ကြီးထွားမှုမြန်ဆန်တဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် (၇) မျိုး

19/05/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သီးနှံပင်တွေကို နေအိမ်ခြံဝန်းအတွင်း တနိုင်တပိုင် စိုက်ပျိုးထားခြင်းဖြင့် အစားအစာအတွက် ငွေကုန်ကြေးကျ သက်သာနိုင်သလို ကျန်းမာပျော်ရွှင်မှုကိုလည်း ခံစားရနိုင်ပါတယ်။

ထို့နည်းတူ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေကို စိုက်ပျိုးထားခြင်းဖြင့် ဟင်းလျာတွေ ချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်သလို ဆေးဖက်ဝင် သဘာဝပစ္စည်းအနေနဲ့လည်း အသုံးပြုနိုင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိစိုက်ပျိုးထားတဲ့ သီးနှံပင်တွေမှာ အဖျက်ပိုးမကျရောက်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။

ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေကို စိုက်ပျိုးထားခြင်းရဲ့ အကောင်းဆုံး အချက်တစ်ချက်က ၎င်းတို့ဟာ အခြားသောသီးနှံပင်တွေနဲ့ မတူဘဲ လျင်မြန်စွာ ကြီးထွားလာနိုင်တာကြောင့် အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးဖက်ဝင် ဟင်းခတ်အမွှေး အကြိုင် အပင်တွေကို  အိမ်မှာစိုက်ပျိုးဖို့ စိတ်ကူးရှိတယ်ဆိုရင် ကျန်းမာရေးအတွက်ကောင်း မွန်ပြီး အနံ့အရသာနဲ့ပြည့်စုံကာ အချိန်တိုအတွင်းကြီးထွားလာနိုင်တဲ့ အပင် ၇ မျိုးအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ပင်စိမ်း (Basil) 

ပင်စိမ်းဟာ ၎င်းရဲ့ မွှေးကြိုင်တဲ့ရနံ့ရှိတဲ့ အရွက်တွေနဲ့ ချက်ပြုတ်ရာမှာ ဘက်စုံအသုံးပြုနိုင်တာတွေကြောင့် လူသိများတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးမှာဆိုရင်လည်း သဘာဝပိုးသတ်ဆေး အနေနဲ့ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။

ပင်စိမ်းမျိုးစေ့ဟာဆိုရင် ကောင်းမွန်တဲ့ အပင်ပေါက်ရရှိဖို့အတွက် အပူချိန်အားဖြင့် ၂၃ မှ ၂၉ ဒီဂရီစင်တီဂရိတ်လိုအပ်ပြီး ပုံမှန်အားဖြင့် ၁၀ ရက်မှ ၁၄ ရက်အတွင်း အညှောက်ပေါက်နိုင်တာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ပျိုးပင်ကိုစိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာအပူချိန် အသင့်တင့်ရှိနေပါက အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ ပျိုးပင်အဆင့်ကနေ စိုက်ပျိုးတဲ့အခါ ၂၈ ရက်မှ ၄၈ ရက်အတွင်း ခူးဆွတ်ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ 

အပင်မှာ အရွက် ၆ - ၈ ရွက်ရတဲ့အခါ အရွက်တွေကို စတင်ခူးဆွတ်နိုင်ပြီ ဖြစ်ပါတယ်။ ခူးဆွတ်ပြီးတဲ့နောက် အရွက်သစ်တွေ ထွက်လာစေဖို့အတွက် အပင်ပေါ်မှာ အရွက် ၂ - ၄ ရွက်သာထားရှိပြီး ပင်စည်ကို ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။ 

စမုန်စပါး (Dill) 

စမုန်စပါးမှာ ရှည်လျားတဲ့ ရေသောက်မြစ် ပါရှိနေပြီး ရွှေ့ပြောင်းစိုက်ပျိုးဖို့ အဆင်မပြေနိုင်တာကြောင့် မျိုးစေ့ကနေပဲ စိုက်ပျိုးသင့်ပါတယ်။ မြေဆီလွှာအပူချိန် ၁၅ - ၂၁ ဒီဂရီစင်တီဂရိတ်အတွင်းရှိနေရင် မျိုးစေ့ချစိုက်ပျိုးနိုင်ပါတယ်။ အပင်ပေါက်တွေ ထွက်ပေါ်လာဖို့ ၁၀ - ၁၄ ရက်ခန့် ကြာနိုင်ပြီး ခူးဆွတ်ရိတ်သိမ်းဖို့ကတော့ ၄၂ ရက်ခန့် ကြာနိုင်ပါတယ်။

ခူးဆွတ်ရာမှာ အရွက်တွေကိုပဲ ခူးဆွတ်နိုင်သလို ပင်စည်ကို ဖြတ်တောက်ပြီးတော့လည်း ရိတ်သိမ်းနိုင်ပါတယ်။ ပင်စည်ကို ဖြတ်တောက်ရာမှာ ထူထဲတဲ့ပင်စည်တွေဆိုရင် မြေကြီးအပေါ် လက်မအနည်းငယ်ချန်ပြီး ဖြတ်ထုတ်ပစ်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အပင်ကိုကျန်းမာစေပြီး ကြီးထွားမှုကိုမြှင့်တင်ပေးနိုင်ကာ နူးညံ့ပြီး အရသာရှိတဲ့ အရွက်တွေကို ထပ်မံခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။

စမုန်စပါးကို ဟင်းချို၊ သနပ်အချဉ်နဲ့ စွပ်ပြုတ်ကဲ့သို့ အစားအစာတွေမှာ ထူးခြားတဲ့အနံ့အရသာရှိစေဖို့ ပေါင်းထည့်နိုင်ရုံသာမက အဖျက်ပိုးမွှားတွေကို ထိန်းချုပ်ပေးနိုင်တဲ့ နကျယ်ကဲ့သို့  အကျိုးပြုအင်းဆက်တွေ လာရောက်အောင်လည်း ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

တရုတ်နံနံ (Cilantro) 

နံနံပင် (သို့မဟုတ်) တရုတ်နံနံ လို့လည်း လူသိများတဲ့ Cilantro ဟာ ၎င်းရဲ့လတ်ဆတ်ပြီး ထူးခြားတဲ့ အနံ့အရသာအတွက် ဟင်းလျာအမျိုးမျိုးမှာ တွင်ကျယ်စွာ အသုံးပြုကြတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။ သူ့ကို ခူးဆွတ်ရိတ်သိမ်းဖို့ဆိုရင်တော့ ၄၀ မှ ၄၅ ရက်ခန့် ကြာနိုင်ပါတယ်။ အပူချိန်အားဖြင့်ဆိုရင် ၁၀ မှ ၂၉ ဒီဂရီစင်တီဂရိတ်ကြားမှာရှိတဲ့ အပူချိန်ကို နှစ်သက်တာကြောင့် ဆောင်းရာသီမှာ စိုက်ပျိုးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ 

တရုတ်နံနံကို ပူပြင်းတဲ့ ရာသီမှာစိုက်ပျိုးခဲ့မယ်ဆိုရင် ရိုးတံတွေရှည်ထွက် (bolt) လာတတ်ပြီး ပန်းပွင့်နိုင်မှာ မဟုတ်ပါဘူး။ ရာသီဥတုပူတဲ့အချိန်မှာဆိုရင် ကောက်ရိုး၊ မြက်ခြောက်၊ သစ်ရွက်ခြောက်၊ မြေဆွေး စတာတွေနဲ့ မြေဖုံးပေးခြင်းဖြင့် မြေဆီလွှာအပူချိန်ကို ထိန်းညှိပေးပြီး အေးနေအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မြေဆီလွှာ စိုစွတ်တဲ့အခြေအနေမှာတော့ ကောင်းစွာမရှင်သန်နိုင်တာကြောင့် ရေမဝပ်စေဖို့ သတိပြုရမှာ ဖြစ်ပါတယ်။

ကြက်သွန်မြိတ် (Chives)

ကြက်သွန်မြိန်ဟာ အေးမြတဲ့ရာသီဥတုကို ကြိုက်နှစ်သက်တဲ့အပင်ဖြစ်တာကြောင့် နွေဦးနဲ့ ဆောင်း ရာသီမှာ စိုက်ပျိုးတာ ပိုသင့်တော်ပါတယ်။ အသုပ်နဲ့ ဟင်းလျာတွေမှာ ထည့်သွင်းပြီး အလှဆင်ဖို့အတွက် ၎င်းရဲ့ပန်းပွင့်နဲ့ အရွက်တွေကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

မျိုးစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် အပင်ကြီးထွားလာဖို့အတွက် အသင့်တော်ဆုံးအပူချိန်က ၁၅ မှ ၂၁ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ဖြစ်ပါတယ်။ သို့ပေမဲ့ မျိုးစေ့ကနေ အပင်ပေါက်လာဖို့အတွက်ဆိုရင်တော့ ရက်သတ္တပတ် အနည်းငယ်ကြာနိုင်ပြီး သီးနှံတစ်ခုလုံးကို ခူးဆွတ်ရိတ်သိမ်းဖို့ဆိုရင် ရက်ပေါင်း ၆၀ ခန့် စောင့်ရမှာဖြစ်ပါတယ်။ အကယ်လို့ ပျိုးပင်ကို ရွှေ့ပြောင်းစိုက်ပျိုးမယ်ဆိုရင်တော့ ရက်ပေါင်း ၃၀ အတွင်း ခူးဆွတ်ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ 

နံနံပင် (Parsley)

နံနံပင်ဟာ ဗီတာမင် C၊ ဗီတာမင် A နဲ့ သံဓာတ်တို့ ကြွယ်ဝစွာပါ၀င်နေတဲ့ အာဟာရပြည့်ဝသော ဆေးဖက်ဝင် ဟင်းခတ်အပင်ဖြစ်ပါတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့အတွက် အသင့်တော်ဆုံး အပူချိန်က ၂၁ ဒီဂရီစင်တီဂရိတ်ဝန်းကျင် ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ မျိုးစေ့ကနေ အပင်ပေါက်ဖို့အတွက် ၂၁ -၂၅ ရက်ခန့် ကြာနိုင်တာ ဖြစ်ပါတယ်။ မျိုးစေ့ကနေ စတင်စိုက်ပျိုးမယ်ဆိုရင် အပင်ပေါက်တဲ့ ကာလအပါအဝင် ရိတ်သိမ်းဖို့အတွက် ရက်ပေါင်း ၉၀ မှ ၁၀၀ အထိကြာနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် ပျိုးထောင်ပြီးတော့လည်း ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပြီး ထိုကဲ့သို့စိုက်ပျိုးပါက ပိုမိုမြန်ဆန်စွာ ခူးဆွတ်ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်ပျိုးမယ်ဆိုရင်တော့ ရက်ပေါင်း ၆၀ မှ ၇၀ အတွင်း ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ 

တောရှုံးပင် (Oregano) 

တောရှုံးပင်ကို ပီဇာနဲ့ အခြားသောဟင်းလျာတွေမှာ မပါမဖြစ် အသုံးပြုကြသလို ဥယျာဉ်စိုက်ခင်းတွေမှာလည်း လှပသောအပြင်အဆင်အနေနဲ့ ထည့်သွင်းစိုက်ပျိုးကြတဲ့ ဆေးဖက်ဝင် ဟင်းခတ်အပင်ဖြစ်ပါတယ်။ မြေဆီလွှာအပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိပါက မျိုးစေ့တွေကို တိုက်ရိုက်ကြဲပက်ပြီး စိုက်ပျိုးနိုင်ပါတယ်။ ပျိုးထောင်ပြီးစိုက်ပျိုးပါက ရွှေ့ပြောင်းစိုက်ပျိုးပြီးနောက် ရက်ပေါင်း ၈၀ - ၉၀ အတွင်းမှာ ခူးဆွတ်ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ခူးဆွတ်ရိတ်သိမ်းတဲ့အခါ အပင်မှအရွက်တွေကို လိုအပ်သလို ဖြတ်တောက်ခူးဆွတ်နိုင်ပါတယ်။ ခူးဆွတ်ပြီးနောက် ကျန်ရှိတဲ့ အရွက် (သို့မဟုတ်) ပင်စည်ကိုတော့ မပျက်စီးစေဖို့ သတိပြုသင့်ပါတယ်။ ပုံမှန်ခူးဆွတ်နိုင်ဖို့အတွက်ဆိုရင်တော့ အပင်ရဲ့ သုံးပုံတစ်ပုံထက် ပိုမဖြတ်မိစေဖို့ အရေးကြီးပါတယ်။ 

ပူဒီနာ (Mint)

ပူဒီနာဟာ ၎င်းရဲ့ ကြီးထွားသန်စွမ်းမှုကြောင့် ၁၀ လက်မအရွယ်အိုးတစ်အိုးလျှင် တစ်ပင်နှုန်းနဲ့ စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ မျိုးစေ့ကနေလည်း စိုက်ပျိုးနိုင်သလို စျေးကနေ ဝယ်ယူလာတဲ့ အပင်မှာအမြစ်ပါတယ်ဆိုရင်လည်း အလွယ်တကူ ပြန်လည်စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ မျိုးစေ့ကနေ စိုက်ပျိုးမယ်ဆိုရင်တော့ ရာသီတုအေးနေရင် ပိုပြီးသင့်တော်ပါတယ်။

မျိုးစေ့တွေဟာ ၁၀ - ၁၅ ရက်အတွင်း အပင်ပေါက်လာမှာဖြစ်ပြီး ရက်ပေါင်း ၆၀ မှ ၉၀ အတွင်း ခူးဆွတ်ရိတ်သိမ်းနိုင်မှာဖြစ်ပါတယ်။ ပူဒီနာဟာ စိုက်ပျိုးရာသီတလျှောက် အကြိမ်များစွာ ရိတ်သိမ်းနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မြေမျက်နှာပြင်ပေါ်မှာ လက်မအနည်းငယ်ချန်ပြီး ပင်စည်ကို ဖြတ်တောက်ပါက အပင်ပြန်လည်ကြီးထွားလာပြီး အညွန့်အသစ်တွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: https://www.backyardboss.net/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်