သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်

21/05/2026 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သခွားပင်စိုက်ပျိုးရာမှာ တခါတရံ ခါးတဲ့သခွားသီးတွေ ထွက်ရှိလာတာကို ကြုံတွေ့ဖူးကြမှာပါ။ ဒီလိုခါးတဲ့ အခြေအနေကို သခွားသီးမှာပဲ ကြုံတွေ့ရတတ်တာမျိုးတော့ မဟုတ်ပါဘူး။ အချို့သော အပင်တွေမှာလည်း တခါတရံခါးတဲ့အခြေအနေကို ကြုံတွေ့ရတတ်ပါတယ်။ သခွားသီးတွေမှာ ခါးရခြင်းရဲ့ တကယ့်အကြောင်းရင်းကတော့ ကျူကာဘီတစင် (cucurbitacin) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးကြောင့် ဖြစ်ပါတယ်။ အမှန်တကယ်တော့ ၎င်းဒြပ်ပေါင်းတွေဟာ သခွားသီးတွေထဲမှာ နဂိုကတည်းက ပါဝင်နေတဲ့အရာဖြစ်ပြီး သီးနှံပင်ရဲ့ ကြီးထွားမှုဖြစ်စဉ်အပေါ် မူတည်ပြီးတော့ ဒြပ်ပေါင်းပါဝင်မှု ပမာဏက အဆင့်ဆင့်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ Cucurbitacin ပမာဏ ပါဝင်မှုမြင့်မားလေ သခွားသီးတွေ ပို၍ခါးလေပဲ ဖြစ်ပါတယ်။ အပင်ရဲ့ ကြီးထွားရှင်သန်မှု အခြေအနေကိုကြည့်ပြီး သခွားသီးရဲ့အရသာ ခါးလာနိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ များသောအားဖြင့်တော့ အသီးတွေမှာ ခါးတဲ့ပြဿနာ ဖြစ်ပေါ်လာရခြင်းဟာ ရာသီဥတု (သို့မဟုတ်) မြေဆီလွှာအခြေအနေတွေကြောင့်ဖြစ်ပြီး ၎င်းတို့ကို အလွယ်တကူဖြေရှင်းလို့ ရနိုင်ပါတယ်။ 

သခွားသီးကို ဘာတွေက ခါးစေတာလဲ 

သခွားမျိုးနွယ်ဝင် အပင်အားလုံးနီးပါးမှာ cucurbitacin B နဲ့ cucurbitacin C ဆိုတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ အရွက်တွေကို ခါးသက်စေတဲ့အတွက် အရွက်ကိုစားသုံးတဲ့ သတ္တဝါတွေရဲ့ရန်ကနေ အပင်ကို ကာကွယ်ပေးနိုင်တာမျိုးပါ။ အဆိုပါ ဒြပ်ပေါင်းတွေဟာ များသောအားဖြင့် အပင်ရဲ့ အရွက်နဲ့ ပင်စည်တွေထဲမှာ ရှိနေကြတာဖြစ်ပြီး အပင်ရဲ့ အဆိုပါအစိတ်အပိုင်းတွေကို ကျွန်တော်တို့အနေနဲ့ ပုံမှန်အားဖြင့် စားသုံးလေ့ မရှိတာ (သို့မဟုတ်) နည်းတာကြောင့် ၎င်းတို့မှာ ခါးတဲ့ဓာတ်တွေ ရှိနေတယ်ဆိုတာကို သတိမပြုမိကြတာ ဖြစ်ပါတယ်။ အသီးအနှံတွေထဲကို ခါးတဲ့အရသာတွေ ရောက်ရှိသွားမှသာလျှင် ကျွန်တော်တို့အနေနဲ့ စတင်သိရှိနိုင်ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်ဟာ အသီးတစ်ခုစလုံးကို ခါးသွားစေတာမျိုးတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ခါးသက်တဲ့အရသာဟာ အသီးရဲ့အညှာနဲ့ အခွံရဲ့အောက်ဘက်မှာ ပြင်းအားအများဆုံးဖြစ်ပါတယ်။  

သခွားသီးတွေ ခါးတာကို ကြိုတင်ကာကွယ်ခြင်းနည်းလမ်း

ခါးသက်တဲ့အရသာတွေ သီးနှံအတွင်း ပျံ့နှံ့စေတာနဲ့ပတ်သတ်လို့ သဘောထားကွဲလွဲမှုအချို့ ရှိနေဆဲဖြစ်ပေမဲ့လည်း အဆိုပါအခြေအနေဟာ သခွားသီးတွေ ကြီးထွားနေစဥ်ကာလအတွင်း အမျိုးမျိုးသော ဖိစီးမှု (Stress) တွေကြောင့် ဖြစ်ပေါ်လာရတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ ဒါ့ကြောင့် သခွားသီးတွေကို ခါးလာစေရတဲ့ အဓိကအကြောင်းအရင်းဖြစ်နိုင်တဲ့ အခြေအနေအချို့ကို ရှောင်ရှားနိုင်မယ်ဆိုရင်တော့ ခါးစေတဲ့ပြဿနာပေါ်  အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။  

(၁) ပူပြင်းခြောက်သွေ့သော အခြေအနေများ

ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေ ကြာရှည်စွာရှိနေခဲ့မယ်ဆိုပါက ခါးသက်တဲ့ သခွားသီးတွေကို ဖြစ်ပေါ်လာစေဖို့ရာ အခြေအနေများပါတယ်။ ဒါ့ကြောင့် ၎င်းအခြေအနေမှာ သခွားသီးတွေရဲ့ ခါးသွားတတ်တဲ့ အ‌ခြေအနေကို လျော့နည်းစေဖို့အတွက် ရေကို ကောင်းစွာလောင်းပေးဖို့ လိုအပ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ကာလတွေမှာဆိုရင်တော့ တစ်ပတ်လျှင်အနည်းဆုံး ရေအစိုဓာတ် တစ်လက်မခန့်အနက်အထိ ရရှိအောင် ပြုလုပ်ပေးသင့်ပါတယ်။ စီးပွားဖြစ် အများအပြား စိုက်ပျိုးတယ်ဆိုရင် အပင်တွေအတွက် ရေရရှိမှုလုံလောက်ပြီး အစိုဓာတ် တစ်သမတ်တည်း ရှိစေဖို့အတွက် အစက်ချရေသွင်းစနစ်မျိုးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အပေါ်ယံမြေသား တစ်လက်မခန့် အနက်ထိအောင် အစိုဓာတ်ရှိနေသေးတယ်ဆိုရင်တော့ အပင်တွေကို ရေလောင်းပေးစရာ မလိုပါဘူး။ မြေကြီးကို လုံးဝခြောက်သွေ့သွားလိုက် ရေအများကြီး ပြန်လောင်းလိုက် ပြုလုပ်ခြင်း (Fluctuation) က အပင်ကို ဖိစီးမှု (Stress) ဖြစ်စေပါတယ်။ ဒါကြောင့် ရေကို ပမာဏအတူတူနဲ့ ပုံမှန်အတိုင်း တသမတ်တည်း လောင်းပေးခြင်းက ပိုကောင်းပါတယ်။ အပူချိန်မြင့်တက်လာတဲ့အခါ မြေဆီလွှာ အစိုဓာတ်ထိန်းဖို့နဲ့ ပေါင်းပင်တွေ ပေါက်ရောက်တာကို ကာကွယ်ဖို့ရန်အတွက် အပင်ခြေရဲ့ အနီးတစ်ဝိုက်မှာ မြေဖုံးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ မြင့်တက်လာတဲ့ အခြေအနေမျိုးဆိုရင်တော့ အပင်တွေကိုအရိပ်ရစေဖို့ အကာအကွယ်တွေ ပြုလုပ်ထားပေးသင့်ပါတယ်။ အလွန်ပူပြင်းတဲ့ရာသီမှာ အပူချိန်ရဲ့ ဖိစီးမှုဒဏ်တွေဟာ အသီးတွေကို ခါးသက်တဲ့အရသာ ဖြစ်ပေါ်နိုင်ခြေ ပိုများပါတယ်။

(၂) အာဟာရချို့တဲ့နေသော မြေဆီလွှာ

သခွားသီးတွေခါးရခြင်းရဲ့ နောက်ထပ် အကြောင်းအရင်း အချက်တစ်ချက်ကတော့ မြေဆီလွှာ အာဟာရချို့တဲ့ခြင်း ဖြစ်ပါတယ်။ သခွားသီးပင်တွေဟာ အာဟာရစားသုံးမှုများတဲ့ အပင်တွေဖြစ်ကြပြီး အော်ဂဲနစ်ဓာတ်ကြွယ်ဝတဲ့ မြေဆီလွှာမှာ စိုက်ပျိုးထားမယ်ဆိုရင် ဖိစီးမှုဒဏ်နည်းပြီး အရသာပိုကောင်းတဲ့ သခွားသီးတွေကို ကာလကြာရှည် ထုတ်လုပ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ အပင်စတင်ကြီးထွားချိန်မှာ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝတဲ့ မြေသြဇာကို သုံးနိုင်ပေမဲ့ အပွင့်ပွင့်ပြီး အသီးစတင်သီးချိန်မှာတော့ ပိုတက်စီယမ် (Potassium) ဓာတ် ပိုမိုပါဝင်တဲ့ မြေသြဇာတွေကို ပြောင်းလဲကျွေးပေးသင့်ပါတယ်။ အာဟာရဓာတ် မျှတမှုမရှိခြင်းကလည်း အပင်ကိုဖိစီးမှုဖြစ်စေနိုင်ပြီး အသီးတွေကို ခါးစေနိုင်ပါတယ်။ စိုက်ပျိုးထားတဲ့ မြေဆီလွှာဟာ အာဟာရပါဝင်မှုနည်းနေတယ်ဆိုရင် သခွားပင်တွေကို ၄ - ၆ ပတ်လျှင် ၁ ကြိမ် အာဟာရပါဝင်မှု မျှတတဲ့မြေသြဇာတွေကို ကျွေးပေးသင့်ပါတယ်။ အပင်သက်တမ်းတစ်လျှောက် အာဟာရမပြတ်စေဖို့အတွက် အပင်ခြေကို မြေဆွေး (Compost) ဒါမှမဟုတ် နွားချေးဆွေး အနည်းငယ်စီ ပုံမှန်ဖြည့်ပေးခြင်း (Side-dressing) က အပင်ကို အာဟာရဖိစီးမှုဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ 

(၃) စိုက်ပျိုးမှုစနစ်နှင့် အာဟာရယှဉ်ပြိုင်မှု   

အထက်မှာ ဖော်ပြခဲ့သလိုပဲ သခွားပင်တွေဟာ အာဟာရစားသုံးမှုများတဲ့ အပင်တွေဖြစ်တဲ့အတွက် အခြားသော သီးနှံပင်တွေနဲ့ ဖြစ်စေ ပေါင်းမြက်တွေနဲ့ဖြစ်စေ ရေနဲ့ အာဟာရအတွက် ယှဉ်ပြိုင်ရတာမျိုးကို လုံးဝမကြိုက်နှစ်သက်တဲ့ အပင်တွေ ဖြစ်ပါတယ်။ သခွားပင်ရဲ့ အနီးအနားမှာ အာလူး နဲ့ မွှေးရနံ့ပြင်းတဲ့ ဆေးဖက်ဝင်အပင် အချို့ကိုတော့ တွဲဖက်မစိုက်ပျိုးသင့်ပါဘူး။ ဒီအပင်တွေဟာ သခွားပင်ရဲ့ ကြီးထွားမှုကို နှေးကွေးစေနိုင်သလို အာဟာရယှဉ်ပြိုင်မှု ပိုများစေနိုင်လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သခွားပင်ရဲ့အနီးအနားမှာ မုန်လာဥ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ဆလပ်နဲ့ ထပ်တရာပန်း ကဲ့သို့သော သင့်တော်တဲ့ အဖော်ပင်တွေကို ရွေးချယ်စိုက်ပျိုးသင့်သလို ပေါင်းမြက်တွေကို ကင်းစင်အောင်လည်း ပြုလုပ်ထားသင့်ပါတယ်။ အပင်စိုက်ပျိုးတဲ့အခါမှာလည်း ပင်ကြား ၁ ပေ တန်းကြား ၁၈ - ၂၄ လက်မ ခြားပြီးစိုက်ပျိုးသင့်ပါတယ်။ စိုက်ခင်း မြေနေရာအပေါ် မူတည်ပြီး ပင်ကြားတန်းကြား အကွာအဝေး ကွာခြားမှုရှိနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ပင်ကြားတန်းကြားအတိုင်း ခွာပြီးစိုက်ပျိုးခြင်းဟာ အာဟာရယှဉ်ပြိုင်မှုကို လျှော့ချပေးရုံသာမက အပင်တွေကြား လေဝင်လေထွက်ကို ကောင်းမွန်စေပြီး ပိုး၊ ရောဂါကျရောက်မှုများကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် အပင်တိုင်းက နေရောင်ခြည်ကို အညီအမျှ ရရှိမှာလည်းဖြစ်ပါတယ်။ အပင်ကြီးထွားဖို့အတွက် နေရာအလုံအလောက်ရှိပြီး သင့်တော်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်မယ်ဆိုပါက သခွားသီးတွေ ခါးသက်တဲ့အခြေအနေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 

(၄) နေရောင်အလုံအလောက် မရရှိခြင်း 

ပစိဖိတ်အနောက်မြောက်ပိုင်းကဲ့သို့ တိမ်ဖုံးလွှမ်းမှုများပြီး နေရောင်ခြည်ရရှိမှုနည်းသော ဒေသများမှာဆို‌ရင် သခွားသီးတွေဟာ ပုံမှန်လိုပဲ ခါးနေတတ်ကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာသီဥတုအခြေအနေကို စိတ်ကြိုက်မထိန်းချုပ်နိုင်ပေမဲ့လည်း မိမိတို့စိုက်ခင်းအတွင်း နေရောင်ခြည်အကောင်းဆုံးရရှိမဲ့ နေရာကို ရွေးချယ်ပြီးတော့ စိုက်ပျိုးနိုင်ပါတယ်။ သခွားပင်တွေဟာ တစ်နေ့လျှင် အနည်းဆုံး နေရောင်ခြည် (၆) နာရီမှ (၈) နာရီအထိ အပြည့်အဝရရှိဖို့ လိုအပ်ပါတယ်။ နေရောင်ခြည် လုံလောက်စွာရရှိမှသာ အသီးတွေရဲ့ အရသာကို ချိုမြိန်စေမယ့် အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်ကို အပင်က ကောင်းစွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလွန်အမင်း ပူပြင်းတဲ့ဒေသမဟုတ်ပါက သခွားပင်များကို အရိပ်ကျရောက်စေနိုင်တဲ့ အပင်ကြီးများရဲ့အနီးမှာ စိုက်ပျိုးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ သို့သော် အပြန်အလှန်အားဖြင့် ရာသီဥတု အလွန်ပူပြင်းတဲ့ ဒေသများမှာတော့ အရိပ်အနည်းငယ်ရရှိသောနေရာမှာ စိုက်ပျိုးထားခြင်းဖြင့် အပူရှိန်ကြောင့်ဖြစ်တတ်သော အပင်ဖိစီးမှုဒဏ်များကို လျှော့ချပေးနိုင်ပြီး သခွားသီးများ ခါးခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်