N,P,K နည်းလွန်း၊ များလွန်း လက္ခဏာများနှင့်ကုစားနည်းများ (အပင်မှာမူမမှန်တာတွေ့ရတဲ့အခါ - ၄)

26/05/2023 12:32 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

အပင်မှာ မူမမှန်တာ တစ်ခုခုတွေ့ရတဲ့အခါ အပင်က အာဟာရ လိုအပ်ချက်ရှိနေတာဖြစ်နိုင်သလို အာဟာရအကျွေးများပြီး အဆိပ်သင့်နေတာလည်းဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာလား ၊ အာဟာရ မမျှတခြင်းလား သိရဖို့ အပိုင်း ၁ ,၂, ၃ တွေမှာ လေ့လာနိုင်ပါတယ်။

အပိုင်း(၁)>>https://greenwaymyanmar.com/posts/analysis_in_disordering_plants_1

အပိုင်း(၂) >>> https://greenwaymyanmar.com/posts/Over_fertilization

အပိုင်း(၃) >>> https://greenwaymyanmar.com/posts/Nutriets_Deficiencies

 

ဒီဆောင်းပါးမှာကတော့ နာမည်ကြီး N P K ရဲ့ လိုနေလား ပိုနေလား ဘယ်လိုကုသရမလဲဆိုတဲ့  အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

 နိုက်ထရိုဂျင် လိုနေလား ပိုနေလား ဘယ်လိုကုသမလဲ...

နိုက်ထရိုဂျင်ဆိုတာ အဓိကလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ပုလဲလို့လည်း အလွယ်ခေါ် ကြတဲ့ မြေဆီဖြစ်ပါတယ်။ အပင်ရဲ့ DNA ဖြစ်ပေါ် ဖို့ ၊ အသားဓာတ်ဖြစ်ပေါ်ဖို့ ၊ အစိမ်းရောင်ခြယ်ပစ္စည်းတေွ ဖြစ်ပေါ်ဖို့ ကူညီပေးပါတယ်။ မြေထဲမှာ ‌ရွေ့လျားသွားလာနိုင်လို့ အပင်ကလွယ်လွယ်ရနိုင်ပါတယ်။ သဘာဝမြေဆွေးဓာတ်ရှိနေတဲ့မြေတွေမှာဆို သဘာဝအတိုင်း နိုက်ထရိုဂျင်ကြွယ်ဝပါတယ်။ အမြစ်တွေ အညွန့်တွေကောင်းဖို့၊ အသီးတွေ အရည်အသွေးပြည့်ဖို့ အသီးတင်ဖို့ လုပ်ဆောင်ပါတယ်။

pH  8 ထက်များပြီး 6 အောက်နိမ့်နေမယ်ဆိုရင်တော့  နိုက်ထရိုဂျင် ရရှိမှုနှေးသွားပါတယ်။

သဲဆန်တဲ့ မြေညံ့တွေ၊ သဘာဝအာဟာရပစ္စည်းနည်းတဲ့ မြေညံ့တွေမှာဆို နိုက်ထရိုဂျင်ရရှိမှု နည်းပါတယ်။

ရေအရမ်းစိုနေတဲ့မြေတွေ ( မိုးများလို့ပဲဖြစ်ဖြစ် ရေလောင်းတာများလို့ပဲဖြစ်ဖြစ်)မှာဆို နိုက်ထရိုဂျင်က အမြစ်နဲ့ဝေးရာကို မျောပါသွားတတ်ကြပါတယ်။

မြေသားခြောက်ကပ်လွန်းနေရင်လည်း နိုက်ထရိုဂျင်ရဖို့ ခက်ပါတယ်။

နိုက်ထရိုဂျင်ဖမ်းယူစားသုံးတဲ့ ပဲပင်တွေရှိနေတဲ့နေရာမှာဆိုရင်လည်း အခြားသီးပင်စားပင်တွေဟာ နိုက်ထရိုဂျင်ရရှိနိုင်မှု နည်းသွားတတ်ပါတယ်။

နိုက်ထရိုဂျင်ချိူ့တဲ့စေတဲ့ အဓိကအကြောင်းအရင်းကတော့ “ရေ” ပဲဖြစ်ပါတယ်။ 

ရေလောင်းလွန်းတဲ့အခါ မိုးတအားများတဲ့အခါ  နိုက်ထရိုဂျင်တွေက အမြစ်ဇုန်ရဲ့ဝေးရာကို ပါသွားတတ်ပါတယ်။ နိုက်ထရိုဂျင်စားသုံးမှုများတဲ့သီးနှံတွေ စိုက်ထားပြီးတဲ့အခါမှာဆိုရင်လည်း နိုက်ထရိုဂျင်ချို့တဲ့တာမျိုး ဖြစ်နိုင်ပါတယ်။

နိုက်ထရိုဂျင် ချို့တဲ့ပြီဆိုရင်တော့ သေးကွေးကျုံလှီနေပြီး ကျစ်နေတဲ့ အရွက်လေးတွေကို တွေ့ရပါလိမ့်မယ်။ အထနှေးတယ်ပေါ့။ မြန်မြန်ကြီးမလာနိုင်တော့ပါဘူး။အထွက်နှုန်းထိခိုက်မှာဖြစ်ပြီး အရည်အသွေးလည်း ကျတတ်ပါတယ်။ အရွက်အရင့်တွေမှာ ဆဲလ်သေ အဝါပျောက်တွေတွေ့ရမှာပါ။ ရွက်ဝါတွေတွေ့ရပြီး ညှိုးကျသွားတတ်ပါတယ်။

နိုက်ထရိုဂျင်ချို့တဲ့မှုကို ကုသနည်း

ကုသနည်းကတော့...

မြေချဉ်ငန်ကိန်းကို 6-8 ကြားရှိအောင်လုပ်ပေးပါ။

ရေအလုံအလောက်ရရှိအောက်လုပ်ပေးပါ။‌

ရေအိုင်နေအောင်လောင်းတာ၊ ခြောက်ကပ်နေသည်အထိထားတာမျိုးတွေကိုရှောင်ပါ။

သဲနုန်းဆန်တဲ့မြေလိုအပ်တာမို့ သဘာဝမြေဆွေးများများထည့်ပေးပါ။

ရေရှည်အတွက်ဆို ကောက်ရိုး သစ်ရွက်ခြောက် စတဲ့ သဘာဝပစ္စည်းတွေနဲ့ မြေဖုံးအုပ်ပေးတာမျိုးတွေ လုပ်လို့ရပါတယ်။

မြန်မြန်ကုသပေးဖို့အတွက်ကတော့ နိုက်ထရိုဂျင်ပါတဲ့ ရွက်ဖျန်းတစ်ခုခုဖျန်းပေးရမှာဖြစ်ပါတယ်။

မြေစစ်လိုက်လို့ သိရတဲ့အဖြေက နိုက်ထရိုဂျင်တစ်မျိုးတည်းသာ လိုအပ်တာဆိုရင်တော့ နိုက်ထရိုဂျင် မြေဩဇာ ကျွေးပေးရမှာဖြစ်ပါတယ်။

ကြက်ချေးနဲ့ငါးအမိုင်နိုတွေကလည်း နိုက်ထရိုဂျင်ကြွယ်ဝကြပါတယ်။

နိုက်ထရိုဂျင် များလွန်းခြင်း (နိုက်ထရိုဂျင်အဆိပ်သင့်ခြင်း)

ပုလဲမြေသြဇာရယ်လို့ အများစုကသိကြပြီး  မြေဩဇာကျွေးတာများခြင်းကနေ နိုက်ထရိုဂျင် အဆိပ်သင့်မှုတွေက ဖြစ်လေ့ဖြစ်ထ အများဆုံးကိစ္စပါ။

ဘယ်လို လက္ခဏာတွေလဲဆိုတော့...

အပင်တွေဟာ စိမ်းညို့နေပြီး ရိုးတံ ရှည်ရှည်မျောမျောတွေဖြစ်လာမယ်၊ အဖူးတက်တာ‌တွေဖြစ်မယ်။ ပုံမှန်ထက်‌စောပြီး အဖူးလိုက်နေတဲ့အပင်တွေ တွေ့ဖူးမယ်ထင်ပါတယ်။

နိုက်ထရိုဂျင် များလွန်းတာနဲ့အမျှ ကယ်ဆီယမ်ချို့တဲ့မှုပါ တွဲလျက်ဖြစ်တတ်ပါတယ်။ နိုက်ထရိုဂျင်များလွန်းတာက ပိုးတွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။

ပန်းပွင့်ကြွေနဲ့ ပြဿနာတွေလည်း ကြုံရတတ်ပါတယ်။

အမြစ်တွေညိုပြီး အမြစ်ဖျားတွေ တွန့်လိမ်ကာခြောက်သွားမယ်။

အပင်က ထွတ်လာမယ်။ 

ပင်စည်နဲ့အရွက်ပေါ်မှာ အနက်ရောင်အစက်အပြောက်တွေမြင်ရမယ်။ ရွက်နုလေးတွေ ဝါပြီး ဆက်မကြီးတော့ဘူး။ ကုပ်သွားမယ်။

နိုက်ထရိုဂျင်များလွန်းနေတာကို ကုသနည်းကတော့...

နိုက်ထရိုဂျင်များတဲ့ မြေဩဇာသုံးနေတယ်ဆို ချက်ချင်းရပ်လိုက်ပါ။( ငရုတ်မှာ အပွင့်ကြွေတဲ့ ပြဿနာတွေက ဒီလိုအဆိပ်သင့်မှုတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်၊ နိုက်ထရိုဂျင်များလွန်းနေတဲ့အခါ လူကြီးမင်းတို့ကျွေးတဲ့ ကယ်ဆီယမ်ကို အပင်က မရရှိနိုင်တော့ပါဘူးတဲ့ရှင်)

သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေး စတဲ့ သဘာဝမြေဆွေးတွေ အပင်ခြေကိုပုံပေးပါ။ 

သဘာဝမြေဆွေးတွေကို စိုက်ပျိုးမြေနဲ့ ရောသမမွှေပေးပါ။ သဘာဝမြေဆွေးထဲမှာပါတဲ့ အဏုဇီဝလေးတွေကများလွန်းနေတဲ့ နိုက်ထရိုဂျင်တွေကို ကူလျှော့ပေးနိုင်ပါတယ်။ 

နောက်တစ်နည်းကတော့ ရေပုံမှန်လောင်းခြင်းပါ။ (ရွှဲအိုင်နေအောင်လောင်းခြင်းကိုမဆိုလိုပါ)

ရေပုံမှန်( သင့်တော်ရုံပမာဏ) လောင်းပေ‌းခြင်းကလည်း ပိုလျှံနေတဲ့ နိုက်ထရိုဂျင်တွေကို ရေနဲ့ဆေးချသလိုဖြစ်စေပါတယ်။ ရေကို အများကြီးလောင်းမိရင်တော့ အမြစ်ပုပ်တာတွေဖြစ်တတ်လို့ ပမာဏ နည်းနည်းကို ပုံမှန်လေးလောင်းပေးပြီး ကုလို့ရပါတယ်။

နိုက်ထရိုဂျင်များလွန်းတဲ့ အပင်တွေဟာ ပန်းပွင့်တွေကြွေကျတာမျိုးဖြစ်တတ်လို့  ပိုတက်စီယမ်ဖြည့်စွက်ပေးဖို့လည်း လိုမှာဖြစ်ပါတယ်။ 

Phosphorus ( P )

ဖော့စဖောရပ်က အပင်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုးပါ။ အင်မတန်မှလည်း ရွေ့လျားသွားလာနိုင်ပါတယ်။ အသီးနဲ့ အစေ့အဆန်ဖြစ်ထွန်းမှုအတွက် အရေးပါတဲ့ အပင်အာဟာရပဲဖြစ်ပါတယ်။‌ အပင်က ရေကောင်းကောင်းစုပ်ယူနိုင်ဖို့၊ အသီးစောစောတင်ဖို့အတွက် လည်း ဒီအာဟာရက အရေးကြီးပါတယ်။ ဖော့စဖောရပ်ဓာတ်ချို့တဲ့တဲ့ အပင်တွေက သီးဖို့ ၊ပွင့်ဖို့ ကြာတတ်ပါတယ်။ ကျန်းမာတဲ့ အပင်တစ်ပင်ဖြစ်လို့လည်း ဒီအာဟာရဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။

ဒီလိုအပင်အာဟာရ ( ဖော့စဖောရပ်) ကို...

မြေချဉ်ငံကိန်း ( 7.5 ) နှင့်အထက် (၆.၅) အောက်မှာဆို ကယ်စီယမ် အလူမီနီယမ်လို အခြားအာဟာရဓာတ်တွေနဲ့ ပူးကပ်နေတတ်လို့ ရရှိနိုင်မှုနည်းတတ်ပါတယ်။

 အပေါ်မှာ ပြောပြခဲ့တဲ့ အရည်အသွေးမကောင်းတဲ့မြေတွေမှာဆိုရင်လည်း ရရှိနိုင်မှုနည်းပါတယ်။

ရေလောင်းလိုက် မလောင်းလိုက် ဖြစ်တဲ့ စိုက်ခင်းတွေမှာဆိုရင်လည်း အပင်တွေဟာ အပူရှပ်ပြီးတော့ ဖော့စဖောရပ်ဓာတ် ကောင်းကောင်းမစုပ်ယူနိုင်ပါဘူး။

မြေပူချိန်၊ အေးနေတဲ့လတွေမှာဆိုရင်လည်း ဖော့စဖောရပ်ဓာတ် ရရှိနိုင်မှုနည်းပါတယ်။

အိုင်းရွန်းဓာတ်များနေတဲ့မြေတွေမှာလည်း ကောင်းကောင်းမရရှိနိုင်ပါဘူး။

ဒီလိုအကြောင်းအရာတွေရှိမယ်ဆိုရင်တော့ ဖော့စဖောရပ်ဓာတ်ချို့တဲ့မှုကို အပင်မှာတွေ့မြင်ရမှာပါ။

 ကြပ်နေတဲ့မြေတွေ၊ ရေဝပ်လွန်း ရေပြတ်လွန်းတဲ့နေရာတွေ၊ မြေအပူချိန်ကျနေတဲ့ လတွေမှာဆိုရင် ဖော့စဖောရပ်ဓာတ်ချို့တဲ့မှုကို အများဆုံး တွေ့ရလေ့ရှိပါတယ်။

ဘယ်လိုပုံစံတွေလဲဆိုတော့...

အရွက်အရင့်ပိုင်းတွေမှာ ဖြစ်တတ်ပြီး အရွက်ရဲ့ ရွက်ကြောကြားတွေမှာ ဆဲလ်သေကွက်တွေဖြစ်လာမယ်၊ အနီရင့်ရောင် ခရမ်းရောင် အကွက်တွေက သိသာပါတယ် ။ ဒီလို အရောင်ရှိတဲ့ အကွက်တွေဖြစ်လာပြီးရင်တော့ အဲ့နေရာက အရွက်က ကွက်ခြောက်သွားပါတယ်။ ဆိုးဆိုးဝါးဝါး လိုအပ်နေတဲ့ အပင်မှာဆိုရင်တော့ အရွက်တွေ ကြွေကျပြီး အသီးအပွင့် ရပ်တန့်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ 

ဘယ်လိုပြင်ရမလဲ...

pH 6.8 မှ 7.2 အထိ ထားပြီး ကြပ်နေတဲ့မြေတွေကို သဘာဝမြေဆွေးတွေနဲ့ မွလာအောင်  ပြင်ရပါမယ်။ အပင်မှာ လိုအပ်ချက်လက္ခဏာတွေ တွေ့ရတဲ့အချိန်က မြေအပူချိန်ကျဆင်းနေတဲ့လတွေဆိုရင်တော့ မြေကို နွေးသွားအောင် ကောက်ရိုးဖုံးပေးတာတွေ ၊သစ်ရွက်ခြောက်ဖုံးတာတွေ ၊ ပလပ်စတစ်စဖုံးတာတွေ ပြုလုပ်ပေးရပါမယ်။ ရေမှန်မှန်လောင်းဖို့ကိုလည်း ဂရုစိုက်ပေးရမှာဖြစ်ပါတယ်. 

မြေစစ်ထားတဲ့ရလာဒ်တွေကိုကြည့်ပြီး သဘာဝမြေသြဇာတွေ၊ နွားချေးတွေ၊ အရိုးမှုန့်တွေ  ကျောက်မှုန့်တွေ ၊တီစူပါမြေသြဇာတွေ ထည့်ပေးရမှာဖြစ်ပါတယ်။ 

ဖော့စဖောရပ် အကျွေးများလို့ လက်လွန်နေတယ်ဆိုရင်တော့ အပင်မှာဒီလိုလက္ခဏာတွေပြတတ်ပါတယ်။

P (ဖော့စဖောရပ်) များနေခြင်းက ဇင့်နဲ့ အိုင်းရွန်း စုပ်ယူမှုကို အဟန့်အတားဖြစ်စေတာမို့ အပင်က ပုံသဏ္ဍန်မမှန်ခြင်း ( ဥပမာ - ရှစ်ခိုးခြင်း၊ တွန့်လိန်ခြင်း ၊ အရုပ်ပုံစံတွေ ပေါ်လာခြင်း တွေ အရွက်နုရော အရွက်ရင့်ရောမှာပါ မြင်ရတတ်ပါတယ်။

ရွက်နုတွေရဲ့ အရွက်ကြောကြားက နေရာတွေမှာ ဝါဝါလေးတွေတွေ့ရတတ်ပါသေးတယ် အသီးဖြစ်ဖို့ ကြာနေတာတွေလည်း တွေ့ရမှာဖြစ်ပါတယ်။

 P ဓာတ်များနေခြင်းကို ကုသနိုင်တာကတော့...

P ပါတဲ့ မြေသြဇာကျွေးတာတွေကို ရပ်ပစ်လိုက်ခြင်းနဲ့ အပင်ရဲ့ အမြစ်ဇုန်နားကို ရေပုံမှန်လောင်းပေးခြင်းပဲဖြစ်ပါတယ်။

Potassium (K)

ပိုတက်စီယမ်၊ ပိုတက်ရှ် ဆိုတဲ့နာမည်နဲ့ ဈေးကွက်မှာ လူသိများကြပါတယ်။ အပင်ကြီးထွားမှုအတွက် အဓိကလိုအပ်တဲ့ အာဟာရတစ်မျိုးပဲဖြစ်ပါတယ်။ ရွေ့လျားသွားလာတတ်တဲ့ အာဟာရ ဖြစ်တဲ့အပြင် အပင်ယန္တရားထဲက သယ်ယူပို့ဆောင်ရေး တာဝန်ခံလေးပဲဖြစ်ပါတယ်။ အသီးတွေထဲမှာ အစာတွေစုဖို့ ၊ အမြစ် ၊ ဥ တွေထဲမှာ အစာတွေစုဖို့ သူက သယ်ယူပို့ဆောင်ပေးတာပါ။ ဒါတင်မကသေးပါဘူး ရောဂါပိုးမွှားတွေ ကျရောက်လာတဲ့အခါ ခုခံစွမ်းအားမြင့်စေတာ ပိုတက်စီယမ်ပဲဖြစ်ပါတယ်။ နှင်းခါးရိုက်တဲ့ အခြေအနေမျိုးတွေ ၊ ရေပြတ်တဲ့ ဒဏ်မျိုးတွေကို ပိုတက်စီယမ် ကောင်းကောင်းစားရတဲ့ အပင်က ပိုပြီး ခံနိုင်ရည်ရှိပါတယ်။

ဒီလို အဖိုးတန်အာဟာရတစ်ခုကို ဘယ်လိုအခြေအနေတွေမှာ ရယူဖို့ ခက်ခဲသလဲ ဆိုရင်တော့...

- ခြောက်သွေ့နေတဲ့မြေတွေ 

- ရေဝပ်လွန်းတဲ့မြေတွေ

- စီးလွန်းတဲ့ ရွှံ့စေးမြေတွေ

- ချဉ်လွန်းတဲ့မြေတွေ( pH 6.5 ၏အောက်)

- မြေထဲမှာ အခြား ဓာတ်ဖိုအိုင်းရွန်းတွေ များလွန်းနေရင်

အပင်က ပိုတက်စီယမ်ဓာတ်ကို ရရှိဖို့ ခက်ခဲသွားပါတယ်။ 

(ဓာတ်ဖိုဆိုတာကတော့ အိမ်သုံးဆား၊ ဆပ်ပြာ စသည်ဖြင့် ဥပမာပေးရရင် ဒီလိုအရာတွေ ရေမှာပျော်ဝင်တဲ့အခါ ဓာတ်ပေါင်းတွေပြိုကွဲသွားပြီး ဖြစ်လာတဲ့အရာတွေပါ။) 

ဒီလိုမရလို့ ချို့တဲ့တဲ့အခါ အပင်ရဲ့ အရွက်အရင့်တွေမှာ လက္ခဏာတွေပြလာပါလိမ့်မယ်။ 

အရွက်အဖျားကနေစတင်ပြီး ဆဲလ်သေကွက် ( အကွင်းလိုက်ခြောက်လာခြင်း)များ တဖြည်းဖြည်းစုပြီး အရွက်အဖျားအနားလေးတွေ ခြောက်လာပါလိမ့်မယ်။ 

ဆိုးဆိုးဝါးဝါးဖြစ်လာမယ်ဆိုရင်တော့ တစ်ရွက်လုံးခြောက်သွားတတ်ပါတယ်။ 

ပိုတက်စီယမ် ချို့တဲ့တဲ့အပင်ဟာ အရွယ်အားဖြင့်လည်း ပုပုလေးဖြစ်နေတတ်ပါတယ်။ ရောဂါပိုးမွှားတွေရဲ့ဒဏ်ကိုလည်း ခံနိုင်မှာမဟုတ်တော့ပါဘူးတဲ့ရှင်။ 

ကုသနည်း

ပိုတက်စီယမ် ချို့တဲ့တာကို ကုသဖို့အတွက်...

မြေချဉ်ငန်ကိန်းကို  6.5 - 7.5 ဖြစ်အောင်ထားပါ။ ကိုယ့်မြေက ဒီကိန်းဂဏန်းတွေကြားမှာ မဟုတ်ဘူးဆို ပြင်လိုက်ရုံနဲ့ K ဓာတ်ကို ရရှိနိုင်ပါတယ်။

ရေပုံမှန်လေးရနေပါစေ။

မြေအရမ်းကြပ်ပြီး လယ်မြေလို မြေစေးတွေဖြစ်နေရင် မြေဆွေးများများထည့်ပေးလိုက်ပါ။

တစ်ခါတစ်လေမှာ မြေထဲမှာ K ဓာတ်( ပိုတက်စီယမ်)  မရှိတာမဟုတ်ဘဲ K ဓာတ်ဟာ အခြားအရာတွေနဲ့ပေါင်းစပ်ပြီး အပင်အမြစ်နားကို မရောက်နေနိုင်တာလည်းရှိတတ်ပါတယ်။ ဒါကို သိရဖို့ဆိုရင်တော့ မြေစစ်မှပဲရနိုင်ပါတယ်။ မြေစစ်လိုက်လို့ မြေထဲမှာ K မရှိနေတာ သေချာရင်တော့ K ဖြည့်စွက်စာတွေထည့်ပေးရပါမယ်ရှင်။ ( ဥပမာ - ငှက်ပျောခွံ ၊ပိုတက်မြေသြဇာ စသည်ဖြင့်)

လိုအပ်ရင်ဒီလိုဖြည့်ရမှာသိပြီဆိုတော့ ပိုနေရင် လျော့နည်းကို ထပ်လေ့လာရအောင်ရှင်...

K ဓာတ်ပိုနေရင် ဘာလက္ခဏာမှထူးထူးခြားခြားပြတာမရှိပါဘူး။ K ဓာတ်များခြင်းက ကယ်စီယမ်  ( Ca),  နိုက်ထရိုဂျင် ( N) နဲ့  မက်ဂနီစီယမ် ( Mg) ချို့တဲ့ခြင်းတွေကိုဖြစ်စေလို့ ဒီလက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ 

Ca ,Mg ဆိုတာ ဘာတွေလဲဆိုတာတော့ နောက်တစ်ပိုင်းမှာ ဆက်ဆုံကြပါမယ်ရှင်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်