စပါး ရိတ်သိမ်းချိန်လွန် နည်းပညာ

19/02/2020 13:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ရိတ်သိမ်းချိန်လွန် နည်းပညာဆိုတာ ဘာလဲ?

ရိတ်သိမ်းချိန်လွန်ဆိုသော ဖြစ်စဥ်သည် သီးနှံတစ်ခုကို စတင်ရိတ်သိမ်းချိန်မှ စ၍ နောက်ဆုံး စားသုံးသူ၏ လက်ဝယ်သို့ရောက်ရှိသည် အထိ အကျုံးဝင်ပါသည်။ ရိတ်သိမ်းချိန်လွန်ဖြစ်စဥ်၏ အဆင့်များတွင် သီးနှံကို ရိတ်သိမ်းခြင်း၊ ကိုင်တွယ်ခြင်း၊ ခြွေလှေ့ခြင်း၊ သန့်စင်ခြင်း၊ အဆင့်ခွဲခြားခြင်း၊ နေလှန်း အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပိုး ရောဂါ ကာကွယ်ခြင်း၊ အရည်အသွေး ထိန်းချုပ်ခြင်း၊ စံသတ်မှတ်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်ပိုးခြင်း၊ ရောင်းချခြင်း စသည်ဖြင့် အဆင့်များစွာ ပါဝင်ပါသည်။ ရိတ်သိမ်းချိန်လွန်နည်းပညာဆိုသည်မှာ အထက်တွင် ဖော်ပြခဲ့သော အဆင့်များတွင် သီးနှံ၏ အရည်အသွေးနှင့်အရေအတွက် (ပမာဏ) ဆုံးရှုံးမှုများကို လျော့နည်းအောင် စီမံ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ရိတ်သိမ်းချိန်လွန်ကာလ ဆုံးရှုံးမှု

မြန်မာနိုင်ငံကဲ့သို့ ဖွံဖြိုးဆဲနိုင်ငံများတွင် စိုက်ပျိုးရေးကဏ္ဍ၏ ရိတ်သိမ်းချိန်နောက်ပိုင်း၌ ဆုံးရှုံးမှုများမှာ သစ်သီးများ အနေဖြင့် ၂၅ %၊ ဟင်းသီး ဟင်းရွက် များအနေဖြင့် ၄၀ %၊ ဆန်စပါး အနေဖြင့် ၁၅ မှ ၂၀ ဆုံးရှုံးလျက်ရှိကြပါသည်။

ရိတ်သိမ်းခြင်း

စပါးရိတ်သိမ်းရန် အသင့်တော်ဆုံး အခြေအနေမှာ ၁ နှံပါ စပါးစေ့ ၈၀ ၈၅ ရင့်မှည့်ချိန် (သို့မဟုတ်မောင်းညိုချိန်တွင် ရိတ်သိမ်း ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပန်းပွင့်ပြီး (သို့မဟုတ်အနှံထွက်ပြီး ရက် ၃၀ အကြာ၊ စပါးစေ့များ နို့ရည်ခဲချိန်၊ စပါးစေ့ အားလုံး ကောက်ရိုးရောင် ပြောင်းချိန် စသည့်အချိန်များတွင် ရိတ်သိမ်းနိုင်ပါသည်။ စပါး ရိတ်သိမ်းမည့်အချိန်တွင် စိုက်ခင်း ခြောက်သွေ့နေစေရန် လိုအပ်ပြီး မရိတ်သိမ်းခင် ၇ ရက်မှ ၁၀ ရက်အလိုတွင် ကြိုတင်ပြီး ရေထုတ်ထားရန် လိုအပ်ပါသည်။ ရိတ်သိမ်းချိန် နောက်ကျပါက စပါးစေ့များ ကြွေကျခြင်း၊ အပင်ယိုင်လဲခြင်း၊ ကြိတ်ခွဲရာတွင် အကျိုးအကြေများခြင်း၊ ကြွက် ငှက်များ ဖျက်ဆီးနိုင်ခြင်း စသည်တို့ ကြုံတွေ့နိုင်ပါသည်။ ရိတ်သိမ်းချိန် စောပါက အစေ့အဆန် မအောင်ဘဲ အဖျင်းများခြင်း၊ ကြိတ်ခွဲရာတွင် ဆန်ကွဲနှင့် အကျိုးအကြေများခြင်း၊ သိုလှောင်ရာတွင် ပိုးရောဂါများ ကျရောက်နိုင်ခြင်း စသည်တို့ ကြုံတွေ့နိုင်ပါသည်။ ရိတ်သိမ်းပြီးနောက်ပိုင်း စပါးနှံများကို ကွင်းထဲတွင် အချိန်ကြာမြင့်စွာ စုပုံထားပါက စပါးစေ့၏ အစိုဓာတ်များ မြင့်လာပြီး အပူထုတ်လွှတ်ကာ အချဥ်ပေါက်ပြီး အနံ့ဆိုးများ ထွက်လာနိုင်ပါသည်။

သယ်ယူပို့ဆောင်ခြင်း

ရိတ်သိမ်းပြီး နောက်ပိုင်း သယ်ယူပို့ဆောင်ရာတွင် စပါးစေ့များ ကြွေကျမှုကို နည်းအောင် စီမံဆောင်ရွက်ရမည် ဖြစ်ပါသည်။ ရိတ်သိမ်းပြီးသည်နှင့် ခြွေမည့်နေရာကို အမြန်ဆုံး သယ်ယူရမည် ဖြစ်ပါသည်။ သယ်ယူပြီး နောက်ပိုင်းတွင် စပါးနှံများ ပုံမည့်နေရာ၌ သန့်ရှင်းရေး ပြုလုပ်ရမည်ဖြစ်သလို ပုံသော နေရာသည် အစိုဓာတ် မရှိစေရန် လိုအပ်ပါသည်။

ခြွေလှေ့ခြင်း၊ သန့်စင်ခြင်း

စပါးရိတ်သိမ်းပြီးနောက်ပိုင်း အမြန်ဆုံးခြွေလှေ့နိုင်ပါက လေလွင့် ဆုံးရှုံးမှုနည်းမည် ဖြစ်ပါသည်။ တိရိစ္ဆာန်များဖြင့် ခြွေလှေ့ခြင်း၊ ရှေးမိရိုးဖလာနည်းဖြင့် ခြွေလှေ့ခြင်းတို့မှာ ဆုံးရှုံးလေလွင့်မှုများ ပါသည်။ ယနေ့ခေတ်တွင် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုနေကြပြီ ဖြစ်သောကြောင့်လေလွင့်ဆုံးရှုံးမှုများ လျော့ချလာနိုင်ပါသည်။ ခြွေလှေ့ရာတွင် စပါးစေ့များ လွင့်စင်ခြင်း မရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခြွေလှေ့ သန့်စင်ရာတွင် ကောက်ရိုး၊ စပါးခွံ၊ ဖုံ၊ သဲ၊ ခဲများ မပါအောင်ပြုလုပ်ရမည် ဖြစ်ပါသည်။

နေလှန်း အခြောက်ခံခြင်း

ခြွေလှေ့ပြီးသော စပါးများကို နေလှန်းအခြောက်ခံရာတွင် လေဝင်လေထွက် ကောင်းစေရန် အတွက် စပါးပုံ၏ အမြင့်ကို အများဆုံး ၂ လက်မခန့် အထူသာ ထားပြီး ဖြန့်ထားရမည်ဖြစ်ပါသည်။ စပါးပုံအား နာရီဝက်တစ်ခါ အထက် အောက် လှန်ပေးရမည်ဖြစ်သလို ညပိုင်းတွင် မိုးကာစများဖြင့် အုပ်ပေးထားရန် လိုအပ်ပါသည်။ စပါးတွင် အစိုဓာတ်များပါက မှိုများပေါက်ပွားနိုင်ပြီး အရည်အသွေးကျနိုင်ပါသည်။ စပါးကို အပူချိန် မြင့်မားလွန်းသော နေရာတွင် အချိန်ကြာမြင့်စွာ နေလှန်းပါက စပါးစေ့များ အက်ကွဲပြီး ကြိတ်ခွဲရာတွင် ကျိုးကြေနိုင်ပါသည်။

မျိုးစေ့အတွင်း အစိုဓာတ်ပါဝင်မှုအရ ဖြစ်နိုင်မှုများ

အစိုဓာတ် ၄၅ ၆၅ % > အပင်ပေါက်နိုင်

အစိုဓာတ် ၁၈ ၂၀ % > အပူဓာတ်များ ထွက်ပြီး ပျက်စီးနိုင်

အစိုဓာတ် ၁၂ ၁၄ % > မျိုးအဖြစ်သိုလှောင်နိုင်၊ မှိုများ ပေါက်ဖွားနိုင်

အစိုဓာတ် ၈ ၉ % > ကြာရှည်စွာ သိုလှောင်နိုင်

အစိုဓာတ် ၄ ၈ % > လေလုံ စနစ်ဖြင့် သိုလှောင်နိုင်

သိုလှောင်ခြင်း

စပါးသိုလှောင်ရာ တွင် အစိုဓာတ် မှန်ကန်မှု ရှိရမည်ဖြစ်ပါသည်။ သိုလှောင်မည့် အဆောက်အအုံသည် လေဝင်လေထွက် ကောင်းရမည်ဖြစ်ပြီး သိုလှောင်မည့် သီးနှံများအား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိစေရန်အတွက် ကြိုတင် ဆောင်ရွက်ထားရမည် ဖြစ်ပါသည်။ သိုလှောင်ရာတွင် ကြွက်၊ ငှက်နှင့် သိုလှောင်သီးနှံ အဖျက်ပိုးများ မကျရောက်အောင် ဂရုပြုရမည်ဖြစ်ပါသည်။ သိုလှောင်မည့် စပါးအိတ်များကို ကြမ်းခင်း (သို့မဟုတ်တမံသလင်း ပေါ်တွင် တိုက်ရိုက်မချဘဲ ပျဥ်ခုံပေါ်တွင် တစ်လှည့်စီ ထပ်ကာ သိုလှောင်ရမည် ဖြစ်ပါသည်။ သိုလှောင်မည့် စပါးအိတ်များသည် သိုလှောင်ရုံ နံရံနှင့် ၁ ပေခွဲ၊ ခေါင်မိုးနှင့် ၃ ပေခွဲ၊ စပါးအိတ် တင်ထားသည့် ပျဥ်ခုံသည် သိုလှောင်ရုံထဲရှိ လူသွားလမ်းနှင့် ၃ ပေခြားထားရမည် ဖြစ်ပါသည်။ စပါးအိတ်များ သယ်ယူပို့ဆောင်ရာတွင်လည်း သိုလှောင်ရုံကို အချိန်ကြာမြင့်စွာ ဖွင့်ထားခြင်းမျိုး မပြုလုပ်ဘဲ မြန်မြန် အသွင်းအထုတ် လုပ်ရမည် ဖြစ်ပါသည်။ သိုလှောင်ရာတွင် စပါးအနေဖြင့် သိုလှောင်ပါက အစိုဓာတ် ၁၄ အထိ ထားရန်လိုအပ်ပြီး ဆန် အနေဖြင့် သိုလှောင်မည် ဆိုပါက အစိုဓာတ် ၁၂ မှ ၁၃ အထိ ထားရန် လိုအပ်ပါသည်။ အရေးကြီး အချက် တစ်ချက် အနေဖြင့် စပါးသိုလှောင်ရာတွင် အစိုဓာတ် ၁ နှင့် အပူချိန် ၅ % တိုးလာတိုင်း သီးနှံ၏ သက်တမ်းတစ်ဝက် လျော့ကျခြင်း ဖြစ်နိုင်ပါသည်။

ကြိတ်ခွဲခြင်း

ကြိတ်ခွဲခြင်းသည် စပါးကို ဆန်ဖြူရရှိအောင် ဆန်ကွဲနှင့် ဖွဲများကို ဖယ်ရှားပြစ်ခြင်း ဖြစ်သည်။ ကြိတ်ခွဲသည့် အချိန်တွင် စပါး၏ အစိုဓာတ်သည် ၁၄ ရှိရမည် ဖြစ်ပါသည်။ စပါးကြိတ်ခွဲသည့် စက်သည်လည်း သန့်ရှင်းမှုရှိရန် လိုအပ်ပါသည်။ စပါးကြိတ်ခွဲရာတွင် အကြမ်းအားဖြင့် စပါးခွံ ၂၀ %၊ ဖွဲ ၁၁ နှင့် ဆန် ၆၉ ရရှိပါသည်။ ကြိတ်ခွဲမှု အဆင့်သည် ဈေးကွက် တင်ပို့ရန် အတွက် အရေးကြီးဆုံး အဆင့် ဖြစ်သောကြောင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါသည်။

အဆင့်နှင့် အမျိုးအစား ခွဲခြားခြင်း

ကြိတ်ခွဲပြီးသော ဆန်များကို ဈေးကွက်အတွင်း ဈေးကောင်းရရှိရန် အတွက် အရည်အသွေး စိစစ်ခြင်းနှင့် အဆင့်ခွဲခြား သတ်မှတ်ခြင်းများ ပြုလုပ်ရမည် ဖြစ်ပါသည်။ ဆန်ကွဲပါဝင်မှု၊ ဖုန်၊ သဲ၊ ခဲ စသည်တို့အပြင် ဆန်စေ့များ၏ တောက်ပကြည်လင်မှု၊ အကျိုးအကြေ၊ အရွယ်အစား စသည်တို့ကို ခွဲခြားရမည် ဖြစ်ပါသည်။

ထုပ်ပိုးခြင်း၊အညွှန်းတပ်ခြင်းနှင့် ဈေးကွက်တင်ပို့ခြင်း

အရည်အသွေး ပြည့်မှီသော ဆန်များကို ဈေးကွက်အတွင်း ပို့ဆောင်ရမည့် နောက်ဆုံးအဆင့်ဖြစ်သောကြောင့် အရေးကြီးသော အဆင့်ဖြစ်ပါသည်။ ဈေးကွက်တွင်းသို့ မိမိရောင်းချ လိုက်သော ဆန်ကို စားသုံးသူများ သတိထားမိစေရန်၊ စားသုံးသူများ စိတ်ဝင်စားလာရန် အတွက် ထုပ်ပိုးခြင်းနှင့် အညွှန်းတပ်ခြင်းများကို စနစ်တကျ ပြုလုပ်သင့်ပါသည်။ မိမိရောင်းချမည့် သီးနှံ၏ အမှတ်တံဆိပ်၊ သီးနှံနှင့် ပတ်သတ်သော အချက်အလက်များ၊ ထုပ်ပိုးမည့် ဒီဇိုင်းနှင့် အရောင် စသည်တို့ကို ထည့်သွင်းစဥ်းစား ထားရမည်ဖြစ်ပါသည်။

ဇင်ထူးနိုင်

ကိုးကားချက်

- Principle of Post-harvest Handling and Post-harvest technology of Field Crops

Handbook (Yezin Agricultural University)

- http://www.agritech.tnau.ac.in/expert_system/paddy/phtc.html

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်