက်ဖတ်၊ ကျိုင်းပိုး၊ ဖလံ၊ ပျပိုး၊ ပုရွက်ဆိတ်နဲ့ အခြားပျံသန်းနိုင်တဲ့ အင်းဆက်တွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ 

၂။ ပန်းပွင်တဲ့အပင်တွေနဲ့ ရောနှောစိုက်ပျိုးပါ

ယခင်ကဆိုရင် အဖော်ပင်စိုက်ပျိုးခြင်းနည်းစနစ်ဟာ မတူညီတဲ့ ဟင်းသီးဟင်းရွက်နဲ့ သီးနှံပင်တွေကို အတူတကွစိုက်ပျိုးခြင်းဖြင့် အပြန်အလှန် အကျိုးပြုနိုင်တယ်ဆိုပြီး လက်ခံခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း မကြာသေးမီက လေ့လာမှုတွေအရ အလှစိုက်ပန်းပင်တွေနဲ့ ပန်းပွင့်တဲ့ ဆေးဖက်ဝင် အပင်တွေဟာလည်း သီးနှံတွေစိုက်ပျိုးရာမှာ တွဲဖက်စိုက်ပျိုးဖို့ သင့်တော်တဲ့ အပင်မျိုးစိတ်တွေဖြစ်ကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် စမုန်စပါး၊ ကလျာဏီ၊ ကြက်သွန်မြိတ် စတဲ့အပင်တွေဟာ ပျားနဲ့ အခြားသော ဝတ်မှုန်ကူး အင်းဆက်တွေကို ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက် အပင်များကြားမှာ အဆိုပါ အပင်တွေ ထည့်သွင်းစိုက်ပျိုးထားခြင်းဖြင့် ဝတ်မှုန်ကူးတဲ့ လုပ်ဆောင်ချက်တွေကို တိုးမြင့်စေမှာဖြစ်ပြီး သခွားမွှေးသီးနဲ့ သခွားသီးကဲ့သို့သော အပင်တွေမှာဆိုရင် ပိုမိုထိရောက်ပြီး အထွက်နှုန်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

၃။ အကျိုးပြုအင်းဆက်တွေ လာရောက်အောင်ဆွဲဆောင်ပါ

အထက်မှာ ဖော်ပြခဲ့သလိုပဲ ပန်းပွင့်တဲ့အပင်တွေစိုက်ပျိုးထားခြင်းဖြင့် ဝတ်မှုန်ကူးအင်းဆက်တွေသာမက အခြားသော အကျိုးပြုအင်းဆက်တွေကိုပါ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ၎င်းအင်းဆက်တွေဟာ အဖျက်ပိုးတွေ ကို ဖမ်းယူစားသောက်မှာဖြစ်တာကြောင့် စိုက်ခင်းမှာ ပိုးသတ်ဆေးအသုံးပြုရတာလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ 

ရွှေတဆုပ်ပန်း၊ ထပ်တရာပန်း စတဲ့အပင်တွေဟာ ကပ်ပါးပြုနကျယ်တွေနဲ့ ပျစားယင် စတာတွေကို လာရောက်အောင်ဆွဲဆောင်နိုင်ပြီး ဂေါ်ဖီမှာကျရောက်တဲ့ cabbage loopers နဲ့ အခြားအဖျက်ပိုးတွေကို စားသောက်ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီနဲ့ မုန်ညှင်း မုန်လာပင်တွေမှာ ကျရောက်တတ်တဲ့ ခူကောင် ပေါက်ဖတ်တွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အကယ်လို့ သီးနှံစိုက်ခင်းထဲမှာ ပျပိုး ကျရောက်နေတယ်ဆိုရင်တော့ စမုန်စပါး၊ ဇကွဲပန်း (သို့မဟုတ်) ပေါက်ပေါက် ဆုပ်ပန်းနဲ့ တရုတ်နံနံ စတာတွေကို စိုက်ပျိုးထားခြင်းဖြင့် လိပ်ခုံးကျိုင်း တွေကိုဆွဲဆောင်နိုင်မှာဖြစ်ပြီး ပျပိုးတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

၄။ မြေဆီလွှာ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပါ

ပဲမျိုးရင်းဝင် အပင်တွေစိုက်ပျိုးခြင်းဖြင့် ၎င်းတို့ရဲ့ နိုက်ထရိုဂျင်ဖမ်းယူနိုင်တဲ့စွမ်းရည်ကြောင့် မြေဆီလွှာကို သဘာဝအတိုင်း တိုးတက်ကောင်းမွန်စေပြီး မြေသြဇာလိုအပ်မှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ပဲပင်တွေကို အခြားသော ဟင်းသီးဟင်းရွက်ပင်တွေနဲ့ တွဲဖက်စိုက်ပျိုးခြင်းဖြင့် အပင်တွေကို ပိုမိုကျန်းမာ သန်စွမ်းစေပြီး မြန်မြန်ကြီးထွားလာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဟာ အပင်ပိုင်း ကြီးထွားမှု (အရွက်) အတွက် အသုံးဝင်တဲ့ အာဟာရဓာတ်ဖြစ်တာကြောင့် အရွက်ကိုအဓိကထားပြီးစိုက်ပျိုးတဲ့ အပင်များနဲ့ တွဲဖက်စိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြေတဲ့ အရွက်တွေရရှိလာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အရွက်စားဟင်းသီးဟင်းရွက်တွေအပြင် ပဲပင်တွေနဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အခြားအဖော်အပင်အချို့ကတော့ မုန်လာဥနီ၊ သကြားမုန်လာ၊ တရုတ်မုန်လာ၊ ပြောင်းနဲ့ စတော်ဘယ်ရီ စတဲ့အပင်တွေ ဖြစ်ကြပါတယ်။ 

နောက်ထပ်အကြံပြုချက်(၅) ချက်ကိုတော့ အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်