ပီလောပီနံဟာ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာနဲ့ တိရစ္ဆာန်အစာအတွက် အဓိကကျတဲ့ အပင်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ တစ်နှစ်လျှင် တန်ချိန် သန်း ၁၆၀ ခန့် ထွက်ရှိပြီး ကမ္ဘာ့အဓိကစားသုံးသီးနှံများထဲမှာလည်း ပါဝင်ပါတယ်။ ပီလောပီနံကို အများအားဖြင့် အနောက်အာဖရိကနဲ့ ကွန်ဂိုမြစ်ဝှမ်းဒေသ၊ အပူပိုင်းတောင်အမေရိကဒေသ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ စတဲ့ ဒေသကြီးသုံးခုမှာ အဓိကစိုက်ပျိုးကြပါတယ်။
ပီလောပီနံဟာ အမြင့်အားဖြင့် ၇ မီတာ ပင်စည်အချင်းအားဖြင့် ၂၀ စင်တီမီတာအထိ ရှိနိုင်ပြီး နှစ်ရှည်ခံ အပင်ပျော့မျိုး (သို့မဟုတ်) အပင်ငယ်မျိုးဖြစ်သည်။
ပင်စည် တစ်ခုတည်း (သို့မဟုတ်) အနည်းငယ်သာရှိပြီး ကိုင်းအနည်းငယ်သာ ဖြာထွက်တတ်ပါတယ်။

စိုက်ပျိုးဖြစ်ထွန်းသည့် ရာသီဥတု
ယေဘုယျအားဖြင့် ပီလောပီနံဟာ ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ အပူချိန်ဟာ အရေးကြီးတဲ့အချက်ဖြစ်ပြီး အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှာဆိုရင်တော့ အပင်ရဲ့ကြီးထွားမှုအားလုံး ရပ်တန့်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နှစ်ပတ်လုံး ဆီးနှင်းကင်းစင်တဲ့ ဒေသတွေမှာ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ အပူချိန်အားဖြင့် ပျမ်းမျှ ၂၅ - ၂၇ ဒီဂရီစင်တီဂရိတ်ရှိပြီး အမြင့်ပေ ၁၅၀ မီတာအောက်ရှိသော အပူပိုင်းမြေနိမ့်ပိုင်းဒေသတွေမှာဆိုရင် (ဥ) အထွက်နှုန်း အကောင်းဆုံးရရှိနိုင်မှာဖြစ်ပြီး အချို့သော မျိုးစိတ်တွေကတော့ အမြင့်ပေ ၁၅၀၀ မီတာအထိ ပေါက်ရောက်နိုင်ကြပါတယ်။
မိုးရေချိန် အသင့်အတင့် ရရှိပါက အပင် ကောင်းကောင်းဖြစ်ထွန်းနိုင်ပြီး နှစ်စဉ်မိုးရေချိန် ၅၀၀ မီလီမီတာလောက်သာရှိသော ဒေသများမှာသာမက ၅၀၀၀ မီလီမီတာအထိ များပြားသည့် ဒေသများမှာလည်း စိုက်ပျိုးနိုင်ပါတယ်။ ဒီအပင်ဟာ အခြားသော သီးနှံအများစုကို ပျက်စီးဆုံးရှုံးစေနိုင်သော ကာလရှည်ကြာ မိုးခေါင်ရေရှားသည့်ဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်ပါတယ်။ ထို့ကြောင့် နှစ်စဉ်မိုးရေချိန်နည်းပါးသော ဒေသများ သို့မဟုတ် မိုးရွာသွန်းမှုမမှန်သော ဒေသများအတွက် အဖိုးတန်တဲ့ သီးနှံတစ်ခုဖြစ်စေပါတယ်။
ပီလောပီနံပင်ရဲ့ အပင်ငုပ်လျှိုးကာလ (ကြီးထွားမှုရပ်တန့်သည့်ကာလ) မှာ နှစ်လမှ သုံးလခန့်အထိ ကြာမြင့်တတ်ပြီး မိုးပြန်လည်ရွာသွန်းချိန်မှာ ၎င်းတို့ရဲ့ကြီးထွားရှင်သန်မှုကို ပြန်လည်စတင်လေ့ ရှိပါတယ်။
ပီလောပီနံဟာ စားနပ်ရိက္ခာသီးနှံတွေထဲမှာ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) နဲ့ စွမ်းအင်ကို အထိရောက်ဆုံး ထုတ်လုပ်ပေးနိုင်တဲ့ သီးနှံတစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့ ဥဟာ ကမ္ဘာပေါ်မှာ ကစီဓာတ် (starch) အများဆုံးရရှိသော အရင်းအမြစ်များထဲမှ တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံအလိုက် အသုံးပြုပုံ ကွဲပြားနိုင်ပေမဲ့ ၎င်းကို အဓိကအားဖြင့် လူတွေ စားသုံးရန်အတွက် အသုံးပြုကြပြီး တိရစ္ဆာန်အစာနဲ့ စက်မှုလုပ်ငန်းတွေအတွက်ကတော့ အသုံးပြုတာနည်းပါတယ်။
ပီလောပီနံဟာ အပူပိုင်းဒေသထွက် ဥစား (အမြစ်) သီးနှံဖြစ်ပြီး ဥများရရှိရန်အတွက် အနည်းဆုံး ၈ လခန့် ပူနွေးသောရာသီဥတုကို လိုအပ်ပါတယ်။ သို့ပေမဲ့လည်း အေးလွန်းသော သို့မဟုတ် ခြောက်သွေ့လွန်းသော ဆိုးရွားတဲ့ ရာသီဥတုအခြေအနေမျိုးမှာ ဆိုရင်တော့ ဥထွက်ရှိဖို့ရာ ၁၈ လ သို့မဟုတ် ထိုထက်မက ကြာမြင့်နိုင်ပါတယ်။
ပီလောပီနံဟာ မိုးရေချိန်များတဲ့နေရာတွေမှာ စိုက်ပျိုးနိုင်တယ်ဆိုပေမဲ့ ရေဝပ်တဲ့ဒဏ်ကိုတော့ ခံနိုင်ရည်မရှိပါဘူး။ မိုးခေါင်ရေရှားတဲ့ ဒေသတွေမှာဆိုရင် အစိုဓာတ်ကို ထိန်းသိမ်းဖို့ရာအတွက် အပင်ဟာ ၎င်းရဲ့အရွက်တွေကို ကြွေစေပြီး မိုးပြန်ရွာသောအခါမှ အရွက်သစ်များ ပြန်လည်ထွက်ရှိလာတတ်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။