ကြက်သားစစ်ပွဲ ၂၀၂၅

02/05/2025 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကုန်သွယ်ရေးစစ်ပွဲဟာ တစ်ကမ္ဘာလုံးအတွက် အခက်အခဲ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် ကုန်သွယ်ရေးစစ်ပွဲကြောင့်ပဲ အခက်အခဲကနေ ထွက်ပေါက်ရသွားသူတွေ၊ အခွင့်အလမ်းသစ် ရှာတွေ့သူတွေ ရှိ‌နိုင်ပြန်ပါတယ်။ ၂၀၂၅ ကုန်သွယ်ရေးစစ်ပွဲထဲက စစ်ပွဲငယ်တစ်ခုဖြစ်တဲ့ ကြက်သားဈေးကွက်အကြောင်းကနေတဆင့် လေ့လာကြည့်ရအောင်ပါ။ 

တရုတ်ပြည်ရဲ့ ကြက်သားတင်သွင်းမှုက ၂၀၂၅ မှာ သိသိသာသာ လျော့ကျသွားဖို့ ရှိသလို ပြည်တွင်းထုတ်လုပ်မှုက မြင့်တက်လာဖို့ ရှိနေပါတယ်။ 

အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ရဲ့ ဘေကျင်းအခြေစိုက် Foreign Agricultural Service (FAS) ရဲ့ အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ဒီနှစ်ထဲမှာ ကြက်သားတန်ချိန် ၃၈၀,၀၀၀ သာ တင်သွင်းတော့မှာ ဖြစ်ပါတယ်။ ၂၀၂၄ တုန်းက တန်ချိန် ၄၉၅,၀၀၀ တင်သွင်းခဲ့တာမို့ ၂၃% ကျော် လျော့ကျမယ့် သဘောပါ။ တန်ချိန် ၇၅၆,၀၀၀ တင်သွင်းခဲ့တဲ့ ၂၀၂၃ နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး (၄၉.၇%) လျော့ကျသွားတာကို တွေ့ရပါတယ်။ 

အဓိက အကြောင်းတွေကတော့ (၁) ပြည်တွင်း ထုတ်လုပ်မှု မြင့်မားလာတာ၊ (၂) စားသုံးနှုန်းက မြင့်တက်မလာတော့ဘဲ တန်းသွားတာ၊ (၃) ငွေလဲနှုန်း နဲ့ (၄) ကူးစက်ရောဂါ တွေကြောင့် ဖြစ်နိုင်ပါတယ်။ 

ကုန်သွယ်ရေးစစ်ပွဲ မတိုင်မီ ဖေဖော်ဝါရီလလောက်ကတည်းက အမေရိကန်မှာ ကြက်ဥဈေးနှုန်း အဆမတန်မြင့်တက်ပြီး ပြဿနာတက်နေချိန် တရုတ်ပြည်မှာလည်း ကြက်သားဈေးထိုးကျပြီး ပြဿနာတက်နေခဲ့တာပါ။ တရုတ်ပြည်တွင်းမှာ အသားတိုးကြက် မွေးမြူရေးနဲ့ ကြက်သားထုတ်လုပ်မှု မြင့်တက်လာတာကြောင့် ရောင်းလိုအားပိုလျှံမှု (oversupply) ဖြစ်ပြီး ဈေးကျတာပါ။ ဈေးတက်တာနဲ့ ဈေးကျတာက ဆန့်ကျင်ဘက် ပဋိပက္ခတွေပေမယ့် နှစ်ခုစလုံးက ကောင်းလှတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ 

၂၀၂၄ ခုနှစ် တရုတ်ပြည်ရဲ့ ကြက်သားထုတ်လုပ်မှုက တန်ချိန် ၁၄.၁ သန်း ဖြစ်ပြီး ၂၀၂၃ ကထက် ၁.၆% တိုးလာတာဖြစ်ပါတယ်။  

တစ်ဖက်မှာက တရုတ်ပြည်သူတွေဟာလည်း ကိုဗစ်-၁၉ နောက်ပိုင်းကစလို့ ငွေသုံးတာ လျှော့ချလာကြပါတယ်။ ချွေတာလာကြပါတယ်။ ဝယ်ယူမှုနည်းလာတဲ့အတွက် စားသုံးသူဈေးဆနှုန်းကိန်း(consumer price index -CPI) ဟာ မနှစ်က ၀.၂% ပဲ တိုးလာတယ်လို့ ဆိုပါတယ်။ ကြက်သားထုတ်လုပ်မှုက တိုးလာပြီး ဝယ်လိုအားက ကျလာလို့ ဈေးနှုန်းကလည်း ထိုးကျပါတယ်။ 

တရုတ်ပြည်အရှေ့ပိုင်း ရှန်တုန်းပြည်နယ်မှာ အသားတိုးကြက် အရှင်ဈေးနှုန်းဟာ ၂၀၁၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ အနိမ့်ဆုံးဈေးနှုန်းအထိ ပြန်ကျဆင်းသွားတယ်လို့ South China Morning Post - SCPM သတင်းစာက ဖေဖော်ဝါရီလထဲမှာ ဖော်ပြခဲ့ပါတယ်။ "တစ်ပတ်အတွင်း ကြက်အရှင် တစ်ကျင် (ကီလိုဝက်) ဈေးက ၃.၄ ယွမ်ကနေ ၂.၅ ယွမ် ကို ထိုးဆင်းသွားတာ" ဆိုတဲ့ မွေးမြူသူတစ်ဦးရဲ့ အတွေ့အကြုံကိုလည်း SCPM က ဖော်ပြခဲ့ပါတယ်။ ၂၀၁၈ တုန်းက ကြက်အရှင် တစ်ကီလိုကို တရုတ်ငွေ ၅ ယွမ် (တစ်ကျင်ကို ၂.၅ ယွမ်) ရှိခဲ့တာပါ။

တရုတ်ပြည်အ‌နေနဲ့ ပြည်တွင်းမှာ ကြက်သားဈေးနှုန်း ထိုးကျနေချိန် ပြည်ပက ကြက်သားတင်သွင်းမှုကို သဘာဝကျစွာ လျော့ချရမှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်ရင်တောင် ကြက်သားတင်သွင်းမှုက မဖြစ်မနေ လျော့ချရမယ့် အနေအထားပါ။  The Wall Street Journal (WSJ) ရဲ့ သတင်းအရ ၂၀၂၄ မှာ တရုတ်နိုင်ငံအ‌နေနဲ့

အမေရိကန်ဆီက ကြက်သားဝယ်ယူမှုဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ဖိုး ရှိခဲ့ပြီး ၂၀၂၃ ကထက် ၂၅% လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာက တရုတ်ငွေတန်ဖိုးက ကျလာပါတယ်။ အများစုကတော့ တရုတ်ဟာ သူ့ငွေတန်ဖိုးကို တမင် ချနေတာလို့ ယူဆကြပါတယ်။ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ထုတ်ကုန်တွေရဲ့ ဈေးနှုန်း သက်သာနေခြင်းအားဖြင့် အခွန်တိုးမြှင့်မှုကို အထိုက်အလျောက် ကုစားနိုင်မယ်၊ ဒါ့အပြင် ဈေးကွက်မှာ တရုတ်ပစ္စည်းကို နိုင်ငံခြားငွေနဲ့ ဝယ်ယူတဲ့အခါ တရုတ်ငွေတန်ဖိုးကျနေလို့ ဈေးပိုသက်သာသွားပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ပိုသာသွားမယ်လို့ တွက်ကြတာပါ။ 

ဒါပေမယ့် သွင်းကုန်ကျပြန်တော့ ငွေတန်ဖိုးကျလေ တရုတ်ပြည်တွင်းမှာ ဈေးကြီးလေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သွင်းကုန်ကို လျော့လာကြမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကြက်သားပါ ပါလာတော့တာပါပဲ။ 

တရုတ်ပြည်က်ု ကြက်သားတင်သွင်းမှု အများဆုံးက ဘရာဇီးလ် ဖြစ်ပြီး တင်သွင်းမှုစုစုပေါင်းရဲ့ ၆၅-၇၀% လောက် ရှိပါတယ်။ သူ့နောက်က အမေရိကန် ရှိနေပါတယ်။ ဘရာဇီးလ်မှာ ၂၀၂၄ ခုနှစ်က လည်လိမ်ရောဂါဖြစ်ပြီး ကြက်သား တင်ပို့တာ လျော့ချလိုက်လို့ တရုတ်ရဲ့ သွင်းကုန်လည်း လျော့သွားပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရောဂါငြိမ်လို့ ပြန်ပို့မယ်ဆိုပေမယ့် တရုတ်ကတော့ ရောဂါဖြစ်တဲ့ဒေသက ကြက်သားကို တင်သွင်းခွင့် ပေးဖို့ အချိန်ဆွဲထားတုန်းပါ။ ဒီတော့ ၂၀၂၅ မှာ ဘရာဇီးခ်ကြက်သား တင်သွင်းမှု လျော့ကျဦးမယ့် သဘောပါ။ 

အမေရိကန်ကြက်သားကိုလည်း ကြက်ငှက်တုပ်ကွေးရောဂါကြောင့် သွင်းခွင့် ပိတ်ထားတာတွေ မနှစ်ကတည်းက ရှိခဲ့ပါတယ်။ အခုတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ပိတ်ထားတာတွေ ပြန်ပွင့်လာဖို့ မလွယ်တော့ပါဘူး။ ပွင့်သွားလည်း အခွန်ရာခိုင်နှုန်းကြောင့် တင်သွင်းဖို့ ခက်နေဦးမှာပါ။ 

ကုန်သွယ်ရေးစစ်ပွဲ အသစ်ကို ဧပြီလ ၂ ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က စတင်လိုက်ပြီး တရုတ်ကုန်စည်တွေအပေါ် အခွန် ၃၄% စည်းကြပ်လိုက်တယ် ဆိုရင်ပဲ တရုတ်က လက်စားချေတဲ့အနေနဲ့ အမေရိကန်ထုတ်ကုန်တွေအပေါ် ၃၄% အခွန်စည်းကြပ်လိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်က ကြက်သားတင်ပို့တဲ့ Mountaire Farms of Delaware Inc. နဲ့ Coastal Processing LLC တို့ထံက ကြက်သားတွေကို တင်သွင်းခွင့် ပိတ်လိုက်ပါတယ်။ တားမြစ်ဆေးဝါးတွေ ကြက်သားထဲ ပါနေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ 

တပြိုင်နက်တည်းမှာ ကြက်သားထွက် တိရစ္ဆာန်အစာတင်ပို့တဲ့ အမေရိကန် ကုမ္ပဏီ ၃ ခု ဖြစ်တဲ့ American Proteins Inc. ၊ Mountaire Farms နဲ့ Darling Ingredients Inc တို့ထံက တိရစ္ဆာန်အစာ (Meat and Bone Meal - MBM) တင်သွင်းခွင့်ကိုလည်း ပိတ်လိုက်ပြန်ပါတယ်။

ဆိုလိုတာက ၂၀၂၅ ကုန်သွယ်ရေးစစ်ပွဲကြားမှာ ကြက်သားဟာ လက်နက်တစ်ခုအဖြစ် ပါဝင်နေတယ် ဆိုတာပါပဲ။ 

ဒီနေရာမှာ မမျှော်လင့်ဘဲ အဆင်ပြေသွားနိုင်တာက တရုတ် မွေးမြူရေးသမားတွေပါ။ နဂိုက oversupply ဖြစ်နေတဲ့ ဈေးကွက်ဟာ သွင်းကုန်တွေ လျော့သွားလို့ ဈေးကျတာတွေ အရှိန်လျော့လာနိုင်ပါတယ်။ အရှုံးနဲ့ ရင်ဆိုင်နေရာကနေ အထိုက်အလျောက် ပြန်အဆင်ပြေလာဖို့ ရှိပါတယ်။ ကုန်သွယ်စစ်ကြောင့် ထွက်ပေါက်ရပြီး အသက်ရှူချောင်မယ့် သဘောလို့ ယူဆရပါတယ်။

ကုန်သွယ်‌ရေးစစ်ပွဲကြောင့် တရုတ်မွေးမြူရေးသမားတွေသာမက ကမ္ဘာ့ ကြက်သားကုန်သွယ်ရေးကဏ္ဍကြီး တစ်ခုလုံးမှာလည်း အပြောင်းအလဲတွေ ရှိလာမှာပါ။ တချို့က ကုန်သွယ်ရေးစစ်ပွဲကြောင့် အထိနာသလို တချို့က အခွင့်အလမ်းတွေ ပေါ်လာပါလိမ့်မယ်။ နိုင်ငံအလိုက်၊ လုပ်ငန်းအလိုက်တော့ ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဥပမာ ဒေသတွင်းမှာ ကြက်သားတင်ပို့မှု မြင့်မားတဲ့ ထိုင်းနိုင်ငံဟာ တရုတ် နဲ့ အမေရိကန်ကြားမှာ ဘယ်လိုဈေးကွက်ရှာမလဲ၊ ကစားမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ တရုတ်ဟာ ကြက်သားတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ထိုင်းကတော့ ကမ္ဘာ့ပဉ္စမအများဆုံး ကြက်သားတင်ပို့သူ ဖြစ်ပါတယ်။ 

တစ်ဖက်မှာက အမေရိကန်ဟာ နိုင်ငံအားလုံးကို အခွန်နဲ့ ခြိမ်းခြောက်ပြီး တရုတ်ကို အထီးကျန်အောင် လုပ်ဖို့ ကြိုးစားနေပါတယ်။ တရုတ်ကလည်း ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်နဲ့ ပေါင်းပြီး တရုတ်ကို ဒုက္ခပေးတဲ့နိုင်ငံတွေကို ပြန်လက်စားချေမယ်လို့ သတိပေးထားပါတယ်။ 

ဘာတွေဖြစ်လာမလဲ ဆက်ပြီး စောင့်ကြည့်ရပါဦးမယ်။၁၉၆၀ ပြည့်လွန်နှစ်တွေက အမေရိကန်နဲ့ ဥရောပအကြား ဖြစ်ပွားခဲ့တဲ့ ကြက်သားစစ်ပွဲ နည်းတူ ဒီနေ့ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ "ကြက်သားစစ်ပွဲ ၂၀၂၅" လို့ နာမည်မတပ်ထားပေမယ့် ကြက်သားစစ်ပွဲတစ်ရပ်လည်း တစ်တွဲတည်း ဖြစ်ပွားနေတယ် ဆိုတာလေး မြင်သာအောင် မီးမောင်းထိုး ဖော်ပြလိုက်ရပါတယ်။ ကုန်သွယ်ရေးစစ်ပွဲ အလယ်က ဝက်သားနဲ့ အမဲသား ဈေးကွက်အကြောင်းလည်း ဆက်ဆွေးနွေးနိုင်ဖို့ ကြိုးစားပါဦးမယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်