ကိုယ်ခံအားကောင်းဖို့ အထူးသင့်တော်တဲ့ ကြက်စွပ်ပြုတ်

12/07/2021 11:30 AM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

    ကိုယ်ခံအားကောင်းဖို့ ကိုယ်ခံအားကောင်းဖို့ဆိုပြီး ပြောနေရင်းနဲ့ပဲ အရသာလည်းရှိ အာဟာရလည်းဖြစ်စေတဲ့ ကြက်စွပ်ပြုတ်လုပ်နည်းကို အစိမ်းရောင်လမ်းက မျှဝေချင်ပါတယ်။

    ဒီချိန်မှာက နေထိုင်လို့မကောင်းရင်ဘဲဖြစ်ဖြစ် နေလို့ကောင်းနေတာပဲဖြစ်ဖြစ် ကိုယ်ခံအားမြှင့်တင်ဖို့အတွက် အာဟာရဖြည့်စွက်ပေးတဲ့အနေနဲ့ တစ်ပတ်တစ်ခါတော့ ကြက်စွပ်ပြုတ်လေး သောက်ပေးသင့်ပါတယ်။ နေထိုင်မကောင်းလို့ ထမင်းစားလို့မရသေးရင် စွပ်ပြုတ်လေးကို အစားထိုးစားပါ။

    လွယ်ကူပြီး အရသာရှိစွာချက်စားနိုင်မယ့် ကြက်စွပ်ပြုတ်ထဲမှာ...

ကြက်သား  (အိမ်မိသားစုလိုအပ်သလောက်)

ဆား

ချင်း

ငရုတ်ကောင်း

ကြက်သွန်ဖြူ တစ်ဥ

ကြက်သွန်နီ ၂ လုံး

ကြက်သွန်မြိတ်

မုန်လာဥဖြူ 

  • ဝယ်လာတဲ့ကြက်သားကို ရေနဲ့ပြောင်အောင်ဆေးပြီး ဆားအနည်းငယ်နဲ့ပွတ်ပါ။ တစ်ကောင်လုံးသုံးချင်ရင်တော့ ကလီစာတွေထုတ်ထားဖို့လိုပါမယ်။
  • ဆားနဲ့နယ်ထားပြီးသား ကြက်သားကို ရေအေးနဲ့နောက်တစ်ကြိမ်ဆေးပါ။ နောက် ရေခြောက်အောင်စစ်ပါ။
  • ဆေးထားပြီးသော ကြက်သား၊ တစ်ပြားရိုက်ထားပြီးတဲ့ ကြက်သွန်ဖြူ၊ လှီးထားပြီးတဲ့ကြက်သွန်နီ၊ ပါးပါးလှီးထားသော ချင်းနဲ့ ငရုတ်ကောင်းအနည်းငယ်တို့ကို အိုးထဲကိုထည့်ပါ။
  • လိုချင်သော အရသာတွက် ဆား၊ ငံပြာရည်အကြည် ထည့် (အများကြီးထည့်စရာမလိုပါဘူး ကြက်သားမှာ မူလအရသာရှိနေပြီးသားမို့ပါ)၊ ရေကို ကြက်သားမြုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့တည်ထားပါ။ 
  • ရေဆူပြီး အပေါ်မှာ အမြှုပ်လေးတွေတက်လာရင် ခပ်ထုတ်ပေးလိုက်ပါ။ ကြက်သားပမာဏပေါ်မူတည်ပြီး မိနစ် ၃၀ ကနေ ၅၀ ထိပြုတ်ရပါတယ်။
  • တစ်ချို့ကျတော့ မီးအေးအေးလေးနဲ့ ၂ နာရီလောက်ထိပြုတ်ပါတယ်။ မီးပူပူနဲ့ အချိန်တိုတိုပြုတ်တာထက် မီးအေးအေးနဲ့ အချိန်ကြာကြာပြုတ်ပေးထားတဲ့အသားက ပိုစားလို့ကောင်းပါတယ်။
  • လိုချင်တဲ့အသားအနေအထားရပြီဆိုရင် ပါးပါးလှီးထားတဲ့ မုန်လာဥဖြူကိုထည့်ပေးပါ။ ငါးမိနစ်လောက်ပြုတ်ပြီး မုန်လာဥဖြူအနေအထားသင့်ပြီဆိုရင် အရသာအပေါ့အငန်ပြင်ပြီး ကြက်သွန်မြိတ်လေးကို ဖြူးထည့်လိုက်ပါနော်။
  • ဒါဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြက်စွပ်ပြုတ်လေးကို ကြက်သွန်နီသုပ်လေးနဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသောက်လို့ရပါပြီ။

    ကြက်စွပ်ပြုတ်ကဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဖျားနာတဲ့အခါ ကျွန်တော်တို့ရဲ့ အစာချေစနစ်ကို ကျန်းမာအောင်ထားဖို့လိုအပ်ပါတယ်။ စားလိုက်သမျှအစားအစာထဲက ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအစာချေစနစ်ရဲ့အဓိကတည်ဆောက်မှုတစ်ခုဖြစ်တဲ့ Glucosamine (ဂလူကိုစမင်း) ဓာတ်ကို ကြက်အရိုးတွေကနေ ထုတ်ပေးပါတယ်။ ဒါကြောင့် ကြက်စွပ်ပြုတ်က အူလမ်းကြောင်းကိုသန့်စင်စေပြီး အစာကြေလွယ်စေတာပါ။ ကြက်သားမှာကြွယ်ဝစွာပါဝင်တဲ့ Carnosine (ကာနိုစင်း) ဒြပ်ပေါင်းတစ်မျိုးက လည်ချောင်းနဲ့ နှာခေါင်းကို ရှင်းစေတယ်လို့ လေ့လာချက်တွေအရတွေ့ရပါတယ်။ ထိုဒြပ်ပေါင်းက သွေးဖြူဆဲလ်တွေရွေ့ပြောင်းခြင်းကို ရပ်တန့်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းခြင်းများကို သက်သာစေပါတယ်။ 

    စွပ်ပြုတ်ပူပူလေးသောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့အပူချိန်ကို မြှင့်တင်ပေးပြီး နွေးနွေးလေးဖြစ်စေပါတယ်။  ခန္ဓာကိုယ်အတွင်းက ရေဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်လို့ ကြက်စွပ်ပြုတ်ကိုသောက်ဖို့ မမေ့ပါနဲ့။

    ကြက်စွပ်ပြုတ် ပြုတ်သောက်တဲ့နေရာမှာ ကိုယ်လိုချင်သလို အာဟာရတွေကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်တွေ ထည့်သောက်ပါ။ ဇီးသီး၊ ဟင်းချက်ဝိုင်၊ ရှီတာကီမှို စတာတွေကိုလည်း ထည့်ကြတာတွေ့ရပါတယ်။ ကိုယ်နဲ့တည့်ပြီး ပစ္စည်းလည်းအလွယ်တကူရှိတဲ့ ပါဝင်ပစ္စည်းတွေကို ရွေးချယ်ပြီး စားသောက်နိုင်ကြောင်းလည်း စကားလက်ဆောင်ပါးလိုက်ပါရစေ။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်များကို အောက်ပါလင့်မှ ကိုးကားဖော်ပြပါသည်။

Ref:https://www.bbcgoodfood.com/howto/guide/will-chicken-soup-really-cure-your-cold


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်