စိုက်ခင်းများတွင် တမာဆီအသုံးပြုခြင်း  

08/10/2020 11:45 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

     ဓာတုပိုးသတ်ဆေးများနဲ့ ဓာတ်မြေသြဇာများဟာ ၂၀ ရာစု “စိမ်းလန်းသောတော်လှန်ရေး” ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဓာတုပိုးသတ်ဆေးများမှာ ပိုးမွှားများအား နှိမ်နင်းရာတွင် ထိရောက်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းကြီးများမှသည် စိုက်ခင်းငယ်လေးများအထိ တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြပါတယ်။ သို့သော်မကြာသေးမီ ဆယ်စုနှစ်များအတွင်း ပိုးသတ်ဆေးများအသုံးပြုခြင်း၏ အားနည်းချက်များနှင့် အန္တရာယ်များကို စတင်တွေ့ရှိလာခဲ့ပါတယ်။ ၎င်းတို့ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံကြောင့် သဘာဝဂေဟစနစ်များနဲ့  လူ့ခန္ဓာကိုယ်များတွင်ဖြစ်ပျက်နေသော အန္တရာယ်ရှိသည့် ဖြစ်စဉ်များနောက်ကွယ်မှ ဇာတ်ဆောင်တစ် ဦးဖြစ်လာပါတယ်။ ဖော်ပြပါ အခြေအနေများကြောင့် အော်ဂဲနစ်ဥယျာဉ်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာများနဲ့ သဘာဝပိုးသတ်ဆေးများကို စတင်သုံးစွဲလာရခြင်းများ ဖြစ်လာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တမာဆီနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ 

တမာဆီဆိုတာ ဘာလဲ? 

     အပင်ပိုးမွှားများကို နှိမ်နင်းရာတွင် အလွန်အသုံးဝင်သော အပင်မှာ တမာပင် ဖြစ်ပါတယ်။ မူရင်းဒေသကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ တမာဆီဟာ အလှကုန်ပစ္စည်းမှ အင်းဆက်ပိုးမွှားများနှိမ်နင်းနိုင်သည်အထိ အသုံးဝင်တဲ့ တန်ဖိုးထားဖွယ်ရာ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ တမာဆီမှာ ပိုးသတ်ဆေးဆိုင်ရာဂုဏ်သတ္တိများရှိခြင်းကြောင့် ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေမှာ အကျိုးကျိုးရှိရှိအသုံးချလို့ရပါတယ်။ တမာဆီဆိုတာ တမာပင်ကနေ အခြားအပင်တွေကို ပေးတဲ့ သဘာဝလက်ဆောင်တစ်ခု ဆိုရင်လည်း မမှားပါဘူး။ 

အင်းဆက်ပိုးမွှားများအား ကာကွယ်နှိမ်နင်းနိုင်ခြင်း 

     တမာဆီဟာ အပင်များအား စားသောက်ဖျက်ဆီးသော အင်းဆက်ပိုးမွှားမျိုးစိတ် ၂၀၀ ကျော်အထိ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ တမာဆီဟာဆိုရင် အင်းဆက် ပိုးမွှားများအနေဖြင့် ဂျပိုးအနွယ်ဝင်ပိုးကောင်များ၊ ပျ၊ ပိုးလောက်ကောင်များ၊ လှေးပိုး၊ ယင်ဖြူ၊ ကမျဥ်းနီ၊ မှက်၊ ကျိုင်းကောင်၊ ငမြှောင်တောင်နဲ့ အခြားအရွက်စား ပိုးကောင်များအား ကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။ တမာဆီတွင် Azadirachtin (အဇာဒီရက်တင်) ဟုခေါ်သော သဘာဝပိုးသတ်ဆေးအာနိသင်ပါရှိပြီး အဖျက်ပိုးများရဲ့ အစာစားချင်စိတ်နှင့် ကြီးထွားမှုကို နည်းအောင်ပြုလုပ်ပေးပါတယ်။ ဒါကြောင့် တမာဆီသုံးပြီးတဲ့နောက် သိပ်မကြာခင်မှာ စိုက်ခင်းအတွက် အန္တရာယ်ရှိတဲ့ ပိုးတွေကို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ တမာဆီဟာဆိုရင် ၎င်းရဲ့ ပြင်းထန်လွန်းတဲ့ အနံ့နဲ့ အင်းဆက်ပိုးမွှားတွေကို မိမိစိုက်ခင်းဆီ နောက်ထပ်မလာအောင် တွန်းလှန်ပေးပါတယ်။ တမာဆီကို ယေဘူယျအားဖြင့် ရေတစ်ဂါလံမှာ ၁၀ စီစီနှုန်း၊ ဆေးဖျန်းပုံး တစ်ပုံးလျှင် ၅၀ စီစီမှ ၆၀ စီစီနှုန်းထည့်သွင်း အသုံးပြုနိုင်ပါတယ်။ မိမိရဲ့စိုက်ခင်းမှာ အဖျက်ပိုးများ မကျရောက်ခင်ကတည်းက ပုံမှန်ကြိုဖျန်းပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

     တမာဆီနဲ့ တမာအဆီကို အခြေခံပြီးထုတ်ထားတဲ့ ပစ္စည်းတွေဟာဆိုရင် အင်းဆက်ပိုးမွှားတွေသာမကဘဲ နီမတုတ်နဲ့ မှိုရောဂါ အချို့ကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ မှိုရောဂါမှာဆိုရင် ဖားဥမှိုရောဂါ၊ အမဲစက် အမဲပြောက်ရောဂါ နဲ့ သံချေးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် တမာဆီဟာ အပင်ဗိုင်းရပ်စ် ကူးစက်မှုကိုလည်း တားဆီးနိုင်ကြောင်း ပြောဆိုမှုများလည်းရှိပါတယ်။  

     တမာသီး အလေးချိန်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို တမာဆီအဖြစ် ထုတ်လုပ်နိုင်ပါတယ်။ တမာဆီကို တမာအစေ့အတွင်းမှာ ရှိတဲ့ အဆံ ကနေထုတ်ယူနိုင်ပါတယ်။  တမာဆီ ထုတ်ယူမှုကနေ ထွက်ရှိတဲ့စွန့်ပစ် ပစ္စည်းမှာ အခြေခံအားဖြင့် အစေ့အဆန်အကြွင်းအကျန်များဖြင့် ဖွဲ့စည်းထားသည့် တမာကြိတ်ဖက် ဖြစ်ပါတယ်။ တမာကြိတ်ဖက်ကိုလည်း ပိုးသတ်ဆေးပြုလုပ်ရာမှာရော၊ မြေသြဇာ ပြုလုပ်ရာမှာပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ တမာကြိတ်ဖက်ကို အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းတွေမှာ ပဋိဇီဝဆေးများရဲ့ အစားထိုးအနေနဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။ တမာကြိတ်ဖက်တွေကို ကပ်ပါးကောင်များ၊ ဘက်တီးရီးယားများနဲ့ မှိုရောဂါများကို ကုသဖို့အတွက် တိရစ္ဆာန်တွေကို အစာကျွေးတဲ့အခါမှာ ရောပြီး ကျွေးလေ့ရှိပါတယ်။ 

     သင်၏စိုက်ခင်းတွင် တမာဆီကို အသုံးပြုမည်ဆိုပါက ရွေးချယ်ရန် ၂ မျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ စီးပွားဖြစ်ထုတ်လုပ်ထားတဲ့ အသင့်သုံး တမာဆီကို ဝယ်ယူအသုံးပြုခြင်းဖြစ်ပါတယ်။ အသင့်သုံးတမာဆီဟာဆိုရင် များသောအားဖြင့် ပိုးသတ်ဆေးအာနိသင်ပါဝင်မှုနည်းတတ်တာကြောင့် ပိုးမွှားတွေကို ကာကွယ်နှိမ်နင်းရာမှာ ထိရောက်မှုတော့ အနည်းငယ်လျော့နိုင်ပါတယ်။ အသင့်သုံးဖြစ်တာကြောင့် ကိုယ်မလိုချင်တဲ့ ဓာတ်ပစ္စည်းအချို့လည်း ပါဝင်ကောင်း ပါဝင်နိုင်တာမို့ အမှန်တကယ်စိတ်ချရတဲ့ တံဆိပ်မျိုးကိုသာ ရွေးချယ်ဝယ်ယူဖို့ အကြံပြုပါတယ်။ 

     ဒုတိယတစ်မျိုးဟာဆိုရင် မိမိကိုယ်တိုင် တမာဆီပြုလုပ်ပြီး သုံးစွဲခြင်း ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြုလုပ်တာကြောင့် မိမိထည့်သွင်းချင်တဲ့ ပစ္စည်းတွေထည့်သွင်းနိုင်သလို၊ လိုချင်တဲ့ ပြင်းအားပမာဏကိုလည်း ရွေးချယ်နိုင်ပါတယ်။ မိမိကိုယ်တိုင်ပြုလုပ်တဲ့အခါမှာ အင်တာနက်ကနေရှာဖွေပြီး ပြုလုပ်လို့ရပေမယ့် ပြင်းအားပမာဏ အနည်းအများကို ချိန်ညှိပြီး လုံလောက်တဲ့ စမ်းသပ်မှုမျိုး ပြုလုပ်ကာ ရလဒ်ကို ၂၄ နာရီထား စောင့်ကြည့်ပြီးမှ စိုက်ခင်းမှာလက်တွေ့အသုံးပြုဖို့ အကြံပြုလိုက်ရပါတယ်။  

ဇင်ထူးနိုင် 

ကိုးကားချက် 

- https://www.trees.com/neem-oil-for-plants

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်