နီမတုတ်တိုင်း သီးနှံကို ဖျက်စီးတာလား?

14/02/2024 16:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကောင်းမွန်သော ဥယျာဉ်စိုက်ခင်းမြေဆိုတာ သက်ရှိတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပြည့်နှက်နေတာမျိုး ဖြစ်ပါတယ်။ မြေဆီလွှာရဲ့ အောက်ခြေမှာဆိုရင် အဏုဇီဝသက်ရှိများ၊ အင်းဆက်များနဲ့ ကျောရိုးမဲ့သတ္တဝါများ ပါဝင်နေပြီး မြေဆီလွှာဟာ သက်ရှိဂေဟစနစ်တစ်ခုလုံးဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မြေဆီလွှာရဲ့အောက်ဘက်မှာ အကျိုးပြုတဲ့ သက်ရှိတွေရှိနေသလို ကျွန်ုပ်တို့ စိုက်ပျိုးထားတဲ့ မြက်ခင်း၊ ပန်းပင်များ၊ ဟင်းသီးဟင်းရွက်များနဲ့ ဆေးဖက်ဝင်ဟင်းခတ်အပင်များရဲ့ အမြစ်ကို ပျက်စီးစေနိုင်သော (သို့မဟုတ်) ရောဂါပြန့်ပွားစေနိုင်သော သက်ရှိများလည်း ရှိနေကြတာဖြစ်ပါတယ်။ 

နီမတုတ်လို့ဆိုလိုက်ရင် သီးနှံပင်တွေကို ပျက်စီးထိခိုက်စေတဲ့ အကောင်တွေဆိုပြီး ပြေးမြင်မိကြမှာပါ။ ဒီဆောင်းပါးမှာတော့ အကျိုးပြု နီမတုတ်တွေရဲ့အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အကျိုးပြု နီမတုတ်တွေဟာ ကျွန်ုပ်တို့ရဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အင်းဆက်ပိုးမွှား ပြဿနာအချို့ကို ဖယ်ရှားရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

နီမတုတ် (Nematodes) ဆိုတာ ဘာလဲ ?

နီမတုတ်ဆိုတာ သေးငယ်တဲ့အဏုဇီဝအကောင်ငယ်လေးတွေဖြစ်ပြီး များပြားတဲ့ဆဲလ်ကလာပ်စည်းတွေနဲ့ ဖွဲ့စည်းထားကာ အဆစ်အပိုင်းတွေမပါဝင်တဲ့ လုံးဝန်းသောသက်ရှိတွေဖြစ်ကြပါတယ်။ ဒီသက်ရှိ အကောင်ငယ်လေးတွေကို ပုံကြီးချဲ့ပြီးမကြည့်ရင် မြေဆီလွှာထဲမှာ သန်းနဲ့ချီပြီးရှိနေတဲ့ နီမတုတ်တွေကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ နီမတုတ်မျိုးစိတ် ၈၀,၀၀၀ ခန့်မှာ ၂,၅၀၀ ခန့်ကသာ ကပ်ပါးပြုကြတာ ဖြစ်ပါတယ်။ ၎င်းတို့အနက် အချို့နီမတုတ်တွေကတော့  သီးနှံပင်တွေမှာ ကပ်ပါးပြုပြီး ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။ 

နီမတုတ်အားလုံးဟာ အန္တရာယ်ရှိတာတော့ မဟုတ်ပါဘူး။ အများစုဟာ မြေဆီလွှာဂေဟစနစ်မှာ ပါဝင်နေတဲ့ သာမန်သက်ရှိတွေပဲ ဖြစ်ပါတယ်။ အမှန်တကယ်တော့ မြေဆီလွှာထဲမှာရှိနေတဲ့ အချို့သော နီမတုတ်တွေဟာလည်း ကျွန်တော်တို့ရဲ့ ဥယျာဥ်ခြံမြေတွေကို အကျိုးပြုနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ အကျိုးပြု နီမတုတ်တွေဟာ အန္တရာယ်ရှိစေတဲ့ အချို့သော ဘက်တီးရီးယား၊ မှိုနဲ့ အင်းဆက်ပိုးမွှားတွေရဲ့ သားလောင်းတွေကိုပါ စားသောက်ကြတာ ဖြစ်ပါတယ်။

ဥယျာဉ်စိုက်ခင်းတွေအတွက် အရေးကြီးတဲ့ နီမတုတ်အမျိုးအစား နှစ်ခုကတော့ အမြစ်ဖုနီမတုတ် (root-knot nematodes) နဲ့ အကျိုးပြု နီမတုတ် (beneficial nematoes) တို့ပဲ ဖြစ်ကြပါတယ်။ ၎င်းတို့ ၂ မျိုးစလုံးဟာ ကပ်ပါးပိုးတွေဖြစ်ကြပြီး အပင်ရဲ့ အမြစ်ပတ်ပတ်လည် စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ကြတာ ဖြစ်ပါတယ်။ သူတို့ ၂ မျိုးရဲ့ အဓိက ကွာခြားချက်က အမြစ်ဖုနီမတုတ် Meloidogyne spp တွေဟာ အပင်ရဲ့ အမြစ်စနစ်ထဲကို ထိုးဖောက်ဝင်ရောက်ကာ ဖျက်ဆီးခြင်းဖြင့် အပင်များကို ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။

Steinernema carpocapsae နဲ့ Heterorhabditis bacteriophora ကဲ့သို့ အကျိုးပြု နီမတုတ်တွေကတော့ မြေဆီလွှာမှာ ပေါက်ပွားတဲ့ အင်းဆက်ပိုးမွှားများကို နှိမ်နင်းရာမှာ သဘာဝဆန်ပြီး ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်ပါတယ်။ အဆိုပါ နီမတုတ် အမျိုးအစားတွေကတော့ လူ၊ တိရစ္ဆာန်နဲ့ မြေဆီလွှာမှာ ကာလကြာရှည် နေထိုင်ခြင်းမရှိတဲ့ အခြားအင်းဆက်ပိုးမွှားများကို မထိခိုက်စေနိုင်ပါဘူး။ ၎င်းတို့ရဲ့ ဘဝစက်ဝန်း တစ်စိတ်တစ်ပိုင်းအတွက်သာ  မြေဆီလွှာအောက်မှာ ရှိနေကြတာ ဖြစ်ပါတယ်။

အခြား နီမတုတ် အမျိုးအစားများစွာကတော့ အပင်နဲ့ အင်းဆက်ပိုးမွှားများကို ကပ်ပါးပြုတာမဟုတ်ဘဲ မှို၊ ဘက်တီးရီးယားနဲ့ အခြားသော နီမတုတ်များအပေါ်မှာ ကပ်ပါးပြု နေထိုင်စားသောက်ကြတာ ဖြစ်ပါတယ်။ အဆိုပါမျိုးစိတ်တွေကတော့ မြေဆီလွှာထဲမှာရှိတဲ့ အော်ဂဲနစ်ဒြပ်စင်များကို ဖြိုခွဲပြီး အပင်အတွက် အာဟာရဓာတ်ရရှိအောင် ကူညီပေးကြတာ ဖြစ်ပါတယ်။ 

အဖျက်ပိုးမွှား ထိန်းချုပ်မှုအတွက် အကျိုးပြုနီမတုတ်များ

အကျိုးပြုနီမတုတ်တွေကို သီးနှံစိုက်ခင်းများ၊ အလှစိုက် မြက်ခင်းများ၊ ဥယျာဉ်စိုက်ခင်းများ၊ ပျိုးခင်းများနဲ့ သစ်သီးခြံများမှာ အဖျက်ပိုးထိန်းချုပ်ဖို့အတွက် အသုံးပြုကြတာဖြစ်ပါတယ်။ ထိုကဲ့သို့ အသုံးပြုနိုင်ဖို့အတွက် ယေဘုယျအားဖြင့် နီမတုတ် မျိုးစိတ် ၅ ခုကို စီးပွားဖြစ်ရရှိနိုင်ပါတယ်။ မျိုးစိတ်တစ်ခုချင်းစီမှာ သီးခြား နှိမ်နင်းပေးနိုင်တဲ့ အင်းဆက်ပိုးမွှားတွေလည်း ရှိနေတာဖြစ်ပါတယ်။

ဥယျာဥ်စိုက်ခင်းတွေမှာ တွေ့ရတတ်တဲ့အင်းဆက်ပိုးမွှား အများအပြားဟာ ပုံမှန်အားဖြင့် မြေအောက်မှာ နေထိုင်ပေါက်ပွားကြတာ ဖြစ်ပါတယ်။ အကျိုးပြုနီမတုတ်တွေဟာ ၎င်းတို့အတွက် အလားအလာရှိတဲ့ လက်ခံကောင်တွေကို ရှာဖွေပြီးနောက် အဖျက်ပိုးမွှားတွေရဲ့ ဓာတုဗေဒဆိုင်ရာ လက္ခဏာတွေကို ဖော်ထုတ်ပြီး ကပ်ပါးပြုကာ ဖျက်ဆီးကြတာဖြစ်ပါတယ်။ အကျိုးပြု nematode တွေရဲ့ သက်တမ်းဟာ နှစ်ပတ်ခန့် ရှိတာဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ အကျိုးပြုနီမတုတ်များကနေ အောင်မြင်စွာ ထိန်းချုပ်ကာကွယ်နိုင်တဲ့ အင်းဆက်ပိုးမွှားများကို ဖော်ပြထားတာ ဖြစ်ပါတယ်။ 

- ရွက်ဖြတ်ပိုး (cutworm) 

- ငမြှောင်တောင်ပိုး (armyworm) 

- ပိုးလောက်ကောင် (wireworm) 

- မှိုမှက် (fungus gnat)

- japanese beetle 

- ပိုးတောင်မာ သားလောင်း (common turf grub)

- ကောက်နှံပိုး (weevil) 

နီမတုတ်တွေကို အဖျက်ပိုးနှိမ်နင်းဖို့ ဘယ်လိုအသုံးပြုမလဲ

နီမတုတ်တွေကို ကျွန်တော်တို့ နိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာမျိုး မရှိကြသေးပါဘူး။ အကျိုးပြု nematodes တွေကို အသုံးချဖို့ စဉ်းစားရာမှာ အရေးကြီးဆုံးအချက်က ရွေးချယ်ထားတဲ့ နီမတုတ်အမျိုးအစားဟာ ကျွန်ုပ်တို့ အဓိကပစ်မှတ်ထားတဲ့ အဖျက်ပိုးမွှားကို နှိမ်နင်းနိုင်သလားဆိုတာ သေချာစေဖို့ ဖြစ်ပါတယ်။ အကျိုးပြု နီမတုတ်တွေဟာ ပေါ့ပါးပြီး အပူချိန်ကို အထိခိုက်မခံနိုင်ဘဲ အေးသော သို့မဟုတ် ခြောက်သွေ့သော ပတ်ဝန်းကျင်တွေမှာ ထိရောက်မှုနည်းတာကြောင့် မိမိအသုံးပြုမဲ့နေရာဒေသရဲ့ ရာသီဥတုနဲ့ကိုက်ညီမဲ့ နီမတုတ် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

အကျိုးပြု နီမတုတ်တွေဟာ ၎င်းတို့ရဲ့ ဘဝစက်ဝန်း တတိယအဆင့်မှာသာ ပိုးမွှားထိန်းချုပ်မှုအဖြစ်နဲ့ ထိရောက်မှုရှိတာ ဖြစ်ပါတယ်။ ၎င်းတို့ကို ၂၁ ဒီဂရီစင်တီဂရိတ် ရှိတဲ့ အပူချိန်မှာဆိုရင် လပေါင်းများစွာ သိမ်းဆည်းထားနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ကို အအေးခန်း ထဲမှာ အချိန်မည်မျှကြာအောင် ထားနိုင်တယ်ဆိုတာကတော့ မျိုးစိတ်ပေါ်မှာ မူတည်ပါတယ်။ ၎င်းတို့ကို နောင်တစ်ချိန် အသုံးပြုဖို့ဆိုပြီး ရေနဲ့ရောကာ သိမ်းဆည်းထားတာမျိုးလည်း ပြုလုပ်လို့မရပါဘူး။  

သိုလှောင်သိမ်းဆည်းတာ စနစ်တကျမရှိတဲ့အခါ အကျိုးပြု နီမတုတ်တွေဟာ ရေမြှုပ်၊ ဂျယ်၊ အမှုန့် သို့မဟုတ် အရည်ပုံစံ ဖြစ် ပေါ်လာနိုင်ပါတယ်။ နီမတုတ်ပါဝင်တဲ့ အိတ် (သို့မဟုတ်) ဘူးကို ဖွင့်ပြီးတာနဲ့ အကုန်လုံးကို တစ်ခါတည်း အသုံးပြုသင့်ပါတယ်။ မနှစ်မြို့ဖွယ်ကောင်းတဲ့ ငါးပုပ်ကဲ့သို့ အနံ့အသက်ဆိုးကို ရရှိတယ်ဆိုရင်တော့ သက်တမ်းလွန်နေတာ ဖြစ်နိုင်တဲ့အတွက် လုံးဝ အသုံးမပြုသင့်ပါဘူး။

အကျိုးပြု နီမတုတ်တွေကို အသုံးပြုတဲ့အခါ မနက်အစောနဲ့ ညနေခင်းတွေမှာ အသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။ အသုံးမပြုခင်မှာ အသုံးပြုမဲ့နေရာကို ရေ ၂ လက်မအနက် စိမ့်ဝင်တဲ့အထိ ရေလောင်းပေးထားသင့်ပါတယ်။ အဆိုပါ နီမတုတ်တွေကို ရေနဲ့ရောစပ်ပြီး ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီးပါက အဆိုပါသက်ရှိတွေ မြေဆီလွှာထဲ ဝင်ရောက်နိုင်ဖို့အတွက် ဒုတိယအကြိမ် ရေလောင်းရပါမယ်။ အသုံးပြုထားတဲ့ နေရာကို ၂ ပတ်ခန့်အထိ အစိုဓာတ် အသင့်အတင့်ရှိနေအောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်