အပင်တွေကို နွားနို့တိုက်ကြည့်တော့...

08/11/2022 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

နွားနို့ အလွယ်တကူ ရနိုင်ပါသလား။ ဒါဆိုရင် သင့်ရဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ ၎င်းကိုအသုံးပြုလို့ရပါတယ်။ နွားနို့ဟာ လူ့ခန္ဓာကိုယ်အတွက်သာမက အပင်များအတွက်လည်း အကျိုးပြုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နွားနို့ဟာ အပင်တွေ ကြီးထွားရှင်သန်စေဖို့အတွက် မြေသြဇာအနေနဲ့ ဆောင်ရွက်ပေးနိုင်တဲ့အပြင် မှိုရောဂါနဲ့ အဖျက်ပိုးတွေကိုပါ ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိနေလို့ပဲ ဖြစ်ပါတယ်။ 

နွားနို့အသုံးပြုခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်များ

နွားနို့ဟာ လူတွေအတွက် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဘီ ထောက်ပံ့ပေးနိုင်သလို အပင်တွေကိုလည်း တူညီတဲ့ အာဟာရဂုဏ်သတ္တိတွေ ရရှိစေနိုင်တာကြောင့် အကျိုးဖြစ်ထွန်းစေတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။

ကယ်လ်စီယမ်ဓာတ်ဟာ အပင်တွေကြီးထွားဖို့အတွက် ကူညီပေးနိုင်တဲ့အပြင် ကယ်လ်စီယမ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ အသီးပုပ်ခြင်း (ထိပ်ပုပ်၊ ဖင်မဲပုပ်) - blossom end rot ကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အဆိုပါအခြေအနေကို ခရမ်းချဉ်သီး၊ ငရုတ်သီးနဲ့ သခွားမွှေးသီးတွေမှာ အများဆုံး တွေ့ရှိရပါတယ်။ 

နွားနို့မှာရှိနေတဲ့ မှိုဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေဟာ သိပ္ပံပညာအသိုင်းအဝိုင်းမှာ ကောင်းစွာသုတေသန ပြုထားတာဖြစ်ပြီး အထူးသဖြင့် စပျစ်သီးကဲ့သို့ စီးပွားရေးအရအရေးပါတဲ့ သီးနှံအများအပြားကို ထိခိုက်စေနိုင်တဲ့ ဖားဥမှိုရောဂါတွေကို ကုသရာမှာ အောင်မြင်တဲ့ရလဒ်တွေ ရှိခဲ့ပြီးဖြစ်ပါတယ်။ နွားနို့ရည်ကို ရောဂါဖြစ်ပေါ်မှ ကုသခြင်းထက် ကြိုတင်ကာကွယ်ပြီး အသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အပင်ပေါ်မှာ ဖားဥမှိုတွေမတွေ့ရခင် ပူနွေးစိုစွတ်တဲ့ ရာသီဥတုအခြေအနေမှာကတည်းက ကြိုတင်အသုံးပြုသင့်ပါတယ်။ အပင်စိုက်ပျိုးနေတဲ့သူတွေဆိုရင်တော့ အတွေ့အကြုံအရ ရောဂါဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေနဲ့ အချိန်ကာလတွေကို သိရှိပြီးသား ဖြစ်တဲ့အတွက် ကြိုတင်အသုံးပြုနိုင်ပါတယ်။ 

နွားနို့ဟာ အပင်တွေကို ကြီးထွားရှင်သန်စေတယ်ဆိုပေမဲ့လည်း အစွမ်းထက်တဲ့ ရောဂါပျောက်ဆေးတော့ မဟုတ်ပါဘူး။ အလွန်အကျွံသုံးစွဲတဲ့အခါ နွားနို့ထဲမှာ ပါဝင်နေတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် အပင်ကြီးထွားမှုကို နှောင့်နှေးစေပြီး ညှိုးနွမ်းမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် နွားနို့ထဲမှာ ပါဝင်နေတဲ့ အဆီဓာတ်တွေဟာ အနံ့အသက်ဆိုးကို ဖြစ်စေနိုင်ပြီး မလိုင်ထုတ်ယူထားတဲ့ နွားနို့တွေကတော့ အချို့သော သီးနှံတွေမှာ အမဲပုပ်၊ ပျော့ပုပ်နှင့် အော်တာနေရီးယား ရွက်စက်ပြောက်ရောဂါ (စောပင်နာကျရောဂါ) တွေကို ဖြစ်စေနိုင်ပါတယ်။

နွားနို့ကို အပင်တွေမှာ ဘယ်လိုအသုံးပြုမလဲ 

နွားနို့ကိုအသုံးပြုရာမှာ တနိုင်တပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေနဲ့ အိမ်တွင်းအလှစိုက်အပင်တွေမှာဆိုရင် ပိုပြီးသင့်တော်ပါတယ်။ အသုံးပြုရာမှာ လတ်ဆတ်သော၊ သက်တမ်းလွန်နေသော၊ ကျိုချက်ထားသော၊ အမှုန့်ပုံစံပြုလုပ်ထားသော မည်သည့်အမျိုးအစားမဆိုကို ကောင်းစွာဖျော်စပ်ထားသရွေ့ ဥယျာဉ်စိုက်ခင်းတွေမှာ အသုံးပြုနိုင်ပါတယ်။ မလိုင်ထုတ်ထားတဲ့နွားနို့ သို့မဟုတ် သဘာဝအတိုင်းကိုအသုံးပြုတာထက် အဆီပါဝင်မှုနည်းတဲ့ (၁ - ၂ ရာခိုင်နှုန်း) နွားနို့တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ 

နွားနို့အသုံးပြုရာမှာ အချိုးအစား အတိအကျရယ်လို့တော့ မလိုအပ်ပါဘူး။ ယေဘုယျအားဖြင့် နွားနို့နဲ့ ရေကို ၅၀ - ၅၀ ဆတူအချိုးနဲ့ရောစပ်ပြီး ဖျန်းမယ့်ဘူးထဲ လောင်းထည့်အသုံးပြုရုံပါပဲ။ အပင်တွေကို ထိခိုက်ပျက်စီးစေမယ့်အစား ဥယျာဉ်စိုက်ခင်းတွေကို အမှန်တကယ်အကျိုးပြုကြောင်း သေချာစေဖို့အတွက် နွားနို့ရည်လောင်းခြင်းကို လက်တွေ့လုပ်ဆောင်သင့်ပါတယ်။ 

နွားနို့အရောအနှောကို အပင်ရဲ့ အရွက်တွေအပေါ်မှာ တိုက်ရိုက်ဖျန်းနိုင်ပြီး နို့ရည်ကိုစုပ်ယူကြောင်း သေချာစေရန် မိနစ် ၃၀ ခန့်အကြာမှာ ပြန်ပြီးစစ်ဆေးသင့်ပါတယ်။ ထိုအချိန်ထိ အရွက်ပေါ်မှာ အရည်တွေ ကျန်ရှိနေသေးပါက ရေစိုအ၀တ်စနဲ့ ညင်သာစွာသုတ်ပေးရပါမယ်။ ခရမ်းချဉ်သီးကဲ့သို့သော အပင်တွေဆိုရင် အရွက်ပေါ်မှာ အရည်တွေ အချိန်ကြာကြာရှိနေပါက မှိုရောဂါ ဖြစ်ပွားနိုင်တာကြောင့် ဖြစ်ပါတယ်။ အမြစ်များ အလွယ်တကူစုပ်ယူနိုင်စေမယ့် အပင်ခြေရင်းရှိ မြေဆီလွှာထဲကိုလည်း နွားနို့ရည်ကို တိုက်ရိုက်လောင်းပေးနိုင်ပါတယ်။ 

နွားနို့ရည် ပက်ဖြန်းအသုံးပြုလိုတဲ့ စိုက်ခင်းဧရိယာ ကျယ်ဝန်းမယ်ဆိုပါက ဥယျာဉ်ခြံမြေသုံး ပိုက်တွေနဲ့ ဖျန်းစက်တွေကို အသုံးပြုသင့်ပါတယ်။ ခန့်မှန်းခြေအားဖြင့် နွားနို့ ၁ လီတာဆိုရင် ပေ ၂၀ ပတ်လည်ရှိတဲ့ အကျယ်အဝန်းအတွက် လုံလောက်ပြီး နွားနို့ ၅ ဂါလံဆိုရင်တော့ ၁ ဧက အကျယ်အဝန်းမှာ အသုံးပြုနိုင်ပါတယ်။

နွားနို့ရည်ကို ၁၀ - ၁၄ ရက်လျှင်တစ်ကြိမ် ပုံမှန်အသုံးပြုလို့ရပါတယ်။ ပုံမှန်အသုံးပြုခြင်းဖြင့် ရောဂါမရှိတဲ့အပင်တွေဆိုရင် ရောဂါကင်းစင်ပြီး ရောဂါကျရောက်နေတဲ့ အပင်တွေဆိုရင်တော့ ပြန်လည်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ မှိုများ ထပ်မံမတွေ့ရတော့ဘဲ ရာသီဥတု ပူနွေးစိုစွတ်မှု မရှိတော့သည့်တိုင်အောင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ 

နွားနို့ရည်ကို အသုံးပြုရာမှာ အကျိုးရှိပြီး ကောင်းစွာတုံ့ပြန်နိုင်တဲ့ အပင်တွေရှိပါတယ်။ ၎င်းအပင်တွေကတော့ ပန်းသီး၊ သခွား၊ စပျစ်၊ ရွှေဖရုံ၊ သခွားမွှေး၊ ခရမ်းချဥ် စတဲ့ အပင်တွေ ဖြစ်ပါတယ်။ 

နွားနို့ရည်  အသုံးပြုပြီးတဲ့နောက် အပင်ကြီးထွားမှုကို အထောက်အကူပြုနိုင်တဲ့ နို့ရည်အတွင်းရှိ ဘက်တီးရီးယားတွေကို သေစေနိုင်မယ့် ဓာတုပိုးသတ်ဆေး သို့မဟုတ် ဓာတုမြေသြဇာတွေ သုံးစွဲခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ အပင်တွေပေါ်မှာ နွားနို့ရည်အသုံးပြုပြီးနောက် အနည်းငယ်မနှစ်မြို့ဖွယ် အနံ့အသက်ရှိနေနိုင်ပါတယ်။ သို့ပေမယ့် အချိန်ကြာရှည်စွာရှိမှာမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ အနံ့အသက် ပျောက်သွားပါလိမ့်မယ်။ ဇင်ထူးနိုင်

Ref: https://www.thespruce.com/using-milk-for-plant-care-4082485

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်