ခရမ်းချဉ်ကို နေကြာနဲ့တွဲဖက်စိုက်ရင် ရမယ့် အကျိုးကျေးဇူး (၅) ခု

28/12/2023 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သီးနှံပင်တွေကို အတူတကွ ယှဥ်တွဲစိုက်ပျိုးကြလေ့ရှိတဲ့ "အဖော်ပင်စိုက်ပျိုးနည်း" အကြောင်းကိုတော့ တောင်သူတွေ သိရှိထားပြီးဖြစ်ပါလိမ့်မယ်။ အဖော်ပင်စိုက်ပျိုးခြင်းဆိုတာ သီးနှံပင်တွေ တစ်ပင်နဲ့တစ်ပင် အပြန်အလှန် အကျိုးပြုဖို့အတွက် မတူညီတဲ့ အပင်မျိုးစိတ်များကို တွဲဖက်စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ တွဲဖက်စိုက်ပျိုးတဲ့ အခြေအနေပေါ်မူတည်ပြီး အပင်တစ်ပင်ဟာ အခြားတစ်ပင်ကို အကျိုးပြုနိုင်သလို အပင်နှစ်မျိုးစလုံးဟာလည်း ၎င်းတို့အချင်းချင်းရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ သီးနှံအထွက်နှုန်းကို အပြန်အလှန်မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ဒီနည်းလမ်းဟာ သီးနှံစိုက်ခင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကိုမြှင့်တင်ပေးရုံသာမက ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုပြီးသားဖြစ်သလို စိုက်ပျိုးတဲ့သူတွေအတွက်လည်း ကွဲပြားတဲ့ အစာအာဟာရအမျိုးမျိုးကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။

ထို့နည်းတူ နေကြာနဲ့ ခရမ်းချဥ်ကို အတူတကွ စိုက်ပျိုးခြင်းဖြင့်လည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ အဆိုပါနှစ်ပင် တွဲဖက်စိုက်ပျိုးခြင်းဖြင့် အချင်းချင်း ကောင်းစွာအကျိုးပြုနိုင်ကြတာ ဖြစ်ပါတယ်။ ခရမ်းချဉ်ပင်ကနေ လတ်ဆတ်ပြီး အရသာရှိတဲ့ အသီးများကို စိုက်ပျိုးရာသီတစ်လျှောက် မကြာခဏ ခူးဆွတ်ရိတ်သိမ်းနိုင်သလို အခြားတစ်ဖက်မှာလည်း နေကြာပင်တွေဟာ တောက်ပပြီး လှပတဲ့ပန်းပွင့်တွေ ပွင့်နိုင်ကာ ၀တ်မှုန်ကူးအင်းဆက်အချို့ကို စိုက်ခင်းဆီသို့လာရောက်အောင် ဆွဲဆောင်နိုင်တာ ဖြစ်ပါ​တယ်။ ထို့အပြင် နေကြာပင်ဟာ အဖျက်ပိုးတွေအတွက် ထောင်ချောက်အပင်အဖြစ်နဲ့လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ ခရမ်းချဉ်ပင်တွေကို နေကြာပင်တွေနဲ့ တွဲဖက်စိုက်ပျိုးသင့်တဲ့ အကြောင်းရင်း ၅ ခုကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ ခရမ်းချဥ်ပင်ကို ထောက်တိုင်အဖြစ်ကူညီပေးနိုင်ခြင်း

ပုံမှန်အားဖြင့် ခရမ်းချဥ်စိုက်ပျိုးတဲ့အခါ ခရမ်းချဉ်ပင်တွေအတွက် တိုင်ထောင်တာမျိုး ပြုလုပ်ကြရပါတယ်။ ယင်းအစား ခရမ်းချဉ်ပင်တွေကို နေကြာပင်နဲ့ တွဲဖက်စိုက်ပျိုးထားခြင်းဖြင့် သဘာဝအတိုင်း အထောက်အပံ့အနေနဲ့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ နေကြာပင်တွေဟာ ခရမ်းချဉ်ပင်တွေကို ကြီးမားတဲ့ အထောက်အပံ့ပေးနိုင်ပြီး ခရမ်းချဥ်ပင်တွေ ကြီးထွားစေနိုင်ဖို့ ကူညီပေးပါတယ်။ နေကြာပင်တွေဟာ မျိုးစိတ်ပေါ်မူတည်ပြီး အမြင့် ၁၂ ပေ (သို့မဟုတ်) ထို့ထက်ပို၍ ကြီးထွားနိုင်ပါတယ်။ ထိုအမြင့်ဟာ ၎င်းတို့ကြီးထွားလာတာနဲ့အမျှ တိုင်ထောင်ဖို့လိုအပ်နေတဲ့ ခရမ်းချဉ်ပင်တွေအတွက် ပြီးပြည့်စုံသော အဖော်ပင် ဖြစ်လာစေပါတယ်။

နေကြာပင်တွေဟာ ရက်ပေါင်း ၇၀ မှ ၉၅ ရက်ခန့်အတွင်းမှာ ကောင်းစွာရင့်မှည့်ကြပြီး ခရမ်းချဉ်ပင်တွေကတော့ ရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်း ရင့်မှည့်ကြတာ ဖြစ်ပါတယ်။ ခရမ်းချဉ်ပင်တွေ အပင်အရပ်မြင့်လာပြီး ခရမ်းချဉ်သီးများကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်စေရန်အတွက် နေကြာပင်တွေကို ခရမ်းချဉ်ပင်တွေထက် ၃ ပတ်စောပြီး စိုက်ပျိုးဖို့တော့လိုအပ်ပါတယ်။ သို့မှသာ နေကြာပင်တွေဟာ ခရမ်းချဉ်ပင်တွေထက် အနည်းဆုံး ၄ ပေခန့် ပိုမြင့်နေပြီး အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ နေရောင်ခြည် အပြည့်အဝရရှိတာကို ကြိုက်နှစ်သက်ကြတယ်

ခရမ်းချဉ်ပင်နဲ့ နေကြာပင်တွေဟာ နေရောင်ခြည် အပြည့်အဝရရှိတဲ့နေရာမှာ ရှင်သန်ကြီးထွားနိုင်တဲ့  အဖော်ပင်တွေ ဖြစ်ကြပါတယ်။ အပင် ၂ မျိုးစလုံးဟာ တစ်နေ့လျှင် ၆ နာရီမှ ၈ နာရီအထိ နေရောင်ခြည် ကောင်းစွာရရှိနိုင်တဲ့ နေရာကို ကြိုက်နှစ်သက်ကြပါတယ်။ စိုက်ပျိုးရာသီတစ်လျှောက်မှာ နေကြာနဲ့ ခရမ်းချဉ်ပင်တွေဟာ အပူချိန် ၆၀ မှ ၉၀ ဒီဂရီဖာရင်ဟိုက် (၁၅ - ၃၂ ဒီဂရီစင်တီဂရိတ်) ကို နှစ်သက်ကြတာ ဖြစ်ပါတယ်။ ခရမ်းချဥ်ပင်တွေဟာ နေရောင်ခြည်ကို ကြိုက်နှစ်သက်ပေမဲ့လည်း အပူချိန် ၉၅ ဒီဂရီဖာရင်ဟိုက် (၃၅ ဒီဂရီစင်တီဂရိတ်) ထက် မြင့်မားလာပါက အရွက်များကြွေကျခြင်း၊ အပင်ညှိုးနွမ်းခြင်းနဲ့ အပွင့်များ ကြွေကျခြင်းတို့ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဆိုပါအချိန်မှာ ခရမ်းချဉ်ပင်အား အပူဒဏ်ကနေ ကာကွယ်ပေးဖို့ရာ နေကြာပင်ကနေ အရိပ်ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ အပူချိန်ပြင်းတဲ့ ကာလမှာဆိုရင်တော့ ရေကို ခပ်နက်နက်စိမ့်ဝင်နိုင်တဲ့အထိ လောင်းပေးသင့်ပြီး ရင့်မှည့်နေသော အသီးများ (သို့မဟုတ်) စတင် ရင့်မှည့်စပြုနေသော မည်သည့်အသီးကိုမဆို ခူးဆွတ်ရိတ်သိမ်းသင့်ပါတယ်။

၃။ ဝတ်မှုန်ကူး အင်းဆက်များကို ဆွဲဆောင်နိုင်ခြင်း

ခရမ်းချဥ်နဲ့ နေကြာပင်ကို တွဲဖက်စိုက်ပျိုးခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ နေကြာပင်တွေဟာ ဥယျာဉ်စိုက်ခင်းအတွင်းသို့  ပျား၊ လိပ်ပြာနဲ့ ၀တ်မှုန်ကူးအင်းဆက်များ လာရောက်အောင် ဆွဲဆောင်နိုင်တာပဲဖြစ်ပါတယ်။ နေကြာပင်တွေဟာ ဝတ်မှုန်ကူးဖို့အတွက် အကောင်းဆုံးအပင်တစ်ခုပဲ ဖြစ်ပါတယ်။

ခရမ်းချဉ်ပင်တွေဟာ ပင်တည်းဝတ်မှုန်ကူးတယ်လို့ ယူဆရပေမဲ့ ဝတ်မှုန်ကူးအင်းဆက်တွေကြောင့် ပန်းပွင့်အားလုံးဟာ အသီးအဖြစ်သို့ ပြောင်းလဲသွားနိုင်ချေ ပိုများစေနိုင်တာဖြစ်ပါတယ်။ ထို့ကြောင့် နေကြာပန်း စိုက်ပျိုးထားခြင်းဟာ ဥယျာဉ်စိုက်ခင်းအတွင်းရှိ အခြားသော အပင်များအတွက် အကျိုးရှိစေတာဖြစ်ပါတယ်။ အထူးသဖြင့် အသီးရရှိဖို့အတွက် ဝတ်မှုန်ကူးအင်းဆက်များကို မှီခိုနေရတဲ့ စိုက်ခင်းတွေ အပင်တွေအတွက်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။

၄။ ခရမ်းချဥ်မှာ ကျရောက်တဲ့ ပျပိုးများကိုဆွဲဆောင်နိုင်ခြင်း

ခရမ်းချဥ်ပင်ရဲ့ အနီးနားမှာ နေကြာပန်းအနည်းငယ်စိုက်ပျိုးထားခြင်းဖြင့် ခရမ်းချဉ်ပင်တွေကို ပျပိုး ကင်းစင်အောင် ကူညီပေးနိုင်ပါတယ်။ နေကြာပင်တွေဟာ ပျ ပိုးတွေကိုဆွဲဆောင်ပြီး ခရမ်းချဥ်ပင်ရဲ့ ဝေးရာကို ပို့ဆောင်ပေးကာ ထောင်ချောက်အပင်အဖြစ်နဲ့ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ပျ ပိုးဆိုတာ ခရမ်းချဉ်ပင်တွေကို တိုက်ခိုက်ဖို့ရာ အဖြစ်အများဆုံး အဖျက်ပိုး အမျိုးအစားဖြစ်ပါတယ်။

သေးငယ်လှတဲ့ ပျ ပိုးလေးတွေဟာ ခရမ်းချဉ်ပင်တွေမှာ အုပ်စုဖွဲ့ကျရောက်ပြီး အရွက်များနဲ့ ပင်စည်ကနေ အရည်ကို စုပ်ယူတာ ဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကြီးထွားမှုနှေးကွေးခြင်း၊ အရွက်တွန့်လိပ်ခြင်း (သို့မဟုတ်) အရွက်များညှိုးနွမ်းခြင်းနဲ့ တစ်ခါတစ်ရံမှာ အပင်ရောဂါ ပြဿနာများကိုပါ ဖြစ်ပေါ်စေတတ်ပါတယ်။ နေကြာပင်တွေဟာ ပိုးမွှားအများအပြားရဲ့ တိုက်ခိုက်မှုဒဏ်ကို ပြင်းထန်စွာ ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိတဲ့ အပင်တွေဖြစ်ကြပါတယ်။

၅။ ပိုးနံကောင်၊ ကျောက်ကြမ်းပိုးများ (Stink bugs) ကို ဆွဲဆောင်နိုင်ခြင်း

ခရမ်းချဥ်စိုက်ခင်းမှာ နေကြာပန်းအနည်းငယ် စိုက်ပျိုးထားခြင်းဖြင့် ခရမ်းချဉ်ပင်ကို ပျက်စီးစေမဲ့ သားရဲကြမ်းပိုးများကို ရှောင်ရှားနိုင်ပါတယ်။ ပျပိုး တွေကို ကာကွယ်ပေးနိုင်သကဲ့သို့ နေကြာပင်ဟာ ခရမ်းချဉ်ပင်တွေမှာ ကျက်စားပျော်မွေ့တဲ့ ပိုးနံကောင်များကို သူ့ဆီလာရောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ အဆိုပါ အင်းဆက်တွေဟာ အနက်ရောင်၊ အညိုရောင် (သို့မဟုတ်) အစိမ်းရောင်ရှိပြီး အချို့ကတော့ အဖြူရောင်၊ အနီရောင်၊ ပန်းရောင် (သို့မဟုတ်) အဝါရောင် အမှတ်အသားများလည်း ပါရှိတာဖြစ်ပါတယ်။ 

ပိုးနံကောင်တွေဟာ အသီးတွေမှာ ဖျက်ဆီးထားတဲ့ အမှတ်အသားတွေ ချန်ထားခဲ့ခြင်းဖြင့် သီးနှံကို ပျက်စီးစေတာဖြစ်ပါတယ်။ များသောအားဖြင့် ပင်အပ်နဲ့ ထိုးဖောက်ထားတဲ့ ပုံစံမျိုးပါ။ အဆိုပါပိုးမွှားတွေဟာ ပဲပုပ်၊ ဝါ၊ ရှောက်၊ သံပရာတို့မှာ မှိုရောဂါကို ဖြစ်စေတဲ့တဆေးနှင့် အခြားရောဂါပိုးမွှားများကိုပါ သယ်ဆောင်ပြန့်ပွားစေပြီး အသီးများကို ပျက်စီးယိုယွင်းလာစေတာ ဖြစ်ပါတယ်။

တွဲစိုက်တော့မယ်ဆိုရင်တော့ ခရမ်းချဉ်မစိုက်မီ ၂ ပတ်မှ ၃ ပတ်အလိုမှာ နေကြာပင်ကို ကြိုတင်စိုက်ပျိုးထားသင့်ပါတယ်။ သို့မှသာ ခရမ်းချဉ်သီးအစား နေကြာပန်းပွင့်တွေမှာပဲ အဖျက်ပိုးတွေရှိနေအောင် ဆွဲဆောင်နိုင်မှာမို့လို့ပါ။

ဇင်ထူးနိုင် 

Ref: 

https://www.backyardboss.net/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်