ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ကလျာဏီ

23/03/2022 16:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Sage, Common Sage, Culinary sage 

ရုက္ခဗေဒအမည် - Salvia officinalis 

ကလျာဏီဟာ နှစ်ရှည်ပင်အမျိုးအစားထဲမှာပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အပင် တစ်မျိုးဖြစ်ပါတယ်။  ၎င်းတို့ကို ရုတ်တရက်ကြည့်လိုက်ရင် ချုံပုတ်ပင်တွေနဲ့လည်း ဆင်တူတဲ့ အနေအထားရှိပါတယ်။ အရွက်တွေမှာ နှင်း (သို့မဟုတ်) အမွှေး ကပ်နေတဲ့ ပုံစံမျိုးရှိပြီး မီးခိုးရောင် အစိမ်းရောင် စသည်ဖြင့်တွေ့ရှိနိုင်ပါတယ်။ အရွက်တွေဟာ ဘဲဥပုံစံရှိပြီး အရှည်က ၄ လက်မခန့်ထိ ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အပင်ဆိုတဲ့အတိုင်း အရွက်တွေဟာ ခပ်ပြင်းပြင်းမွှေးကြိုင်တဲ့ ရနံ့လည်းရှိပါတယ်။ အများအားဖြင့် အရွက်တွေကို လတ်လတ်ဆတ်ဆတ် (သို့မဟုတ်) အခြောက်လှန်းပြီး ဟင်းချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ တချို့ကတော့ ဆေးဖက်ဝင်တယ်ဆိုပြီး အရွက်တွေကို အခြောက်လှန်းကာ လက်ဖက်ခြောက်အနေနဲ့ ထည့်သွင်းသောက်သုံးကြတာမျိုးလည်း ရှိပါတယ်။ 

ကလျာဏီကို အသုံးပြုတဲ့အခါ ၎င်းရဲ့ အလွန်မွှေးကြိုင်တဲ့ ရနံ့ကြောင့် ပမာဏ အနည်းငယ်ပဲ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ သို့သော်လည်း ကလျာဏီအပင်မှာ အရေးကြီးတဲ့ အာဟာရဓာတ်တွေနဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ ဒါ့အပြင် ကလျာဏီကို သဘာဝသန့်စင်ဆေးရည်၊ သဘာဝပိုးသတ်ဆေးနဲ့ မီးလောင်ဒဏ်ရာတွေမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ၎င်းရဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

၁။ အမျိုးမျိုးသော အာဟာရဓာတ်များ ပါဝင်ခြင်း  

ကလျာဏီမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ 

 ကယ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်

 ဗီတာမင်ကေ၊ ဗီတာမင် B-6

 အိုင်းယွန်း၊ မဂ္ဂနီစ်၊ ကယ်လ်စီယမ် စတဲ့ဓာတ်တွေ အဓိကပါဝင်နေပြီး မဂ္ဂနီစီယမ်၊ ဇင့်၊ ကော့ပါး၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး စတဲ့ဓာတ်တွေလည်း ပမာဏ အနည်းငယ်စီပါဝင်နေပါတယ်။ 

ဒါ့ကြောင့် ဟင်းခတ်အမွှေးအကြိုင် ကလျာဏီကို အနည်းငယ် အသုံးပြုရုံဖြင့် ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

၂။ ခံတွင်း ကျန်းမာရေးကောင်းစေခြင်း 

ကလျာဏီဟာ ပိုးတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ခံတွင်းအတွင်းမှာ သွားချေးလွှာ ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတခုအရ ကလျာဏီကိုအသုံးပြုပြီး ပြုလုပ်ထားတဲ့ ခံတွင်းသန့်ဆေးရည်ဟာ သွားပိုးစားခြင်းနဲ့ သွားဖုံးနာခြင်းတို့လို ပြဿနာမျိုးတွေကို ထိရောက်စွာကုသပေးနိုင်ပြီး ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ကြောင်းလည်း သိရှိရပါတယ်။ 

၃။ အရိုးများ သန်မာစေခြင်း 

ကလျာဏီမှာ ဗီတာမင် ကေ ပမာဏအများအပြားပါဝင်နေခြင်းဟာ အရိုးကျန်းမာရေးအတွက် အကျိုးများစေတာ ဖြစ်ပါတယ်။ ဗီတာမင် ကေ ချို့တဲ့မှု လွန်ကဲမယ်ဆိုရင် အရိုးပါးတာမျိုးတွေနဲ့ အရိုးကျိုးတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ကလျာဏီအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 

၄။ သွေးဆုံးကိုင်မှုကို သက်သာစေခြင်း 

အမျိုးသမီးများ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်အတွင်း အီစထရိုဂျင် (estrogen) ပမာဏဟာ သဘာဝအတိုင်း ကျဆင်းသွားလေ့ရှိပါတယ်။ အဲ့ဒီလို ကျဆင်းသွားတဲ့အခါမှာ ပူပြင်းမှုခံစားရခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ စိတ်တိုခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလို လက္ခဏာတွေ လျော့ပါးသက်သာသွားစေဖို့တွက် ကလျာဏီကို တိုင်းရင်းဆေးအနေနဲ့ (သို့မဟုတ်) ဖြည့်စွက်စာအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလျာဏီမှာ အီစထရိုဂျင် (estrogen) နဲ့တူတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေတာကြောင့် အထက်ဖော်ပြပါ ပြဿနာတွေကို ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ 

၅။ အသားအရည် ကောင်းမွန်စေခြင်း 

ကလျာဏီကို အသားအရည်ထိန်းသိမ်းပေးတဲ့ သဘာဝဆေးအနေနဲ့ အလှကုန်ပစ္စည်းတွေမှာ အသုံးပြုကြလေ့ရှိပါတယ်။ ကလျာဏီကို အခြောက်လှန်းပြီး လက်ဖက်ရည်မှာ ထည့်သွင်း သောက်သုံးပေးခြင်းဖြင့်လည်း ကျန်းမာနုပျိုတဲ့ အသားအရည်ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ကြောင့် အရေပြားပျက်စီးတာမျိုးတွေနဲ့ အရေပြားရောင်ရမ်းတဲ့ ပြဿနာမျိုးတွေကိုလည်း ကူညီပေးနိုင်ပါတယ်။ 

ကလျာဏီရဲ့ ကောင်းကျိုးတွေမျှဝေပြီးတဲ့နောက်မှာ အပင်စိုက်ပျိုးခြင်းနဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်အချို့ကို မျှဝေပေးသွားပါမယ်။ ကလျာဏီကို များသောအားဖြင့် နွေဦးနဲ့ ဆောင်းရာသီလို ကာလမျိုးတွေမှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ နွေရာသီမှာတော့ ပန်းပွင့်လေ့ရှိပြီး အပြာ (သို့မဟုတ်) ခရမ်းရောင် ပန်းပွင့်များကို တွေ့ရှိနိုင်ပါတယ်။ မွှေးကြိုင်တဲ့ ရနံ့ ကောင်းကောင်းရရှိဖို့ဆိုရင် တနေ့ကို အနည်းဆုံး ၆ နာရီလောက် နေရောင်တိုက်ရိုက်ရရှိနိုင်မယ့် နေရာမျိုးမှာ စိုက်ပျိုးသင့်ပါတယ်။ အက်စစ်ဓာတ်အနည်းငယ်ဆန်တဲ့ မြေကို ကြိုက်နှစ်သက်ပြီး သဲဆန်တဲ့မြေနဲ့ နုန်းအနည်းငယ်ပါဝင်တဲ့ မြေတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ရေငတ်ဒဏ်ခံနိုင်ရည်ရှိပြီး အစိုဓာတ်အသင့်အတင့်ရှိရုံနဲ့ ကောင်းစွာရှင်သန်နိုင်ပါတယ်။ ကလျာဏီအပင်ဟာ မြေဩဇာလည်း အများကြီးကျွေးစရာ မလိုတဲ့အပင်ဖြစ်ပါတယ်။ မြေဩဇာအများအပြား ကျွေးခဲ့ရင် ၎င်းရဲ့ မွှေးကြိုင်တဲ့အနံ့ကို နည်းပါးသွားစေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။ မြေဩဇာကျွေးတဲ့အခါ သဘာဝမြေဩဇာ ထည့်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မျိုးစေ့ကနေ စိုက်ပျိုးတဲ့အခါ ၇၅ ရက်သားခန့်မှာ အရွက်တွေကို ခူးဆွတ် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

https://www.thespruce.com/ 

https://www.healthline.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်