မာယာများတဲ့ နတ်သမီးထောင်ချောက် အပင်

21/04/2020 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အင်္ဂလိပ်အမည် Venus Fly Trap

သိပ္ပံအမည် Dionaea muscipula

နတ်သမီးထောင်ချောက် အပင်ကိုတော့ တော်တော်များများမြင်ဖူးကြမှာပါ။ အမေရိက နဲ့ အမေဇုန်သစ်တောထဲမှာ အများဆုံးတွေ့ရတာဖြစ်ပြီး ယင်ကောင်ဖမ်းပင် (သို့မဟုတ်နတ်သမီးထောင်ချောက်ပင်လို့လည်း ခေါ်ကြပါတယ်။ ဒီအပင်တွေကို အမေရိကန်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း စွတ်စိုတဲ့ ဒေသတွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ ယနေ့အခါမှာတော့ နေရာဒေသ အသီးသီးမှာ အလှစိုက်ပင်အနေနဲ့ အိမ်တွေမှာပါ စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။

နတ်သမီးထောင်ချောက် အပင်တွေဟာ စိုထိုင်းဆများပြီး အက်စစ်ဓာတ်များတဲ့ မြေအမျိုးအစားကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့်သူတို့ကို စိုစွတ်ပြီး အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ တောတွေထဲမှာ အများဆုံးတွေ့ရတာ ဖြစ်ပါတယ်။ စိုထိုင်းဆများတာကို ကြိုက်နှစ်သက်သလို ပန်းပွင့်နိုင်ဖို့အတွက်လည်း နေရောင်ခြည် ကောင်းကောင်းရရှိဖို့လည်း လိုအပ်ပါတယ်။

နတ်သမီးထောင်ချောက်အပင်ဟာ ၎င်းရှင်သန်ကြီးထွားရာ နေရာကနေ ဘေးပတ်လည် အချင်းအားဖြင့် ၅ လက်မ ဝန်းကျင်အထိ ဖြန့်ကျက်ပေါက်ရောက်နိုင်ပါတယ်။ အပင်တစ်ပင်မှာ ယေဘူယျအားဖြင့် ပင်စည် ၆ ခုအထိ ရှိပြီး ပင်စည်ရဲ့ ထိပ်ပိုင်းမှာ အရွက်တွေပါရှိပါတယ်။ အရွက်ရဲ့ အနားသတ်တွေမှာ သွားပုံစံ အချောင်းများပါရှိပါတယ်။ သားကောင်လာလို့ အရွက်တွေပိတ်လိုက်တဲ့အခါ သွားပုံစံအချောင်းတွေ ရှိနေတဲ့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်သွားတာ ဖြစ်ပါတယ်။

၎င်းအပင်တွေမှာ ပါရှိတဲ့ ပါးစပ်ပုံသဏ္ဍာန်အရွက် ၂ ခုဟာ သားကောင်ကိုအာရုံခံနိုင်ပါတယ်။ ထို့အပြင် သွားပုံသဏ္ဍာန်အစိတ်အပိုင်းများပါရှိပြီး ၎င်းတို့ဟာသားကောင်ကို ပြန်မထွက်နိုင်အောင် တားဆီးပေးပါတယ်။ အပင်ရဲ့ အစာချေခြင်း လုပ်ငန်းဟာ အများအားဖြင့် ၁၀ရက် ခန့်ကြာပါတယ်။ သူ့အမြစ်တွေဟာ မြေကြီးမှအာဟာရကို လုံလောက်အောင် မစုပ်ယူနိုင်တာကြောင့် သူအသက်ရှင် ရပ်တည်ရေးအတွက် အင်းဆက်များကို စားသောက်ရခြင်းဖြစ်ပါတယ်။ အပင်ရဲ့ ပုံသဏ္ဍာန်ဟာ လှပသလို အနံ့ကလည်း ဆွဲဆောင်မှုရှိတာကြောင့် အဆင်းအနံ့တွေနဲ့ ယင်ကောင်အပါအဝင် အင်းဆက်တွေကို ဆွဲဆောင်ပြီး လာနားတဲ့အခါမှာတော့ ဟထားတဲ့ အရွက်နှစ်ရွက်နဲ့ ဖမ်းအုပ်ပြီး စားသောက်ပစ်လိုက်တာ ဖြစ်ပါတယ်။

အိမ်မှာ အလှစိုက်အပင်အနေနဲ့ စိုက်မယ်ဆိုရင်တော့ ရေလောင်ပေးဖို့ လိုအပ်ပါတယ်။ ရေလောင်းရာမှာ သတိထားရမယ့်အချက်ရှိပါတယ်။ တွင်းရေလောင်းခြင်းကို အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ တွင်းရေထဲမှာ သတ္တုဓာတ်နဲ့ ဓာတုဓာတ်အချို့ ပါဝင်တဲ့ အတွက် အပင်ကို ထိခိုက်နိုင်လို့ ဖြစ်ပါတယ်။ ထို့ကြောင့် မိုးရေ (သို့မဟုတ်သန့်စင်တဲ့ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ အိမ်မှာစိုက်မယ်ဆိုရင် အပင်စိုက်ပျိုးမယ့် ပတ်ဝန်းကျင်ဟာလည်း အထက်မှာ ဖော်ပြခဲ့သလို စိုထိုင်းဆ များတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်ရပါမယ်။ စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းရှိရမှာ ဖြစ်ပြီး နေ့အပူချိန်ဟာလည်း ၂၁ ဒီဂရီ စင်တီဂရိတ် နဲ့ ၂၃ ဒီဂရီ စင်တီဂရိတ်ရှိရမှာ ဖြစ်ပါတယ်။ နတ်သမီးထောင်ချောက် အပင်ဟာ နေ့ရော ညပါ အေးတဲ့အခြေအနေကို ကြိုက်နှစ်သက်ခြင်းမရှိတဲ့ အပင်ဖြစ်ပါတယ်။

 နတ်သမီးထောင်ချောက်အပင်တွေကို ဘာမြေသြဇာမှ ကျွေးစရာမလိုပါဘူး။ စိုစွတ်တဲ့ ပတ်ဝန်းကျင်တစ်ခုရှိနေမယ်ဆိုရင် မြေဆီသြဇာနည်းတဲ့ မြေတွေမှာတောင် ရှင်သန်ကြီးထွားနိုင်ကြပါတယ်။ ဒီအပင်ဟာ သူရှင်သန်ကြီးထွားနိုင်ဖို့ အာဟာရအနေနဲ့ မြေသြဇာအစား အင်းဆက်တွေသာ လိုအပ်တာဖြစ်ပါတယ်။

အပင်ဟာ အင်းဆက်တွေကို ဖမ်းယူစားသောက်ပေမယ့် သူကိုထိခိုက်စေတဲ့ အင်းဆက်ပိုးတွေလည်း ရှိပါတယ်။ ပျ၊ ကြမ်းပိုး၊ ခရု၊ ပက်ကျိ စတဲ့ အကောင်တွေဟာလည်း တစ်ခါတစ်ရံ အပင်ကို ပျက်စီးစေတတ်ပါတယ်။ နွေဦးနဲ့ ဆောင်းဦးလို အချိန်အခါမျိုးတွေမှာ ဆိုရင်တော့ မှိုရောဂါတစ်ချို့ကျရောက် တတ်တာလည်း ရှိတာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။

နတ်သမီးထောင်ချောက်အပင်တွေဟာလည်း အခြားအပင်တွေလိုပဲ မျိုးပွားကြပါတယ်။ သူတို့ဟာပန်းပွင့်ပြီး ရက်သတ္တပတ် ၄ ပတ်ကနေ ၆ ပတ် အကြာမှာ အစေ့များရင့်မှည့်လာပြီး အမည်းရောင်ပြောင်းကာ သစ်တော်သီး ပုံစံဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ အစေ့များမှ တစ်ဆင့် အပင်အသစ်များ ပွားများပေါက်ရောက်လာမှာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ အပင်သစ်တစ်ပင်လိုချင်တယ် ဒါမှမဟုတ် စိုက်ပျိုးချင်တယ်ဆိုရင်တော့ မျိုးစေ့ကနေရလာမယ့် အပင်ထက် အနီးအနားမှာ ရှိနေတဲ့ ပျိုးခြံ (သို့မဟုတ်အွန်လိုင်းကနေပဲ မှာယူဖို့ အကြံပေးပါရစေ။ နတ်သမီးထောင်ချောက်လို အသားစားပင်တွေကို မျိုးစေ့ကနေ အပင်သစ်ရရှိဖို့ လုပ်ဆောင်ရတာဟာ ငြီးငွေ့ဖွယ်ကောင်းအောင် စောင့်ရမှာဖြစ်သလို အနီးကပ်ပြုစု စောင့်ရှောက်မှုလည်းလိုအပ်ပြီး အပင်ရရှိမှုဟာလည်း ရာခိုင်နှုန်းအတော်လေး နည်းလို့ဖြစ်ပါတယ်။

ဒါပေမယ့် နတ်သမီးထောင်ချောက် အပင်တွေဟာ လိင်မဲ့ နည်းနဲ့လည်း မျိုးပွားနိုင်ကြပါသေးတယ်။ အပင်ရဲ့ အမြစ်တွေဟာ မြေအောက်မှာ ဖြန့်ကျက်ကြီးထွားနိုင်ပြီး မြေအောက်ပင်စည် (မှ တစ်ဆင့် အပင်အသစ်တစ်ပင် ထပ်မံထွက်လာနိုင်တာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် စိုက်ပျိုးတဲ့ သူတွေအနေနဲ့ ထွက်လာတဲ့ အပင်အသစ်နဲ့ မြေအောက်ပင်စည် (ကို မူလ မိခင်အပင်မှ ဖြတ်ယူပြီး စိုက်ပျိုးပွားများနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအိမ်မှာ အလှစိုက်မယ်ဆိုရင်တော့ တမူထူးခြားတဲ့ နတ်သမီး ထောင်ချောက်လို အပင်လေးတွေလည်း တစ်နိုင်တစ်ပိုင် စိုက်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

ဇင်ထူးနိုင်

ကိုးကားချက်

https://www.thutazone.net/2019/03/22/

https://www.livescience.com/58021-venus-flytrap-facts.html

gardeningchannel.com

 ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်